>Thet Khine – My Poem becomes My Partner

>

ငါဟာ ကဗျာပါတနာဖြစ်လာတယ်
သက်ခိုင်
ဧပြီ ၁၅၊ ၂၀၁၀
ဘ၀မှာ
ကြေကွဲသွားတဲ့အခါ
ငါဟာ
ကဗျာပါတနာဖြစ်လာတယ်။
ဘယ်သူမပြုမိမိအမှု
ဒီလမ်းစု
ငါ
အဲဒီသမိုင်းတခု
ဆက် ပြုစုသင့်သလား
ဘ၀ဟာပင်ပန်းမလား
တခါတခါအတွေးမှား
လူတွေကြားသွားရမှာခက်
အမေနဲ့ကလေးတွေအတွက်
ငါပြေးထွက်ဖို့တောင်စဉ်းစားတယ်။
ဘ၀မှာသံမှိုစွဲ
တရားကိုက အမှန်ပဲမို့
အားတခုကို အရင်းစု
ငါ …
သူတို့ကို မဟားတရားမပြု
ငါ့သမိုင်းတခု
ငါဆက်လက်ပြုစုနေရမယ်။
ငါမသိတဲ့ ဖုန်းမော်
ကလေးသာသာ ၀င်းမော်ဦး
ငါဘာလို့ ရူးခဲ့ရတာလဲ။
ကံ့ကော်လမ်းနဲ့ ချစ်သူအနမ်း
ထာဝရ လန်းစေချင်တာတော့
ဒါဘယ်သူ့ကိုမှ
နွမ်းစေတာမှ မဟုတ်ဘဲလေ။
အမေကငို တဲကပြို
ဒီလိုဘ၀ …
အပျိုမ
အိုခဲ့ရ ရက်ပေါင်း
ငါ စိတ်ထောင်းထောင်းကြေခဲ့လို့ပါလေ။
ဘ၀တွေပြောင်း
အသစ်တွေကောင်းခဲ့ရင်တော့
အော် … ငါတို့ဘ၀ရဲ့ နှစ်ဟောင်း
လာမယ့်ကလေးတွေ အကုန်စောင်းမြောင်း
ပြန်ပြောင်းလို့တောင် မကြားချင်
သူတို့အကုန် ဆင်ခြင်မှာပါ။
ဒီလိုပဲတွေးမှတ်
နိုင်ငံရဲ့ အရေးအတွက်
ငါအပိုအလိုမရှိ ရေးဖတ်ခဲ့တယ်။
ခေတ်စနစ်ကိုအမြန်ကူးဖို့
သူများတွေထက် အရင်ထူးလို့
တပ်ဦး၊ သမဂ္ဂ၊ ပါတီ
ငါတို့ ပါခဲ့သည်။
ရဲဘော်ဟောင်း ရဲဘော်သစ်
ငါတို့တွေ့ သမျှချစ်
စကားတွေအကုန် အနှစ်
ဒီလိုဖြစ်ခဲ့တယ်။
အဲဒီသူတွေအကုန်လုံး
အမျိုးစုံပြောင်းလို့
တချို့ ဘ၀တက္ကသိုလ်ရောက်
တချို့ အသက်တွေပျောက်
တချို့ တောခိုသွား
အမေကိုတောင် စကားမပါးခဲ့လေ။
ငါလည်းအတူတူ
အူတူတူလုပ်မနေ
ရဲဘော်တွေနဲ့ အတူနေဖို့
အမေ့ကိုခွဲ အေကေဆွဲလို့
တောသားမစစ်တစစ်လေ။
တကယ်တော့
ငါတို့ဟာ
ခေတ်စနစ်တခုကိုပြောင်းဖို့
တချို့  ဘ၀တွေထပ်လောင်းလို့
သွေးအသစ်အသစ်တွေပြောင်းခဲ့ရတယ်။
ထောင်ထဲက ရဲဘော်
ဘ၀မပြောင်တော့တဲ့ ရဲဘော်
အော် … သူတို့အတွက်
ငါတို့ရဲ့ ရဲဘော်အစစ်
သူတို့တွေရသလောက်ထုဆစ်
သမိုင်းအစစ်ပြုမယ်ထင်ခဲ့တယ်။
အချိန်တွေကြာသွား
နှစ်တွေေ၀၀ါးလို့
အာဏာရှင်ရဲ့ စကား
သူတို့တွေအစေအပါးအဖြစ်နဲ့ 
ပါတီတွေထောင်
စနစ်အသစ်ကိုထူထောင်မတဲ့။
ဒီမယ် သစ္စာဖောက်
မင်းတို့လောက်တော့
ငါတို့မမှု
ဒါမင်းရဲ့ မှတ်တမ်းအတု
အညစ်အကြေးတခုအဖြစ်
လူတို့သမိုင်းပြုစု
မင်း ရင်တခု ခံဖို့ပြင်ထားကွယ်။
တိုင်းပြည်ကို သေတွင်း
သွတ်သွင်းခြင်းအထဲမှာလည်း
မင်းတို့ရဲ့ အရည်အချင်း
အကုန်လုံးမှတ်တမ်းတင်လိမ့်မယ်။
ပြည်သူတွေလှောင်
မင်းဘ၀ ဂုဏ်ရောင်မပြောင်တဲ့တနေ့
ငါတို့မတွေ့ ပါရစေနဲ့ကွယ်။
ဟေ့သစ္စာဖောက်
မင်းလောက်တော့မမှု
ငါ့သမိုင်းတခု
ငါတို့ဆက်ပြုစုမယ်။
ဒီလိုလူအတု
ငါ့ဘ၀တခုမှာ
အသိအမှတ်ပြုခဲ့မိတာ
ငါတကယ်တော့ ရှက်နေမိတော့တယ်။
ဘ၀မှာ …
ကြေကွဲသွားတဲ့အခါ
ငါဟာ
ကဗျာပါတနာဖြစ်လာတယ်။
သက်ခိုင်
၂း ၃၀ နာရီ (၅ ၊ ဧပြီ၊  ၂၀၁၀)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts