>Burmese Literary Icon – Thakhin Ko Daw Hmine’s last home to be demollished

>

အမျိုးသားစာဆိုကြီး သခင်ကိုယ်တော်မှိုင်း ခေါင်းချရာနေအိမ် ကန်ထရိုက်တိုက် ဆောက်မည်
မိုးမခအထောက်တော် ၀၀၃
ဧပြီ ၂၁၊ ၂၀၁၀
လျပ်တပြက်ဂျာနယ် ဧပြီ ၉ ထုတ် စာစောင်တွင် အထက်ပါပုံအတိုင်း ဖော်ပြထားရာ မိသားစုဝင်များက နှစ်ပေါင်း ၈၀ ကြာပြီဖြစ်သည့် ပြိုပျက်နေသော မူလအိမ်ဟောင်းကို ဖျက်၍ ၆ ထပ်တိုက် ဆောက်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ချမ်းသာလမ်းရှိ တထပ်ပျဉ်ထောင်အိမ်ငယ်သည် မြန်မာပြည်အမျိုးသားရေး လှုပ်ရှားမှု၊ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှု၏ အမျိုးသားစာဆိုကြီး ဖြစ်သော ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၈၇၆ – ၁၉၆၄) နောက်ဆုံးခေါင်းချခဲ့ရာ နေအိမ်ဖြစ်သည်။ ၎င်းအိမ်တွင် နေထိုင်သူ မြေး ဒေါ်မြမြအေးက အဆိုပါ ဂျာနယ်သို့ ပြောကြားရာတွင် ကျန်ရစ်သူမိသားစုများ နေထိုင်ရန်ပင် မဖြစ်သည့်အတွက် ယခုလိုစီစဉ်သည်ဟု ဆိုသည်။ ဆရာကြီး၏ သမီးကြီး ဒေါ်မြရီ၏ သားသမီး ၃ ဦး (ဆရာကြီး၏ မြေးများ) နှင့် ဆိုင်သည်ဟု ပြောထားသည်ကိုတွေ့ရသည်။ တိုက်ခန်းတခန်း ရမည်ဟု သိရသည်။
ဆရာကြီး၏ ဂူဗိမာန်ထိန်းသိမ်းရေး ကော်မီတီ၊ ဆရာကြီးနှင့် ပတ်သက်သည့် သမိုင်းမော်ကွန်းများ စောင့်ရှောက်ထိန်းသိမ်းလိုသူများအနေနှင့် ဆရာကြီးနှင့် ပတ်သက်သည့် နေအိမ်မြေကို အမှတ်တရ စောင့်ရှောက်ရန် မည်သို့ သဘောထားသည်ကို မိုးမခက စုံစမ်း၍ မရသေးပါ။
ဆရာကြီးသည် သီပေါမင်းပါတော်မူသည့်နှစ် (၁၈၈၅) မတိုင်မီက မွေးဖွားခဲ့ပြီး မြန်မာပြည်ကြီး၏ ကိုလိုနီ၊ ဖက်ဆစ် နှင့် အာဏာရှင်အောက် လွတ်မြောက်ရေး တိုက်ပွဲများကို တောက်လျောက် ရင်ဆိုင်ဖြတ်သန်းခဲ့သူ ဖြစ်သည်။ မြန်မာပြည်၏ လွတ်လပ်ရေးဖခင်၊ တပ်မတော်ဖခင်၊ ဒေါ်အောင်ဆန်းစုကြည်ဖခင် – သခင်အောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)ကို အစဉ်အမြဲထောက်ခံပြီး စာပေကလောင်နှင့် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ခဲ့သူ စာဆိုကြီး ဖြစ်သည်။ ၁၉၆၂ နောက်ပိုင်း စစ်တပ်က ပါလီမာန်စနစ်ကို ဖျက်သိမ်းပြီး အာဏာသိမ်းထားချိန် ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုများအတွက် စိတ်ထက်သန်စွာ မြှပ်နှံလုပ်ကိုင်နေစဉ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သုဉ်းသွားသည်ကို ကြားသိပြီးနောက် ၁၉၆၄ တွင် ကွယ်လွန်ခဲ့သည်။ ဆရာကြီး၏ ဂူဗိမာန်ထိန်းသိမ်းရေးကော်မီတီတွင် မြန်မာပြည်၏ ထင်ရှားသော စာပေနှင့် စာနယ်ဇင်းသမားကြီးများက တာဝန်ယူ ဆောင်ရွက်ခဲ့ကြသည်။
ဓာတ်ပုံမှာ မူလပျဉ်ထောင်အိမ်ဟောင်းကို ဖြုတ်ချပြီး ကန်ထရိုက်တိုက်ဆောက်ရန် ရှင်းလင်းထားသည့် မြေနေရာ ဖြစ်သည်။ (ဓာတ်ပုံ – ဇေမှိုင်း၏ မိတ်ဆွေများ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts