>Mar Mar Aye – 317

>

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၃၁၇)

မြန်မာ့အသံမှာ ဆိုခဲ့ကြတဲ့ တို့ပြည်ထောင်စုသား
မာမာအေး
ဧပြီ ၂၅၊ ၂၀၁၀

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်၊ မာအေးချစ်တဲ့ သောတရှင်တွေ၊ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – – ရှေ့က ကြာသပတေးနေ့မှာလေ တို့ပြည်ထောင်စုသား သီချင်း သွင်းကြတုန်းက သတိရနေစရာတွေ ပြောဖို့ တာစူတာပဲ ရှိသေးတယ်လို့ ပြောမယ် ထင်တယ်။ သီချင်းက စရုံပဲ ရှိသေးတာမို့လို့ပေါ့ရှင်။ စထွက်တဲ့ စာသား အတိုလေးကြောင်းကို ကြားလိုက်တယ် မဟုတ်လား။ အဲဒီ စာသားလေးတွေဟာ ဖားအံ ပြည်ထောင်စုနေ့ရဲ့ ဆောင်ပုဒ် စာတမ်းလေးက အကိုလှထွတ် ယူပြီး ရေးထည့်ခဲ့တာပါ။ ကျန်တဲ့အချက်အလက်တွေကိုတော့ ၁၉၄၇ ခုနှစ်က ပြဋ္ဌာန်းတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ စာအုပ် အနီလေး ဖတ်လိုက် ရေးလိုက် စန္ဒရားခလုပ်တွေကို စမ်းတီးကြည့်လိုက်၊ နုတ်ရေးလိုက်နဲ့ နှစ်ရက် သုံးရက် ဆက်တိုက် ရေးပြီးမှ ပြီးစီးခဲ့တဲ့ သီချင်း ဖြစ်ပါတယ်။

မာအေးက ဒီသီချင်းတွေကို ဘယ်လို ရေးတယ် ဘယ်မှာရေးတယ် ဆိုတာတွေ ပြောပြနိုင်တာ မာအေးတို့ချင်း ဘယ်လို ခင်ကြရင်းကြတယ် ဆိုတဲ့အပေါ်မှာလည်း တည်တာပေါ့ရှင်။ မာအေး အသံလွှင့်လုပ်ငန်းထဲ ရောက်တဲ့ အခါမှာ ဂီတလောကထဲက BBS မှာ သီချင်းရေးတဲ့ ဂီတစာဆို စန္ဒရား အောင်ခင် ရှိတယ်။ သူက မြန်မာပိုင်း အစီအစဉ်မှူးပါ။ “ဇာတ်လမ်းပမာ နားဆင်စရာ” ကဏ္ဍရဲ့ ဆရာကြီးပေါ့။ လူငယ်ကဏ္ဍ စီစဉ်ရတဲ့ ဦးငြိမ်းမောင်ကလည်း အဆိုတော် တက္ကသိုလ်ရဲ့ ဟာသသီချင်းတွေ၊ ရုပ်ရှင်မင်းသမီး မေသစ်ရဲ့ သွားတော့ဥသြ သီချင်းတွေ၊ ကမ္ဗောဇမေသင်းရီရဲ့ သီချင်းတွေ ရေးတဲ့ ဂီတစာဆိုပါပဲ။ ‘ပုံပမာ’တို့ ‘ပြန်ချင်ပြီ’တို့ ရေးတဲ့ တယောကိုပါ ခေါ်တဲ့ ဂီစာဆိုတဦးလည်း ငွေစာရင်းဌာနမှာ ရှိပါတယ်။ အဆိုတော် တင်တင်မြကတော့ အစီအစဉ် ကြေညာသူအဖြစ် တွေ့ရပါတယ်။ ကိုယ်တာဝန်ကျတဲ့ ဒုတိယ မြန်မာပိုင်းမှာတော့ ဂီတစာဆို ဂီတာ တင်အုန်းနဲ့ နှမ တော်တဲ့ အဆိုတော် ခင်သိန်းဆွေ၊ အဆိုတော်ကြီး မေလှမြိုင်နဲ့ ပြဇာတ်မင်းသမီး စန်းစန်းဝေတို့ ရှိကြပါတယ်။ ဓာတ်ပြားတိုက်မှူး – ဦးမောင်မောင်ရင်နဲ့ ကိုစံလွင် ညီအစ်ကိုဟာလည်း အဆိုတော်တွေပါ။ ပြဇာတ်လည်း ကခဲ့ကြဖူးပါသတဲ့ရှင်။ နောက် … BBS ရောက်မှ ဆိုကြတဲ့ ကိုသစ္စာ၊ ကိုမှိုင်း (ခေါ်) ကိုဝင်းဇော်တို့ ကိုတင်အောင်လေး တို့လည်း ရှိကြပါတယ်ရှင်။

မာအေးတို့ ဒုတိယ မြန်မာပိုင်း အစီအစဉ်မှာ တော်လှန်ရေး ကောင်စီခေတ် မတိုင်ခင်က ကြော်ငြာ အစီအစဉ် ဆိုတာ အသံလွှင့်ခဲ့ဖူးပါတယ်၊ “ဆံ ဆံ ဆံ မြစ်ဝကျွန်းပေါ်ဆံ” လို့ ဆိုရတဲ့ ဆံကြော်ငြာ၊ “ကော်ဖီ – ကော်ဖီ – ကော်ဖီ တို့ရွှေခြင်္သေ့ ကော်ဖီ” လို့ ဆိုခဲ့ရတဲ့ ကြော်ငြာသီချင်းတွေ မာအေး ဆိုခဲ့ပါတယ်၊ ဖလ်ခွက်ကြီးပါ မြိုချချင်တယ် ဆိုတဲ့ ကြော်ငြာတွေလည်း ချစ်ဆွေတို့ ကြားဖူးခဲ့မှာပါလေ။ အဲဒီလိုသီချင်းကို အသံသွင်းပေးဖို့ အသံလွှင့် ဌာနက တာဝန်ယူ ရတာကြောင့်မို့ အတီးအမှုတ် တူရိယာပညာရှင်တွေ ယာယီ ခန့်ထားလာတော့ အဆင်ပြေခဲ့တာပေါ့ရှင်။ အာဏာ သိမ်းပြီးနောက် ဌာနတူချင်း ပေါင်းရပြောင်းရတဲ့အခါ – ဒုတိယမြန်မာပိုင်း အစီအစဉ်ဟာ ပြန်ကြားရေးနဲ့ အသံလွှင့်ဦးစီး ဌာနနဲ့ ပေါင်းခဲ့ရပါတယ်။

အဲဒီအချိန်မှာ ဂီတဆိုတာ ဘာတလုံးမှ မသိရှာပါဘဲ၊ ဂီတသံကြားရရာမင်္ဂလာ၊ ရွှင်စရာသာ ခံစားတတ်တဲ့ ဗိုလ်ကြီးတယောက် အထူးအရာရှိအဖြစ် ရောက်လာခဲ့ပါရောရှင်။ သူဟာ မင်းသားဝင်းဦးကို အသေကြိုက်လို့ မျက်နှာပေါက်ကို မပြုံးတပြုံး အမြဲထားတတ်ပါတယ်။ မာအေးသီချင်းကြိုက်တဲ့ စစ်သားပရိသတ်မှာ သူလည်း ပါသတဲ့။ ဒါကြောင့်မို့ ရောက်တာနဲ့ တရင်းတနှီး မောင်ကြီးနှမလို ဆက်ဆံခဲ့ကြတယ်။ ဒီတော့လည်း ကိုယ့်ဌာနရဲ့ အကျိုး ဂီတလောကရဲ့ အကျိုးတွေ ရစေနိုင်တဲ့၊ ဖြစ်လာစေမယ့် အကြံဉာဏ်တွေ ပေးခွင့် ရတာပေါ့ရှင်။ ဒီတွန်းအားကြောင့် အမှန်အကန် အချိန်တန်တော့ မြန်မာ့အသံမှာ ဂီတဌာနစိတ် ဆိုတဲ့ခေါင်းစဉ်နဲ့ တီးဝိုင်းတခု ပေါ်လာတယ်။ အဆိုတော် မြကြီးနဲ့ စန္ဒရားလှထွတ်တို့လည်း ရောက်လာကြပါတယ်။ ဒီအတွက် မေတ္တာ ပို့ဖို့ ဗိုလ်ကြီးတယောက် တိုးလာတော့တာပေါ့ရှင်။ အကိုမြကြီးက ရုပ်ရှင်ဘက်မှာ မအောင်မြင်လို့ ကူညီလိုတာပါ။ အကိုလှထွတ်ကတော့ ဌာနအတွက် တီးပေးနိုင်တယ်၊ ရေးနိုင်တယ်၊ ဂီတသမားတွေ အုပ်ချုပ်ဖို့ သြဇာရှိနိုင်တယ်လေ။ ကိုယ့်အတွက်ကျတော့ ဆရာတူတပည့် ဖြစ်လို့ “သူကဘယ်လို အတီးပျိုးရင် – ကိုယ်က ဘယ်အနားမှာ အဆို ဝင်ရမယ် ဆိုတာမျိုး” အထာ ပေါက်ပြီးသား မို့လို့ ဆိုအား တက်စရာတခုတော့ ဖြစ်တာပေါ့ရှင်။ အများအားဖြင့် အသံလှလှ ချိုမြမြကိုသာ ရွေးချင်တတ်သူ ဖြစ်ပါတယ်။

အခုပြောနေတဲ့ “တို့ပြည်ထောင်စုသား” သီချင်းကို ရေးပြီးတဲ့အခါ – သူကိုယ်တိုင် ရွေးပြီး ဆိုခိုင်းခဲ့တဲ့ အဆိုတော်တွေကို ကြည့်ပါ။ မောင်မောင်ကြီး၊ သန်းဖေလေး နဲ့ မာမာအေး၊ အေဝမ်း တင်တင်လှလေ၊ အသံတွေ တညီတည်း ထွက်နိုင်အောင် အော်နိုင်တဲ့ ဗမာသံ အဆိုတော်လေးယောက်ပါ။ မောင်မောင်ကြီးဟာ သန်းဖေလေးရဲ့ အကိုဆရာ၊ မာမာအေးဟာ အေဝမ်းတင်တင်လှရဲ့ – မမဆရာ ဖြစ်တော့ ဆရာတပည့် နှစ်တွဲ ဆိုခဲ့တာလို့ ပြောရင်လည်း ဖြစ်ပါတယ်။ သံပြိုင်ပိုဒ်မှာ နားထောင်ရင်း အသံ တသံတည်းလို့ ထင်ရတယ် မို့လားရှင်။ အသံရဲ့ မူတည်သံ key ကလဲ C# ဖြစ်နေတော့ မာအေးတို့ လည်ချောင်းက အဆို့ရှင် “ရှခင်” ရောက်သည်အထိ မြှင့်ဆို ခိုးဆိုကြရတဲ့ သီချင်းပါပဲ။ တဦးချင်းဆိုရတဲ့ မာအေးနဲ့ ညီမလေး မတင်လှ အပိုဒ်မှာတော့ အနေတော်ပါရှင်။ လူမျိုးတိုင်းအတွက် အရေးကြီးတဲ့ ချက်အလက်တွေကို ဆွဲယူရွေးချယ် သုံးသပ် ရေးစပ်ခဲ့တာကို နားဆင်ကြည့်ပါဦး။

(အေး) ပြည်ထောင်စု အကျိုးတို့သည်ပိုး တို့ထမ်းဆောင်ကာလေ၊ ရှိအပ်သော အကျိုးစီးပွာ သီးပွင့်ရတနာများ တို့အတူတကွ မူအရ ခံစားရမယ်လေ x လာလာလေ လာကြလေ အများလုပ်၍ အများ ခံစားစနစ် တို့သက်ယုံကြည်ပေ လက်ခံထားလို့နေ x လာလာလေ လက်တွဲမဖြုတ်နဲ့ တို့ရဲ့ ညီအစ်မ အစ်ကိုတွေ (တို့တတွေ)၂ တို့တိုင်းရင်းသား ငါတို့တတွေxxx
(လှ) လူမျိုးအလိုက် ကိုယ့်စရိုက် ဓလေ့ထုံး ဘာသာ၊ စာပေ၊ စကား၊ သီးခြား ဆောင်ရွက်နိုင်ခွင့်ရှိသည်လေ x တို့လေးစားသည်လေ တို့လေးစားပါသည်လေ x တိုင်းပြည်ရဲ့ တည်တံ့ ခိုင်မြဲရေးနဲ့ စီးပွားရေး လူမှုရေး လုပ်ငန်းထွေထွေ တက်ညီလက်ညီ ဆောင်ရွက်ကြလို့ တာဝန်ကြေ၊ စည်းလုံးညီညွတ်ရေး ထိပါးခြင်းမှ တို့ရှောင်သွေ x (တို့တတွေ)၂ တို့တိုင်းရင်းသား ငါတို့တတွေ xxx

[ မူရင်း – ဘီဘီစီ အသံလွှင့်ဌာန၊ မြန်မာပိုင်း။ www.bbcburmese.com ]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts