ဟံသာဝတီ ဦးဝင်းတင်

Questions for U Win Tin – Social or Political

>

အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ
ဧပြီ ၁၃၊ ၂၀၁၀

လူမှုရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှု အတိုင်းအတာ
အင်န်အယ်ဒီရဲ့ ဗဟိုပါတီကော်မီတီဝင်၊ အတိုက်အခံခေါင်းဆောင်၊ အနှစ် ၂၀ နိုင်ငံရေးအကျဉ်းသား၊ (ခုချိန်ထိ နိုင်ငံရေးအကျဉ်းသားတဦးလို နေထိုင်နေဆဲမို့ – အကျဉ်းသားဟောင်းလို့ မဆိုချင်)၊ သက်ကြီးဝါရင့် စာနယ်ဇင်းသမား ဦးဝင်းတင်နဲ့ မေးခွန်းတွေ ဆက်မေးဖြစ်တဲ့အထဲက ခုချိန်မှာ ရေပန်းစားတဲ့ မေးခွန်းတခုကို မေးဖြစ်ခဲ့ပါသေးတယ်။ အင်န်အယ်ဒီက နိုင်ငံရေးဆက်လုပ်မှာလား။ ဒါမှမဟုတ် လူမှုရေးလုပ်တဲ့ အဖွဲအစည်းအဖြစ်ကို “ဦးလှည့်” သွားတော့မှာလား ဆိုတဲ့ မေးခွန်းပါ။ ဆရာဦးဝင်းတင်က အခုလို ပြန်ပြောပြပါတယ်။
“ဒီနေရာမှာ ပြန်ပြီး ရှင်းပြချင်တဲ့အချက်က၊ မီဒီယာတွေမှာလည်း ပြောပြီးပါပြီ။ မတ်လ ၂၉ အင်န်အယ်ဒီပါတီရဲ့ ဆုံးဖြတ်ချက်က ဘာအဓိပ္ပါယ်လဲ ဆိုတဲ့အချက်။ ကျနော်က ဘာပြောခဲ့သလဲဆိုတော့ – ကျနော်တို့က အခုဒီလိုဆုံးဖြတ်လိုက်ကြတာလဲဆိုတော့ နိုင်ငံရေးမှာ ခေါင်းပြတ်မခံနိုင်လို့ ဆိုတာ ဖြစ်တယ်။ ခြေပြတ်၊ လက်ပြတ်တာကို ခံနိုင်မယ်။ ခေါင်းပြတ်သွားတာကို မခံနိုင်ဘူး။ ခြေပြတ် လက်ပြတ်ရင်တောင်မှ အစားထိုးပြီး ရှင်သန်လို့ရတယ်။ ခေါင်းပြတ်သွားရင် ခြေလက်တွေ ကောင်းနေသည့်တိုင် ဘာမှ အသုံးမ၀င်တော့ဘူး။ ဒါကြောင့် မတ် ၂၉ ဆုံးဖြတ်ချက်ဆိုတာ အင်န်အယ်ဒီသည် နိုင်ငံရေးဆက်လုပ်မယ့် ဆုံးဖြတ်ချက်၊ ခေါင်း အပြတ်မခံနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ် ဆိုတာကို ထင်ရှားစေချင်တယ်။ နားလည်ကြစေချင်ပါတယ်။”
အဲသည်မှာ ဆရာ့ကို ထပ်ပြီး မေးခွန်းထပ်ထုတ်တာက – ပါတီတွင်းမှာ အချို့က ပါတီ မရှိတော့ရင်၊ ပါတီအဖြစ် ဆက်လက် မရပ်တည်နိုင်တော့ရင် ဆိုတဲ့ အချက်တွေပေါ်မှာ အခြေခံပြီးတော့ အင်န်အယ်ဒီပါတီက အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတခုလို၊ အင်န်ဂျီအိုတွေလိုမျိုး ရပ်တည်လာမယ် အစရှိသဖြင့် ထင်မြင် ယူဆ မှန်းချက်ထုတ် ပြောဆိုကြတဲ့ အချက်ကို ရှင်းလင်းပေးနိုင်ရန် မေးခွန်းမေးတာ ဖြစ်ပါတယ်။
“ဒီနေရာမှာ ပြောချင်တာက ကျနော်တို့တတွေဟာ နိုင်ငံရေးမပါဘဲနဲ့ လူမှုရေးတွေချည်းပဲ လုပ်နေလို့ မရဘူး ဆိုတာ ဖြစ်ပါတယ်။ လူမှုရေးဆိုတာကလည်း လူထုနှင့် တသားတည်း ရင်းနှီး ထဲဝင်ဖို့ အလွှာတခုအနေနဲ့ ရှိနေရမယ်။ ရှိနေတယ်။ ဒါ့ထက်မကတဲ့ နိုင်ငံရေးလုပ်ငန်းဆောင်တာတွေကို ဆက်လုပ်ဆောင်သွားရမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ခုနင်က ပြောခဲ့သလို (ယခင်အင်တာဗျူးဆောင်းပါး – ဒီ/ချုပ်၊ ဒီ/လှုပ် ဆောင်းပါး) အင်န်အယ်ဒီရဲ့ ဂွင် လေး ဂွင်၊ ဒေါက်လေးဒေါက်မှာ ပြည်သူလူထု ဆိုတာက တခု ပါပြီး ဖြစ်နေတယ်။
ပါတီတွင်း တည်ဆောက်ရန်၊ မဟာမိတ်များနှင့် လက်တွဲရန်၊ နိုင်ငံတကာမှာ အားလုံးနှင့် ဆက်သွယ်ရန်၊ ပြည်သူလူထုနှင့် အတူတကွ ရှိရန် ဆိုတဲ့ အတွက် လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးလုပ်ကြမယ်။ အဲသည်မှာ အလုပ်သမားအရေး၊ လယ်သမားအရေး၊ HIV လူနာတွေ၊ ကလေးစစ်သား၊ ရဟန်းသံဃာအရေး စတာတွေ အကုန်လုံး ပါဝင်လာမှာပဲ။ ဒါတွေကိုလည်း  ခပ်ခွာခွာမနေဘဲနဲ့ ပါဝင် လက်တွဲ ဆောင်ရွက်တာတွေ လုပ်ရမှာ ဖြစ်ပါတယ်။ အဲသည်လိုမျိုး နားလည်ကြစေချင်တယ်။ နောက်ပြီးတော့ ဒီအလုပ်တွေဟာ အင်န်အယ်ဒီရဲ့အလုပ်၊ အစကတည်းက လုပ်နေတဲ့၊ လုပ်နေရမယ့်အလုပ်တွေ ဖြစ်လို့ ဒါတွေဟာ အကြမ်းဖက်တဲ့အလုပ် မဟုတ်ပါ။ ပြီးတော့ ယူဂျီအလုပ်လည်း မဟုတ်ပါဘူး ဆိုတာကိုလည်း ထပ်ပြောချင်တယ် …”
လို့ ဆရာက ပြန်လည် ဖြေကြားပါတယ်။
လူမှုရေးနဲ့ နိုင်ငံရေးအကြောင်းကို အဓိကထားတဲ့ စကားပြောဝိုင်းဖြစ်နေတော့ မိုးမခကနေပြီးတော့ ဆရာ့ကို တင်ပြမိကြတာက ပြည်ပက၊ အမေရိကန်ပြည်ထောင်စုရောက် မြန်မာမိသားစုတွေရဲ့ မြို့နယ်အလိုက် စုစည်းပြီး ဆောင်ရွက်လာတဲ့ ပြည်သူ့ဂုဏ်ရည်လို့ အမည်ပေးထားတဲ့ စေတနာဝန်ထမ်းလူမှုလုပ်ငန်း စွမ်းဆောင်သူတွေကို ဂုဏ်ပြုရန် စီစဉ်နေတဲ့ အကြောင်း ဖြစ်ပါတယ်။ ဆရာဦးဝင်းတင်ကလည်း မျက်မှောက်ခေတ်ကို မျက်ခြေပြတ်မခံသူပီပီ အဲသည် ပြည်သူ့ဂုဏ်ရည်အစီအစဉ်အကြောင်း ကြားပြီးပြီ ဖြစ်တဲ့အကြောင်း၊ သဘောကျ အားပေး ထောက်ခံပါကြောင်း မှတ်ချက်ပေးသွားပါတယ်။
“အဲသည်မှာ လူမှုရေးလုပ်တဲ့နေရာမှာ သတ္တိရှိရှိနဲ့၊ ရဲရဲဝံ့ဝံ့နဲ့ စွန့်စားပြီး၊ စွန့်လွှတ်ပြီးတော့ အနစ်နာခံပြီး လုပ်ကြရတာကို ပြောချင်ပါတယ်။ အဲသည်လို လုပ်ကြတဲ့သူတွေ ရှိလာ များလာတဲ့အခါမှာ ပြည်သူတွေက အားတက်လာတယ်။ အားရှိလာတယ်။ ဥပမာဆိုရင် – ကိုဇာဂနာလိုမျိုး ဆောင်ရွက်သွားတာမျိုးတွေကို ကျနော်တို့က အသိအမှတ်ပြုရမယ်။”
လို့ ဆရာက သူ့အမြင်ကို ပြောပါတယ်။
          ဆရာ့ကို ဆက်ပြောဖြစ်ပြန်တာက အဲသည်ပြည်သူ့ဂုဏ်ရည်ဆုပေးဖို့ မြန်မာအမျိုးသားအချင်းချင်း ကြိုးစားဆောင်ရွက်ကြတဲ့နေရာမယ် ဂုဏ်ပြုရန်အမည်စာရင်း တင်သွင်းခံရသူ ၂၄ ဦး ရရှိတယ်လို့ ဆိုတဲ့အကြောင်း၊ အဲသည်ထဲမှာ ကိုဇာဂနာအပါအ၀င် ကိုကျော်သူတို့လို အနုပညာသမားတွေအပြင် နိုင်ငံရေးနဲ့ အင်န်အယ်ဒီနယ်ပယ်ထဲက မဖြူဖြူသင်း၊ ဦးမြင့်အေး၊ ဦးအေးမြင့်၊ ဦးအောင်သိန်း စတဲ့ရှေ့နေအစုအဖွဲ့တွေ ပါဝင်လာကြသလို လူမှုရေးအသင်းကြီးတွေ၊ ဘာသာရေးအဖွဲ့တွေ၊ ဆရာတော်တွေရဲ့ အမည်တွေ ပါဝင်လာတဲ့အကြောင်း တွေ့ရသည်များကို တင်ပြမိပါသေးတယ်။ ဆရာကလည်း သူနေထိုင်မကောင်းစဉ်က မိတ်ဆွေများက ပေးပို့ကူညီကြတဲ့ ငွေကြေးတွေကို ခွဲဝေပြီးတော့ အဲသည်က လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းစွမ်းဆောင်သူတွေထံ ပေးပို့ လှူဒါန်းတဲ့အကြောင်း၊ မိမိနဲ့ ဘ၀တူ နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေကို ကူညီအားပေးရန် သုံးစွဲတဲ့အကြောင်းတွေ ၀မ်းသာရအောင် ပြန်ပြောင်း ပြောပြပါတယ်။
         
          “ခုနင်ကလို ဖြူဖြူသင်းတို့ စောင့်ရှောက်နေတဲ့ လူနာတွေရဲ့ လုပ်ငန်းတွေက မနည်းဘူးပဲ။ အများကြီး။ အစက ကိုယ်က အဲသလောက်လို့တောင် မထင်မိဘူး။ နောက်ကျတော့မှ သိလာရတာလေ။ လူတွေက ဘယ်လောက် အားကိုးတကြီး ဖြစ်ကြသလဲဆိုတာ သိသာပါတယ်။ ဥပဒေအထောက်အကူအဖွဲ့တွေ ဆိုတာလည်း အရေးပါတယ်ဆိုတာ တွေ့ရပါတယ်။ လူတွေက ဥပဒေကြောင်းအရ ကူရာမဲ့၊ ကယ်ရာမဲ့ ဖြစ်နေရတာတွေ အများကြီး ရှိတယ်။ ဒါတွေကို သူတို့တတွေ လုပ်နိုင်ကြဖို့ လိုအပ်ပါတယ်။ နာရေး၊ ကျန်းမာရေး၊ ပညာရေးတွေမှာ လိုအပ်နေတာတွေ ရှိပါတယ်။”
          အဲသည်မှာ မေးဖြစ်တဲ့ မေးခွန်းကတော့ အင်န်အယ်ဒီကသာ ဒီနေရာတွေမှာ အင်န်ဂျီအိုတွေလိုသာ ၀င်ရောက်လုပ်ကိုင်လာမယ်သာဆိုရင် ဘယ်လိုမျိုး တုန့်ပြန်ချက်တွေ ရလာနိုင်သလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အဲသည်မှာ ဆရာဦးဝင်းတင်ရဲ့ ပြောပြချက်အရ အင်န်အယ်ဒီကသာ အဲသည်လိုရပ်တည်မယ်သာဆိုရင် ဘယ်လိုမျိုး အကူအညီတွေ၊ အထောက်အပံ့တွေ ပေးရမလဲလို့ ကမ်းလှမ်းလာကြတာတွေ ရှိတဲ့အကြောင်း၊ ဆရာအနေနဲ့ကတော့ ဒါမျိုးတွေကို စိတ်မ၀င်စားတဲ့အကြောင်း၊ မိမိတို့မူလ ရပ်တည်ချက်များ၊ ဆောင်ရွက်စရာများကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဖြေကြားသွားပါတယ်။
         
          ဆရာဦးဝင်းတင်ရဲ့ သဘောထားများအရ နိုင်ငံရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ဖို့ ဒီ/ချုပ်နဲ့ ဒီ/လှုပ်တွေမှာ ခိုင်မာညီညွတ်တဲ့ ရပ်တည်ချက်တွေ ရှိတယ် ဆိုတဲ့အတွက် မေးမိတဲ့ မေးခွန်းနောက်တခုကတော့ မြန်မာပြည်မှာ ပါတီတွေ၊ ခေါင်းစဉ်တွေ မရှိဘဲနဲ့ ရပ်တည်ခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုတခုကို ကောက်နုတ်ပြဖို့ဖြစ်ပါတယ်။
          “၁၉၅၀ ခုနှစ်တွေတုန်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ၀န်းရံပြီး လှုပ်ရှားခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးကို သာဓကပြချင်ပါတယ်။ အဲသည်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို မဏ္ဍိုင်ပြုပြီး နိုင်ငံရေးသမားတွေ၊ စာပေအနုပညာရှင်တွေ၊ လူငယ်တွေ၊ တသီးပုဂ္ဂလတွေ၊ အလုပ်သမား၊ လယ်သမား လူတန်းစားအလွှာစုံက ပြည်တွင်းငြိမ်းချမ်းရေးအတွက် ၀ိုင်းရံဆောင်ရွက်ကြတာတွေကို တွေ့နိုင်ပါတယ်။ အဲသည်မှာ ပါတီတွေ၊ ခေါင်းစဉ်တွေ၊ ရာထူးတွေ ဆိုတာမျိုး အကန့်အသတ်တွေ မရှိကြဘူး။ အားလုံးမှာ လုပ်စရာ အလုပ်တွေပဲ ရှိတယ်။ ခုချိန်မှာလည်း အဲသည်လိုမျိုး အားလုံးဝိုင်းရံကြရမယ့် မဏ္ဍိုင်ကို အားလုံးက ၀ိုင်းရံပြီး လုပ်ကြရမယ့် သဘောမျိုးလို့ ပြောချင်ပါတယ်။”
          ဒီစကားဝိုင်းမှာ ပြောမိကြတဲ့ ခေါင်းစဉ်ဖြစ်တဲ့ လူမှုရေးနဲ့ နိုင်ငံရေး လှုပ်ရှားမှုနဲ့ အတိုင်းအတာများအကြောင်းကတော့ ဒီလောက်ပါပဲ။ မေးစရာ ကျန်သေးတဲ့ မေးခွန်းတွေနဲ့ စီစဉ်နိုင်သေးရင် စီစဉ်တင်ဆက်ပါဦးမယ်။
         

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts