>Pyithu Yebaw Bo Ye Htoo – funeral observed at Htan Bin Cementry

>

ပြည်သူ့ရဲဘော်ဗဟိုကော်မီတီဝင်ဟောင်း ဗိုလ်ရဲထူး (ခ) ဦးခင်မောင်ကြီး ဈာပနသင်္ဂြိုဟ် ပြီးစီး

မိုးယံမခ
ဧပြီ ၂၃၊ ၂၀၁၀
 ဗိုလ်ရဲထူး သမီးကြီး ဒေါ်နီနီထူးနဲ့ ဗိုလ်ရဲထူးနေအိမ်  (အပေါ်ဝဲ)။ ဇနီးသည် ဒေါ်ခင်ညွန့်။
ဧည့်သည် မိတ်ဆွေများ

ယမန်နေ့ နေ့လည် ၃ နာရီ အချိန်က လှိုင်သာယာမှာရှိတဲ့ ထိန်ပင်သုဿန်မှာ ပြည်သူရဲဘော်ဗဟိုကော်မီတီဝင်ဟောင်း တဦးဖြစ်သူ ဗိုလ်ရဲထူး (ခ) ဦးခင်မောင်ကြီး ၈၇ နှစ်ရဲ့ ဈာပနာကို မီးသင်္ဂြိုဟ် ပြီးစီးခဲ့ပါတယ်။ ဈာပနကို ဆွေမျိုးမိတ်သင်္ဂဟများနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ လိုက်ပါပို့ဆောင်ကြတာကို တွေ့ရပါတယ်။

 ဗိုလ်ရဲထူးဟာ ဧပြီလ ၁၉ ရက် ၂၀၁၀ နေ့လည် ၂ နာရီက လှိုင်သာယာမြို့နယ် ၇ ရက်ကွက်၊ အောင်တံခွန်လမ်း၊ အမှတ် ၇၁၂ (ခ) နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်ခင်ညွန့် (၇၄) နှစ်၊ (ဦးသန်းရင်) + ဒေါ်နီနီထူး၊ ဦးရဲညွန့်ထူး၊ ဦးကိုကိုလတ် + ဒေါ်ခင်ခင်ထူး၊ (ဦးရဲလွင်ထူး)၊ ဦးရဲမော်ထူး + မသင်းသင်းအေး၊ ဦးအောင်ဇော်ထူး + မသင်းသင်းအေး တို့နဲ့ မြေး ၈ ယောက် ကျန်ရစ်ပါတယ်။

 ဗိုလ်ရဲထူးရဲ့ ရက်လည်ဆွမ်းကျွေး တရားနာကို ဧပြီ ၂၅၊ ၂၀၁၀ တနင်္ဂနွေနေ့ နံနက် ၇ နာရီ မှ ၁၁ နာရီအထိ လှိုင်သာယာနေအိမ်မှာ ကျင်းပမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

ဦးခင်မောင်ကြီး (ခ) ဗိုလ်ရဲထူး။ ဗိုလ်ရဲထူး ဇနီး ဒေါ်ခင်ညွန့်

 ဗိုလ်ရဲထူးဟာ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး ၁၉၅၅ မှ စတင်ပြီး မြေပေါ်နိုင်ငံရေး (ပြည်သူ့ရဲဘော်ပါတီ) ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၆၃ တော်လှန်ရေးကောင်စီရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖျက်သိမ်းခံရပြီးနောက် အင်းစိန်ထောင်တွင်းမှာ ၃ နှစ်နီးပါး အကျဉ်းကျခဲ့ရပါတယ်။

ဗိုလ်ရဲထူး မိသားစု (၁၉၈၀ ၀န်းကျင်) ၀ဲမှ ယာ – ဗိုလ်ရဲထူး၊  ရဲညွန့်ထူး၊ ရဲလွင်ထူး၊ ရဲမော်ထူး၊ အောင်ဇော်ထူး၊ ဒေါ်ခင်ညွန့်

 ထောင်မှ လွတ်လာတဲ့အခါ မဆလစစ်အစိုးရက ပေးတဲ့ အခွင့်အရေးမှန်သမျှကို ငြင်းပယ်ပြီး ဆင်းရဲပင်ပန်းစွာနဲ့ မိသားစုဘ၀ကို ရုန်းကန်ရပ်တည်နိုင်ခဲ့သူ ဖြစ်ပါတယ်။ သား ၄ ဦးစလုံးကို အမျိုးသားနိုင်ငံရေးအသိစိတ်ဓာတ်တွေ၊ အမြင်တွေ ရှိလာအောင် လမ်းခင်းပေးနိုင်ခဲ့ပြီး ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံမှ ယခုအချိန်အထိ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်သူတွေ အဖြစ် ချန်ထားရစ်ခဲ့သူ တဦးလို့ လေးစားချစ်ခင်သူ မိတ်ဆွေတွေက မှတ်ချက်ပေးပါတယ်။

ဗိုလ်ရဲထူးမိသားစုဟာ ဖဆပလခေတ်က ရရှိခဲ့တဲ့ လမ်းသစ်ရိပ်သာက တိုက်ခန်းကို ၁၉၉၁ မှာ သားဖြစ်သူ ရဲမော်ထူး နိုင်ငံရေးမှုနဲ့ ထောင်ကျစဉ်မှာ ချက်ခြင်းဖယ်ရှားခံခဲ့ရလို့ နေစရာ အလွန်ဒုက္ခရောက်ခဲ့ရကြောင်း သိရပါတယ်။
နိုင်ငံကို ကောင်းစေချင်လွန်းလို့ နိုင်ငံရေးဆောင်ရွက်ခဲ့ကြတဲ့ လင်ယောက်ျားနဲ့ သားသမီးတွေရဲ့ ဖြတ်သန်းမှုတွေကို ဗိုလ်ရဲထူးရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ညွန့်က အခုလို ပြောပြခဲ့ပါတယ်။
“ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်လို့၊ ယောက်ျားဖြစ်သူ အင်းစိန်ထောင်ထဲကို ရောက်တော့ ကလေး ၂ ယောက်ဆွဲပြီး တွေ့ရအောင် သွားရှာခဲ့ဖူးတယ်။ ကလေးတွေ အရွယ်ရောက်လာပြီး နိုင်ငံရေးလုပ်ကြတော့ အင်းစိန်ထောင်တင်မကဖူး သရက်ထောင်အထိ လိုက်တွေ့ခဲ့ရတယ်။ ဒါပေမယ့် စိတ်မပျက်ပါဘူး။ အဖေဖြစ်သူ လုပ်ခဲ့ရတဲ့ နိုင်ငံရေးမျိုး သားတွေခေတ်မှာလည်း လုပ်နေရတုန်းပဲ။ ကျမ မြေးတွေခေတ်ကျရင်တော့ ဘယ်လိုနေမယ် မသိဘူး။”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts