အောင်သဇင် ● ငြိမ်းချမ်းရေးမြင်းကို တက်စီးခြင်း
ဗမာပြည်မှာ NLD အစိုးရသစ် တက်လာပြီဖြစ်လို့ နှစ် ၆၀ ကျော် ပြည်တွင်းစစ် ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးရဖို့ တာဝန်ဟာ သမရိုးကျအမြင်နဲ့ကြည့်ရင် NLD အစိုးရနဲ့ တကယ့်အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တာဝန် ဖြစ်လာပြီလို့ ထင်စရာပါဘဲ။ ဒီအတွက်လဲ ငြိမ်းချမ်းရေးမြင်းကိုတက်စီးဖို့ ဒေါက်တာတင်မျိုးဝင်းကို ရပ်သိရွာသိ အဓိက တာဝန်ပေးထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ လက်တွေ့အခြေအနေတချို့ကို လေ့လာကြည့်တော့ အခုလိုတွေ့ရပါ တယ်။
ဇွန် ၁၇ ရက်မှာ ဒေါက်တာတင်မျိုးဝင်းဟာ ဗမာပြည်ရဲ့ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ UWSA ဝ အဖွဲ့နဲ့ ပင်မ မဟာမိတ် မိုင်းလားအဖွဲ့တွေကို တွေ့ဆုံဆွေးနွေးဖို့ ကျိုင်းတုံကတဆင့် မိုင်းလားကို ခရီးထွက်ခဲ့ တယ်။ ဒီနေရာမှာ စကတည်းကယဉ်သကိုဖြစ်တာက အစိုးရဟောင်းလက်ထက် အောင်မင်း၊ အောင်သောင်း၊ သိန်းဇော်၊ အောင်သန်းထွဋ်တို့ အပစ်ရပ်စာချုပ်လက်မှတ်ထိုးရေးကိစ္စ၊ NCA လက်မှတ်ထိုးရေးကိစ္စတွေ လာစကား ပြော စည်းရုံးနားချတဲ့အခါတိုင်း ကျိုင်းတုံ သို့မဟုတ် လားရှိုးကနေ ရဟတ်ယာဉ်နဲ့ လာတာချည်းလိုလို ဖြစ်ပေမဲ့ အစိုးရ သစ်ရဲ့ ငြိမ်းချမ်းရေးခရီးစဉ်မှာတော့ ရဟတ်ယာဉ်မသုံးနိုင်ဘဲ ကားနဲ့ဘဲ လာရတာ ဖြစ်တယ်။ ဒါ့အပြင် ကျိုင်းတုံကနေ မိုင်းလား-အစိုးရနယ်ခြား ဝမ်တာပင်းအထိ ခရီးစဉ်မှာလဲ ဘာလုံခြုံရေးအစောင့်အရှောက်မှ ပါမလာခဲ့ပါဘူး။
ဒီခရီးစဉ်မတိုင်ခင် ဧပြီလကုန်ပိုင်းကတော့ တိုင်းရင်းသားရေးရာကော်မတီဝင် NLD လွှတ်တော်အမတ်၊ ဗိုလ်မှူး ချုပ်ဟောင်းစိုးဌေးဟာ ဒေသခံတာဝန်ခံအဆင့် NLD တယောက်ခေါ်ပြီး UWSA ဌာနချုပ် ပန်ဆန်းကို ကိုယ့်အစီအစဉ် နဲ့ကိုယ်သွားပြီး ဝ ခေါင်းဆောင်တွေရဲ့ အမြင်သဘောထားတွေကို တီးခေါက်ကြည့်ခဲ့တယ်။ တကယ်တော့ ဗမာ စစ်တပ်ကအရာရှိမှန်သမျှဟာ လက်ရှိတာဝန်ထမ်းဆောင်နေသူဖြစ်ဖြစ်၊ အငြိမ်းစားဖြစ်ဖြစ်၊ ကစထမှူး တိုင်းမှူး တပ်မမှူးအဆင့်ထိတာဝန်ယူခဲ့ဖူးသူဖြစ်ဖြစ် ဘယ်သူမဆို စီနီယာကတာဝန်မပေးဘဲ ကိုယ့်သဘောနဲ့ကိုယ် ဘာမှ ထိုးထွင်းရှေ့ဆောင် မလုပ်တတ်၊ အထက်အမိန့်မရဘဲ ဘာမှမလုပ်တတ် မကိုင်တတ်ဖြစ်တာ လူတိုင်းသိထာဝရ အမှန်တရား ဖြစ်တယ်။ အရင်အဖွဲ့အစည်းမဟုတ်တော့ဘဲ အဖွဲ့အစည်းသစ်ကို ရောက်သွားပေမဲ့ အရင်အဖွဲ့အစည်း တုံးက စီနီယာဖြစ်ခဲ့သူ၊ အဲ့ဒီစီနီယာကလဲ အခုအဖွဲ့အစည်းသစ်မှာ တရားမဝင်ဒုဥက္ကဌအဆင့်လိုလို အင်မတန်ပေါက် ရောက်နေသူလို့ နာမည်ကြီးတော့ အကျင့်ဟောင်းမပြင်နိုင် မဖျောက်နိုင်ဘဲ နာခံမိပေမဲ့ အစွယ်(မ)လိုသူမိဖုရား (မဟုတ်တဲ့ဘုရင်မကြီး)၊ အသွားစေခိုင်းသူဘုရင်(ရူး)နဲ့ လေးပစ်သူမုဆိုး(ပြုတ်) ၃ ဦး ၃ ဖလှယ်အနက်က ထုံးစံ အတိုင်း လေးပစ်သူဘဲ ငမိုက်သားဖြစ်ခဲ့ရတယ်။
ဒီလိုနဲ့ ငြိမ်းချမ်းရေးမြင်းကိုစီးဖို့ ခွဲစိတ်ဆရာဝန်ကို တာဝန်ပေးလိုက်တော့ အင်မတန်အရေးကြီးတဲ့ မိုင်းလားခရီးစဉ် ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ မိုင်းလားကပြန်သွားတဲ့အထိ တကယ်မြင်းတက်စီး ဇက်ကြိုးကိုင်နေတာ ဘယ်သူလဲ မရှင်း လင်းသေးပါဘူး။
အစည်းအဝေးမှာ ခင်ဇော်ဦးက ထိုင်းကတောင်းဆိုထားတဲ့ ဝ တောင်ပိုင်းကစခန်း ရုပ်ပေးဖို့ပြောတယ်။ ဒီတော့ ဝ ခေါင်းဆောင် ကျောက်ကော်အန်းက “ထိုင်းက စခန်းဆုတ်ခိုင်းမှုဟာ ထိုင်းနယ်နိမိတ်ထဲကစခန်းမဟုတ်၊ ဗမာပြည်နယ် နိမိတ်ထဲက စခန်းဖြစ်လို့ ဗမာပြည်အချုပ်အခြာအာဏာနဲ့ဆိုင်တယ်၊ ဒါကြောင့် အချုပ်အခြာအာဏာ စွန့်လွှတ်သူ အဖြစ် သမိုင်းတရားခံ အဖြစ်မခံနိုင်ဘူး၊ မဆုတ်နိုင်ဘူး” လို့ ပြတ်ပြတ်ပြောလိုက်လို့ ခင်ဇော်ဦးငြိမ်သွားတယ်။ ၂၁ ရာစု ပင်လုံညီလာခံတို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတို့တက်ဖို့ ဒေါက်တာတင်မျိုးဝင်းတို့တွေကပြောတော့ ဝ နဲ့ မိုင်းလားက တက်မယ် မတက်ဘူး ဘာမှမပြောဘဲနေခဲ့တယ်။
ဝ နဲ့ မိုင်းလားက AA TNLA MNDAA ၃ ဖွဲ့နဲ့တွေ့ဖို့ အကြံပေးလို့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က နေပြည်တော် (ဒေါ်စုနဲ့မင်းအောင်လှိုင်ကို) ပြန်မေးပြီး နောက်တနေ့မှာ အလွတ်သဘော နာရီဝက်လောက်တွေ့ခဲ့ကြတယ်။ တိုင်းရင်း သားဘက်က TNLA ဥက္ကဌ၊ AA ဒုဦးစီးချုပ်၊ MNDAA အထွေထွေအတွင်းရေးမှူး၊ ဝ ခေါင်းဆောင် ကျောက်ကော်အန်း၊ အထူး(၄)ခေါင်းဆောင် စိုင်းလင်းတို့ပါပြီး အစိုးရဘက်က ဒေါက်တာတင်မျိုးဝင်း၊ ဒုဗိုလ်ချုပ်ကြီးဟောင်းခင်ဇော်ဦး နဲ့ ဗိုလ်ချုပ်ဟောင်းသိန်းဇော်တို့ဘဲပါတယ်။ ဝ က လှမောင်ရွှေ၊ မင်းဇော်ဦးစတဲ့ MPC စာရေးတွေ ပါတာလက်မခံဘူး ပြောထားလို့ ဒီခရီးစဉ်မှာ MPC တယောက်မှ မလိုက်ခဲ့ရပါ။ NLD ကိုယ်စားလှယ်အဖြစ်ပါလာတဲ့ မိုးဇော်ဦးကိုတောင် မင်းဇော်ဦးနဲ့မှားပြီး လက်မခံဘူးလုပ်နေလို့ အတော်ရှင်းလိုက်ရပါသေးတယ်။
ဒီဆွေးနွေးပွဲတွေမှာ ကျောက်ကော်အန်း ပြောတာ အဓိက ၃ ချက်ရှိတယ်။-
(၁) ဝ တောင်သမိုင်းကြောင်းကို ဒေါက်တာတင်မျိုးဝင်းနဲ့ ခင်ဇော်ဦးသိအောင် ရှင်းပြတယ်၊ ဗိုလ်သိန်းဇော်ကတော့ စီနီယာပိုကျတော့ သိနိုင်လောက်တယ်။ ထိုင်းနယ်စပ် မိုင်းတုံ-မိုင်းဆတ်-ပုံပါကျင်-မိုင်းယွန်း ဒေသကို ဗမာစစ်တပ်က သွားခိုင်းလို့ ဝ တပ်သွားရတာ၊ ဒီထက်ရှင်းရှင်းပြောရရင် စစ်ကူတောင်းလို့ စစ်ကူသွားပေးရတာ ဖြစ်တယ်။ စစ်ကူ ပေးပြီးတော့ ယွက်စစ်တပ် ပြန်ခြေမချနိုင်အောင် ဝ အရပ်သားတွေပါ ပြောင်းလာစေချင်တယ်လို့ အဲ့ဒီတုံးက တပ်ချုပ် ကြီးသန်းရွှေကပြောခဲ့ပြီး အဲ့ဒီအစီအစဉ်ကို တရုတ်ကလဲ ထောက်ခံခဲ့တယ်။ (တရုတ်နယ်စပ်နားက ဘိန်းစိုက်သမား ၈ သောင်းလောက်လျော့သွားလဲ မနည်းဘူးဆိုတဲ့ စိတ်ထားနဲ့ တရုတ်ကထောက်ခံတာဖြစ်နိုင်)။ ဒီလို ဝ အရပ်သား ၈ သောင်းမိသားစုလိုက်ရွှေ့ဖို့ကားတွေကို နဝတ-နအဖ အစိုးရကစီစဉ်ရွှေ့ပြောင်းပေးခဲ့တာဖြစ်တယ်။
(၂) ဗမာစစ်တပ်က ယွက်စစ်နဲ့ ရှမ်းပြည်မှာ ၁၅ နှစ်လောက်တိုက်ခဲ့တာ ကိုးကန့်နဲ့တိုက်ခဲ့တာထက် ၁၀ ဆ-၁၅ ဆ ပိုကျခဲ့တယ်။ မိုင်းကျွတ်၊ ဟိုယွတ်တို့ကို ယွက်စစ်တပ်က အကြာကြီးသိမ်းထားနိုင်ခဲ့တယ်။ ဒါကို UWSA က ကူတိုက် ပေးပြီး ပြန်သိမ်းခဲ့ရတာဖြစ်တယ်။ ယွက်စစ်ဟာ နယ်စပ်မှာ ထိုင်းစစ်တပ်အကူအညီနဲ့ ဝင်တိုက်ပြီး တိုင်းပြည်အချုပ် အခြာအာဏာကိုတောင် ထိပါးခဲ့တယ်။ တိုင်းပြည်ကခွဲထွက်မယ်လို့လဲ ဗြောင်ကြေညာဖူးတယ်။
အဲလိုလူမျိုးကိုတောင် အခု ငြိမ်းချမ်းရေးစကားပြောနိုင်ပြီး လည်ပင်းဖက်နေတာ ကိုးကန့် ပလောင် ရခိုင်ကို ဘာလို့ စကားမပြောနိုင်သလဲ။ AA TNLA MNDAA ၃ ဖွဲ့က ခွဲထွက်မယ်လို့လဲ တခါမှမကြေညာခဲ့ဖူးဘူး။ ဒါကြောင့် ဒီ ၃ ဖွဲ့ကို မဆွေးနွေးနိုင်ဘူး ဆိုတာ လက်တွေ့မကျဘူး။
(၃) ဒါကြောင့် ဒီ ၃ ဖွဲ့မပါရင် ဝ နဲ့ မိုင်းလားအဖွဲ့တွေ ဘာအစည်းအဝေး ညာအစည်းအဝေးတွေမလာဘူး၊ တကယ်လို့ လေ့လာချင်လို့ လာတက်ရင်လဲ ဘာစာချုပ်မှ လုံးဝ(လုံးဝ) လက်မှတ်မထိုးဘူးလို့ ကျောက်ကော်အန်းက အပြတ် ပြောလိုက်တယ်။
ခင်ဇော်ဦး ပြန်ပြောတာက ယွက်စစ်ဟာ ၂၀၁၅ ဖေဖော်ဝါရီ ၁၂ ပြည်ထောင်စုနေ့ထမင်းစားပွဲမှာ သိန်းစိန်ကို ‘လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပါ့မယ်’လို့ ကတိပေးပြီး လက်မှတ်လဲထိုးခဲ့တယ်။ ဒါကြောင့် သူတို့နဲ့တွဲတာတဲ့၊ ဒါကြောင့် အနာဟောင်းတွေကို ချေဖျက်ပြီး အခုလိုဆက်ဆံတာဖြစ်တယ်တဲ့။ RCSS သျှမ်းခေါင်းဆောင်ကြီးရဲ့ အနေ အထားက အဲ့သလို။
တကယ်လို့ ၃ ဖွဲ့က ဆွေးနွေးချင်ရင် (၁) လက်နက်ကိုင်လမ်းစဉ်စွန့်မယ်လို့ ကြေညာရမယ် (လက်နက်ကတော့ ၃-၅ နှစ်ကြာမှစွန့်လဲရတယ် ဆိုဘဲ)၊ (၂) ပြီးခဲ့တဲ့ နောက်ဆုံး ၂-၃ နှစ်အတွင်း ကိုးကန့် ရခိုင် ပလောင်တပ် လုပ်ခဲ့သမျှ အားလုံးမှားကြောင်း လူသိရှင်ကြားဝန်ချ တောင်းပန်ရမယ်၊ ဒါမှ တွေ့ဆုံနိုင်မယ်လို့ ဒေါက်တာတင်မျိုးဝင်းရှေ့မှာဘဲ တင်းတင်းမာမာပြောတယ်၊ ဒီ ၃ ဖွဲ့ကို အစိုးရက တွေ့ချင်တွေ့၊ တပ်ကတော့ အဲ့ဒီ ၂ ချက် မလုပ်ရင် မတွေ့နိုင်ဘူး၊ ဒါကိုလက်မခံရင်လဲ တိုက်ပေါ့ကွာလို့ပြောပြီး စည်းဝေးခန်းထဲ ထိုင်တောင်မထိုင်တော့ဘဲ အပြင်ထွက်သွားခဲ့တယ်။ ဝ နဲ့ အတိုင်းအတာတခုရင်းနှီးနေပြီဖြစ်တဲ့ သိန်းဇော်ကတော့ မျက်နှာပျက်ပျက်နဲ့ကျန်ခဲ့ပြီး ဒေါက်တာတင်မျိုးဝင်းကတော့ ငြိမ်ကုပ်နေခဲ့တယ်။ ဒေါက်တာကြီးဟာ အထက်ကိုပြန်တင်ပြပေးပါမယ်လို့ဘဲ ‘ထုံးစံအတိုင်း’ ပြောနိုင်ပြီး ပြန်သွားခဲ့ တော့တယ်။
တကယ်စစ်တိုက်နေတဲ့အဖွဲ့တွေမပါဘဲ ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေးညီလာခံ၊ ငြိမ်းချမ်းရေးစာချုပ် ဖြစ်နိုင်မှာလဲ။ ဒီလို အဓိပ္ပာယ်မရှိတဲ့ အတွေးအခေါ်ဖြစ်လာတဲ့အကြောင်းရင်းက ကိုးကန့်စစ်ပွဲမှာ မင်းအောင်လှိုင် ခံထားရတာကို တအား စိတ်နာနေလို့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ စိုးဝင်းရဲ့စီမံချက်၊ ကစထမှူး တိုင်းမှူးတွေအကြံပေးချက် အားလုံး ပယ်ချပြီး သူ့တဦးတည်းသဘောနဲ့ ထင်ရာစိုင်းခဲ့တာတွေ၊ ဘယ်ကုန်းကို ဘယ်တပ်နဲ့ ဘယ်နေ့မှာ ဘယ်ဒေါင့်ကနေ ဘယ်လိုတိုက် ဆိုတာကအစ အသေးစိတ်ဝင်ပါခဲ့တာမှာ အကြီးအကျယ်ကွဲလို့ အရှက်ကြီးရှက်၊ အနာကြီးနာနေလို့ဘဲ ဖြစ်တယ်။ နောက်ဆုံးမှာတော့ တရားခံရှာခံရတဲ့ ကစထမှူး အောင်သန်းထွဋ်၊ တိုင်းမှူးအောင်စိုးနဲ့ ဒကစမှူးစောမြင့်ဦး ဘဲ ထိသွား လွင့်သွားခဲ့ရတယ်။ အခုတော့ တချိန်က ဦးတည်ရန်သူ ကုလားမယားလို့ ဆဲပေးခဲ့ရတဲ့ ရန်သူ့ပြည်နယ် လွှတ်တော်တို့၊ ရန်သူ့ပြည်နယ်အစိုးရတို့ထဲ အိပ်ငိုက်နေကြရပြီ။
လောလောဆယ်တော့ မင်းအောင်လှိုင်ဟာ ဦးပိုင်မှာ အဝါးမတော်လို့ပြုတ်လာတဲ့ ခင်ဇော်ဦးကို လက်တိုလက်တောင်း ခိုင်းစားနေတယ်။ တကယ်လို့ ပုံမလာရင်လဲ အချိန်မရွေး အမှုဟောင်းတွေပြန်ဖော်ပြီး ဆော်နိုင်လို့ ခင်ဇော်ဦးဟာ သခင်အားရ ကျွန်ပါးဝ လုပ်ပြနေရတယ်။
တဖက်မှာလဲ တပ်ထဲက ဗိုလ်မှူးချုပ်အဆင့်၊ ဗိုလ်မှူးကြီးအဆင့်တွေ အပါအဝင် ၃၈၄ ယောက်ကို ရာထူးညောင်းနေလို့ ဆိုပြီးထုတ်ခဲ့တယ်။ (ရာထူးသက်ကြာနေတဲ့ စစ်သံမှူး ဗိုလ်မှူးချုပ်တွေတော့ မပြုတ်) ဒါပေမဲ့ သူကိုယ်တိုင်ကတော့ ပင်စင်သက် ၅ နှစ်တိုးလို့ စိုးဝင်း၊ ကျော်ဆွေ၊ မြထွန်းဦးတို့ခမြာ တက်လမ်းမရှိတော့တဲ့ဘဝ ရောက်သွားရှာတယ်။ စာဖတ်နေသူကြီးသဘောကျတဲ့ မြထွန်းဦးကတော့ ရန်ကုန်မှာ အဖေအသုဘလုပ်တာ လော်စစ်ဟန်ပြီးရင် ဒုတိယ အကြီးကျယ်ဆုံးအသုဘဖြစ်သွားကတည်းက မင်းအောင်လှိုင်က တေးထားခဲ့တယ်။ အခုတော့ တိုင်းမှူးတွေအားလုံး လိုလို သူ့လူတွေထည့်ထားပြီး မကြာခင် အထက်ထိုးတင် ကန်တင်၊ ဒီ့နောက် အပတ်စဉ်အင်မတန်ကွာတဲ့လူတွေကို တိုင်းမှူးတွေ ထပ်တင်ဖို့ စီစဉ်နေတယ်။ ပိုတိတိကျကျပြောရရင် သူ့အောက်မှာ လုပ်ခဲ့ဖူးတဲ့ တပ်မ ၄၄၊ တြိဂံတိုင်းနဲ့ ခမရ ၁၂၀ က ဂျူနီယာတွေကိုတင်ဖို့ဖြစ်တယ်။ အရင်က နေဝင်း-သန်းရွှေတို့နည်းဟောင်းအတိုင်းဘဲ အာဏာနီတည် ဆောက်နေတယ်။
နဝတ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစောမောင်က တွင်း-၁ ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုထိန်းဖို့ သူ့လူ ဗိုလ်မှူးချုပ်သန်းထွန်းကို တင်ခဲ့ သလို နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလဲ တွင်း-၁ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို သူ့လူ ဗိုလ်ချုပ်ကျော်ဝင်းနဲ့ထိန်းခဲ့ပြီး အခု မင်းအောင်လှိုင်ကလဲ သန်းရွှေလူဖြစ်တဲ့ စရဖ ထောက်လှမ်းရေးချုပ် မြထွန်းဦးကိုထိန်းဖို့ သူ့လူ ဗိုလ်ချုပ် သန်းထွတ်သိန်း ကို ဒုစရဖချုပ် ခန့်ထားတယ်။ တဖက်မှာလဲ NCA ၈ ဖွဲ့ထဲက အရေးပါသူတချို့ကို စရဖ က တိုက်နဲ့ ကားတွေပေးပြီး ထိန်းထားတယ်။ ဒါပေမဲ့ လတ်တလောထုတ်ထားတဲ့ ၃၈၄ ယောက်ကို အရင်လို အရပ်ဘက်ပို့ မိုးကျရွှေကိုယ်တွေအဖြစ် ဌာနဆိုင်ရာတွေ ထိုးထည့်ဖို့ကလဲ မဖြစ်တော့၊ ကြံ့ဖွတ်ပါတီနဲ့ဦးပိုင်ထဲ ထည့်ဖို့လဲ ဟိုက ဒါလောက် အများကြီး နေရာမပေးနိုင် ဖြစ်နေလို့ ပြဿနာတွေ စ,တက်နေပြီ။
UWSA ဟာ ၂၀၀၉ BGF အသွင်ပြောင်းရေးတုံးက BGF လက်ခံမယ်၊ ထိုင်းနယ်စပ်က ၁၇၁ ဒေသ ဖျက်သိမ်းပြီး မြောက်ဖက်ပြန်ဆုတ်မယ်အထိ လိုက်လျောခဲ့ပေမဲ့ နအဖ က ရလေလိုလေအိုတစ္ဆေ ဖြစ်ပြီး ညစ်ကပ်ကပ်တောင်းဆို ချက်တွေ ထပ်လုပ်လာလို့ ပျက်သွားခဲ့တယ်။ BGF လုပ်ဖို့ UWSA တပ်အားလုံး ကျိုင်းတုံ နဲ့ လားရှိုးမှာ လာစုရမယ်၊ လာသင်တန်းတက်ရမယ်၊ သင်တန်းတက်နေချိန်မှာ ဝ ဒေသကို ဗမာစစ်တပ်တွေ ဝင်ထိန်းပေးမယ်လို့ တောင်းဆိုလို့ ဝ က သံသယတွေကြီးသွားပြီး BGF စီမံကိန်းပျက်သွားတာဖြစ်တယ်။ အရင် ဝ BGF လုပ်မယ့်အစီအစဉ် ပျက်သွား တော့ စရဖ ရဲမြင့်(လေး) တရားခံရှာခံရပြီး လွင့်သွားသလို အခုလဲ ခင်ဇော်ဦးဟာ ငြိမ်းချမ်းရေးပျက်တဲ့ကိစ္စမှာ တရားခံ ရှာခံရပြီး ဦးပိုင် ပုဒ်မတွေပါ တသီကြီးတပ်ခံရမယ့်အလားအလာရှိနေတယ်။
ဒီ့နောက်ပိုင်းမှာ ဗမာစစ်တပ်အပေါ် ၁၉၈၉ က ၂၀၀၉ အထိထားခဲ့တဲ့ နှစ် ၂၀ ကြာယုံကြည်မှု ရာခိုင်နှုန်း ၈၀ လောက် ပျက်သွားပြီး ခေတ်မှီလက်နက်ဝယ်ယူတပ်ဆင်မှုတွေ အကြီးအကျယ်လုပ်ခဲ့တယ်။ တချိန်ထဲမှာ ကမ္ဘာ့အကြီးဆုံးသတ္တု သိုက်တွေထဲမှာ တခုအပါအဝင်ဖြစ်လာတဲ့ မန်မော်သတ္တုမိုင်းကလဲ အရင်မူးယစ်ဆေးလုပ်တုံးကထက် အများကြီးပိုများ တဲ့ဝင်ငွေတွေ ရလာတော့ လေယာဉ် ရဟတ်ယာဉ်ကအစ ဒုံးကျည်တွေ ဟောင်ဝစ်ဇာတွေ လေကာလက်နက်တွေ သောက်သောက်လဲဝယ်နိုင်ခဲ့တယ်။ အခုဆိုရင် UWSA ရဲ့ စစ်အင်အားကို တိုင်းရင်းသားအဖွဲ့အစည်းတွေကြားထဲ သူ့သြဇာရှိန်ဝါနဲ့ပေါင်းစပ်လိုက်တဲ့အခါ ဗမာစစ်တပ်နဲ့ တင်းပြည့်ကျပ်ပြည့်စစ်ပွဲကြီး ဖြစ်လာရင် တိုင်းရင်းသားအားလုံး တောင်ပေါ်မြေပြန့်မကျန် ပြည်နယ်ပြည်မ,မခွဲ ကျေးလက်မြို့ပြ စစ်မျက်နှာပေါင်းစုံနဲ့ နေရာအနှံ့ထကြမှာဖြစ်လို့ Mutually Assured Destruction (M.A.D.) နှစ်ဖက်စလုံး သေချာပေါက်ကြေပြုန်းမယ့်အဆင့်ကို ရောက်နေပြီဖြစ် တယ်။
အခုတခါလဲ AA TNLA MNDAA ၃ ဖွဲ့က UWSA ဆီမှာ တပ်တွေအပ်ထား သို့မဟုတ် လက်နက်တွေအပ်ထားပြီးမှ ငြိမ်း ချမ်းရေးဆွေးနွေးရမယ်လိုလို ကြားနေပြန်ပြီ။ ၂၀၀၉-၂၀၁၀ တုံးက UWSA နဲ့ တိုက်ခါနီးအခြေအနေရောက်သွားခဲ့တာ ကို သင်ခန်းစာမယူနိုင်ဘဲ လက်တွေ့မကျတဲ့၊ မဖြစ်နိုင်တဲ့တောင်းဆိုချက်တွေ ထပ်လုပ်ဖို့ ပုဇွန်ဦးနှောက်တွေနဲ့ စဉ်းစား နေပြန်ပြီ။ မူလလက်ဟောင်းပင်လုံစာချုပ်ကို အထောက်အကူမဖြစ်ရုံမက မူလပင်လုံစိတ်ဓာတ်နဲ့ လုံးလုံးကြီးကွဲလွဲနေ တဲ့စိတ်ကူးတွေ အပြီးအပြတ်စွန့်လွှတ်ချိန်တန်ပါပြီ။
၂၀၁၅ အစောပိုင်းကတည်းက ဒေါ်စုက တင်မျိုးဝင်းကို တပ်နဲ့ဆက်ဆံရေးကိုယ်စားလှယ် ခန့်ခဲ့လို့ ဆက်ဆံနေခဲ့ပြီး ဗိုလ်ချုပ်တွေကိုင်တာ ကြိုးဆွဲတာခံထားရတဲ့သဘောဖြစ်နေတယ်။ လက်ရှိအခြေအနေမှာ တပ်ကိုမထိန်းနိုင်တာ သိသာနေတယ်။ NCA လက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့အနက် မင်းအောင်လှိုင်တို့ကို အတက်ကြွဆုံးလည်ပင်းဖက်နေတဲ့၊ အရေးအပါဆုံးအဖွဲ့ဖြစ်တဲ့ KNU ရဲ့ ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ ၄ ဂွင်မှာရှိတဲ့ ထီးခီးဂိတ်ကို ကမ်းရိုးတန်းစစ်တိုင်း မှူးက NCA ချိုးဖောက်ပြီး ဆုတ်ခိုင်းတဲ့ကိစ္စမှာ NLD ရဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်က စစ်တပ်ဘက်ကိုထောက်ခံလိုက် တဲ့ကိစ္စဟာ ချီးဘရိန်းဖြစ်မှုကိုပြနေရုံမက မြင်းဘယ်သူစီးနေလဲဆိုတာ ပြတဲ့လက္ခဏာလဲဖြစ်တယ်။
မိုင်းလားမှာ ၃ ဖွဲ့ကို ခင်ဇော်ဦးပြောတဲ့ ဒုတိယအချက်က လုံးဝမဖြစ်နိုင်တဲ့ကိစ္စဆိုတော့ လက်ရှိမင်းအောင်လှိုင် ခေါင်း ဆောင်နေတဲ့ စစ်အုပ်စုဟာ ငြိမ်းချမ်းရေးမြင်းကို အတင်းလုစီးပြီး ပြည်တွင်းစစ်ကို ဆက်မွေးချင်တဲ့အကြံ ထင်ရှားလာ နေတယ်။ မင်းအောင်လှိုင်ရဲ့ စီမံကိန်းကတော့ လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၃-၅ နှစ်အချိန်ဆွဲထားမယ်၊ ၂၀၂၀ ရွေးကောက်ပွဲမှာ သူကိုယ်တိုင်သော်၎င်း၊ သူ့လူသော်၎င်း သမတဖြစ်မှ စိတ်ကြိုက်လုပ်မယ်၊ စိတ်ကြိုက်ချေမှုန်းမယ် လို့ စိတ်ကူးယဉ်နေတယ်။ စစ်တပ်က ကိုယ်နဲ့မဆိုင်တဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေးနယ်ပယ်တွေထဲ နှစ် ၅၀ ကျော် ဝင်စွက်ခဲ့တဲ့ ရလဒ်အဖြစ် ခြေလျင်/ခြေမြန်တပ်ရင်းတရင်းမှာ ရှေ့တန်းထွက်တပ်ခွဲတခွဲဘဲ ထားနိုင်တော့တဲ့ ဒီကနေ့ ခေတ်မှာ လက်တွေ့နဲ့ အဝေးကြီးကင်းကွာနေတယ်။
ဒါပေမဲ့ မကြာသေးတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီအစည်းအဝေးမှာတော့ ခင်ဇော်ဦးက ၃ ဖွဲ့ကိုရော၊ တခြား လက်မှတ်မထိုးတဲ့အဖွဲ့တွေကိုရော အပြုတ်တိုက်ပစ်မယ်ပြောတော့ ဒေါ်အောင်ဆန်းစုကြည်ကဟောက်ပစ်လိုက်တာ ဟာ လွတ်သွားတဲ့မြင်းဇက်ကြိုးကို ပြန်ကိုင်ဖို့ အလားအလာကောင်းတဲ့ကြိုးပမ်းချက် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မြင်းနဲ့ ပတ်သက်တဲ့စကားပုံတွေအတိုင်း သတိထားရမှာတွေ အများသားပါ။ “မြင်းစီးပြီး အထီးမှန်းအမမှန်းမသိ” “ကိုယ့်မြင်း ကိုယ်စိုင်း စစ်ကိုင်းရောက်ရောက်” “မြင်း ဂျိုတပ်ပေးသလို” “မြင်းကမလှုပ် ခုံကလှုပ်” “ပန်းခင်းကိုမြင်းစီးပြီးလျှောက် ကြည့်” “လှေအဆင်း မြင်းအတက်” “ကောက်ရိုးတမျှင်ထပ်တင်လို့ မြင်းခါးကျိုး” “မြင်းခွာ သံမှိုတချက်လွတ်လို့ စစ်ပွဲ တခုလုံးရှုံး” “မြင်းကောင်း ခွာလိပ်” “မြင်းမြင်းချင်း နွားနွားချင်းဆိုသလို” စသည်စသည်ဖြင့်။ အဓိကပြဿနာကတော့ စစ်တပ်စိတ်ကြိုက်ဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေဇက်ကြိုးပါဘဲ။
အောင်သဇင်