>Thirimingalar Market privatized after authority offical denial

>

သီရိမင်္ဂလာဈေးအား ရွှေ့ပြောင်းရန် အစီအစဉ်မရှိဟု သက်ဆိုင်တို့ ငြင်းဆိုချက် မှားယွင်းပြီ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၁၁၊ ၂၀၁၀
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ပထမပတ်တွင် ရန်ကုန်မြို့တော်ဝန်က သီရိမင်္ဂလာဈေးနှင့် ဗဟိုစံပြငါးဈေးကြီး ရွှေ့ပြောင်းမည် ဆိုသည့်သတင်းများ ထွက်ပေါ်နေခြင်းနှင့်ပတ်သက်ပြီး ငြင်းဆိုခဲ့ပြီး ၂လ အကြာတွင် သီရိမင်္ဂလာဈေးပြောင်းရွှေ့မည့် သတင်းမှန်ကန်ကြောင်း ပြည်တွင်းထုတ် ဂျာနယ်များတွင် ရေးသားဖေါ်ပြချက် အရသိရှိရသည်။
ယခုနှစ်  ဆန်းပိုင်းမှ စတင်ပြီး အရှိန်အဟုန်နှင့် ပြုလုပ်လာသော ပုဂ္ဂလိကပိုင် ပြုလုပ်ရေး စီမံချက်ထဲမှ အစိတ်အပိုင်း တခုဖြစ်သည့် ပုဂ္ဂလိကပိုင်ဆိပ်ကမ်းများ တိုးချဲ့လုပ်ဆောင်ရေးတွင် အေးရှားဝေါလ် ဆိပ်ကမ်းတိုးချဲ့ရေးအတွက် သီရိမင်္ဂလာဈေးအား ရွှေ့ပြောင်းစေမည့် အစီအစဉ်မှာ အမှန်ဖြစ်ကြောင်း ယခုပတ် ဂျာနယ်များ၏ ရေးသားချက်အရ သိရှိရခြင်းဖြစ်သည်။
ဖေဖေါ်ဝါရီလဆန်း ထိုသတင်းထွက်ပေါ်ခါစက ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက လောလောဆယ် ပြောင်းရွှေ့ရန် ညွှန်ကြားချက်မရရှိသေးကြောင်း၊ မည်သည့် အချက်အလက်မှ ညွန်ကြားထားခြင်း မရှိသေးကြောင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဈေးပြောင်းရွှေ့မည့် သတင်းကို ငြင်းဆိုခဲ့သည်။
ယခုသီတင်းပတ် ထုတ် အပတ်စဉ်ဂျာနယ် နှစ်စောင်တွင် သီရိမင်္ဂလာဈေး ပြောင်းရွှေ့မည်ဆိုသည့် သတင်းကိုဖေါ်ပြခဲ့ကြပြီး လှိုင်မြို့နယ် ၄ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးနဘေး သို့ပြောင်းရွှေ့မည်ဟု ဖေါ်ပြခဲ့ကြသည်။ သီရိမင်္ဂလာဈေးသည် နအဖ အစိုးရအာဏာသိမ်းပြီးနောက်တွင် ဆောက်လုပ်သော ၂၄နာရီ ဖွင့်လှစ်သည့် ကုန်စိမ်းဈေးကြီးဖြစ်ပြီး ဆိုင်ခန်းပေါင်း ၂ထောင်ကျော်ရှိသည်ဟု သိရသည်။
သီရိမင်္ဂလာဈေး၏ ယခုလက်ရှိ တည်နေရာသည် ကုန်စည်ဖလှယ်ရာတွင် သွားလာရေးရော ၊  အချက်အချာကျသည့် အချက် ၂ခုစလုံးတွင် အဆင်ပြေလျက် ရှိသော်လည်း ပြောင်းရွှေ့ရန် လျာထားသည့် လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမ နဘေးမှာ ရန်ကုန်အရှေ့ပိုင်း၊ သာကေတ၊ သံလျင်စည့် နေရာများမှ လာရောက်ရမည့်ဈေးရောင်းဈေးဝယ်များ အတွက် ဝေးလံလွန်းသည်ဟု ဈေးသူဈေးသားများကပြောသည်။
ယခုလို ကောလဟလ သတင်းထွက်ပေါ်ပြီးနောက် အဆိုပါသတင်းမှန်ကန်နေခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်း သတင်းအယ်ဒီတာ တဦးက
“ကျွန်တော်တို့ မြန်မာပြည်မှာက ကောလဟလဆိုတာ အခြေအမြစ်တခုရှိမှ ပေါ်လာတတ်တာမျိုးပါ၊ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေက သူတို့ကို အထက်က ငြှိုးမှာစိုးလို့ အမည်မဖေါ်ရဲပဲ ထုတ်ပြောတော့ ကောလဟလလို့ ထင်နေကြတာ။ နောက်တကယ်ဖြစ်လာတော့မှ အမှန်ဆိုတာသိကြတယ်။ အခုသတင်းလည်း အဲလိုပါပဲ၊
ပုဂ္ဂလိကပိုင်ပြုလုပ်ရေး လုပ်ဆောင်ချက်တွေဟာ ဘယ်ဟာမှ ပွင့်ပွင့်လင်းလင်း မရှိပဲ နောက်ကွယ်မှာ အပေးအယူတွေ သတ်မှတ်ပြီး နောက်အတန်ကြာ တကယ်အကောင်အထည်ဖေါ်မှ သတင်းကထွက်လာတာမျိုး၊ ပြိုင်ဆိုင်မှုလည်း မရှိ၊ လက်သင့်ရာလွှဲပေးနေတဲ့ သဘောပဲ။
အခုသီရိမင်္ဂလာဈေးလည်း အဲလိုပါပဲ သတင်းထွက်ကတည်းက မှန်လိမ့်မယ်လို့ ထင်ပါတယ်။ အခုတော့ အမှန်ပဲဆိုတာ ဖုံးကွယ်လို့မရတော့ဘူး”ဟုဝေဘန်ပြောဆိုသည်။
၂၀၁၀ တွင်ကျင်းပမည်ဟု နအဖ အစိုးရက ကတိပေးထားသည့် ရွေးကောက်ပွဲ နှင့် အာဏာလွဲပြောင်းပေးခြင်း မတိုင်မီ ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများရှိ မြေကွက်၊ အဆောက်အဦ၊ စက်ရုံများအား နအဖ နှင့် အကျိုးတူလုပ်ကိုင်သည့် လုပ်ငန်းရှင်ကြီးများလက်ထဲသို့ တတ်နိုင်သရွေ့ လက်လွှဲပြောင်း ပေးလျက်ရှိသည်ကို တွေ့နေရပြီး ယခုသီရိမင်္ဂလာဈေးသည် ၄င်းအနက်မှ တစ်ခုဖြစ်သည်။
ယမန်နှစ် နှောင်းပိုင်းမှ စတင်ပြီး ပြည်သူပိုင်သိမ်းထားသည့် မြေကွက်များ၊စက်ရုံများ၊ တိုက်ခန်းများ အပါအ၀င် နိုင်ငံပိုင်ပစ္စည်း ထုခွဲရေးကော်မရှင်မှ ယခုအချိန်ထိချိတ်ပိတ်တင်ဒါ ၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး၊ နိုင်ငံတော်ပိုင် ကြယ်ငါးပွင့် သင်္ဘောကော်ပိုရေးရှင်း၊ ရန်ကုန်မြို့ရှိဆိပ်ကမ်းများ၊ မြန်မာ့ နိုင်ငံတကာ လေကြောင်း (MAI) ၊ လှော်ကား ပြည်သူ့ဥယျာဉ်၊ ရွှေတိဂုံ အနောက်ဘက်မုခ် ပြည်သူ့ဥယျာဉ်၊ အစရှိသည်တို့ကို အငှားချပေးခြင်း၊ မြန်မာ့စီးပွားရေးဦးပိုင်သို့ လက်လွှဲပြောင်းပေးခြင်းတို့ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
ထို့ပြင် မကြာမီ မြ၀တီရုပ်သံလိုင်းကိုလည်း ပုဂ္ဂလိကလက်သို့ လွှဲပြောင်းပေးဦးမည်ဆိုသည့် သတင်းများထွက်ပေါ်လျက် ရှိပြီးမည်သည့် လုပ်ငန်းရှင်ဆိုသည့် အချက်မှာမူ ရှင်းလင်းစွာ မသိရသေးကြောင်းလည်း ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀ိုင်း၏ ပြောဆိုချက် အရသိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts