>Win Pe Bag – 22

>

ဝင်းဖေ လွယ်အိတ် ၂၂ – ဘီဘီစီ ပင်တိုင်ကဏ္ဍ
ဝင်းဖေ
ဧပြီ ၁၁၊ ၂၀၁၀
သောတရှင်များ ခင်ဗျား။
ဒုတိယကမ္ဘာစစ်အပြီး မြန်မာစာပေ မဂ္ဂဇင်းဂျာနယ်စာစောင်လောက ပြန်လည်နိုးထလာတာနဲ့အတူ လှပတဲ့ အမျိုးသမီးပုံတွေကို အထူးရေးအားကောင်းလှတဲ့ ပန်းချီဆရာ ဦးကိုလေးဟာ အထင်ရှားဆုံး သရုပ်ဖော်ပန်းချီ ပညာရှင်တယောက် ဖြစ်ခဲ့ပါတယ်။
အဲဒီခေတ်က ရောင်စုံဓာတ်ပုံတွေကလည်း မထွန်းကားသေးပါဘူး။ ရောင်စုံဘလောက်ရိုက် နည်းပညာကလည်း သိပ်ခေတ်မမီသေးတဲ့အတွက် မဂ္ဂဇင်းမျက်နှာဖုံးတွေအဖြစ် အလွန်အသုံးများတဲ့ အမျိုးသမီးအလှတွေကို ပန်းချီဆရာကြီး ဦးကိုလေးက အများဆုံးရေးဆွဲပေးခဲ့ရတာ ဖြစ်ပါတယ်။ သူ့ခေတ်နဲ့သူ့အခါ ဆရာ ဦးကိုလေး ရေးဆွဲတဲ့ အမျိုးသမီးတွေရဲ့အလှရုပ်ရည်မျိုးကို အများစုက လက်ခံနှစ်သက်ကြတာလည်း ပါပါတယ်။
အမျိုးသမီးပုံတွေကို ပန်းချီဆရာကြီးတွေအားလုံး ရေးဆွဲကြတာပါပဲ။ ဒါပေမယ့် ဆရာဦးကိုလေးဆွဲတဲ့ ရုပ်ရည် အလှမျိုးလောက် မနှစ်သက်ကြပါဘူး။ ဥပမာ ဆရာကြီးဦးစန်းလွင်ရဲ့လက်ရာတွေဆိုရင် အနုစိပ်မှာ ဆရာ ဦးကိုလေးထက် အားထုတ်ထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဆရာဦးကိုလေးရဲ့ အမျိုးသမီးအလှတွေကိုပဲ ပိုပြီးနှစ်သက်ကြပါတယ်။
လေးရောင်ဘလောက်လို့ခေါ်တဲ့ ရောင်စုံဘလောက်နဲ့ရိုက်နှိပ်ဖို့ ပန်းချီဆရာတွေက ဆေးရောင်စုံနဲ့ တန်းပြီး ရေးဆွဲလေ့ မရှိကြပါဘူး။ တရောင်ထဲနဲ့ပဲ ဆွဲကြပါတယ်။ အသုံးများတာကတော့ စီပီယာလို့ခေါ်တဲ့ အညိုရောင်နဲ့ ရေးဆွဲပြီး ဘလောက်ဆရာတွေအတွက် ဘယ်နေရာမှာ ဘာရောင် ထည့်ချင်တယ်ဆိုတာကို ပန်းချီဆရာတွေက သီးခြားအရောင်တွေ ညွှန်ပြပေးကြရပါတယ်။
အဓိကကျတဲ့အရောင်တွေကို ဘလောက်ဆရာတွေက လက်ခွဲဆိုပြီး သပ်သပ်အရောင် ခွဲပေးကြရပါတယ်။ အတော်လက်ဝင်ပါတယ်။ အဲဒီဆရာကြီး ဦးကိုလေးခေတ်ဟာ ဆယ်စုနှစ်တခုစာမက ရှည်ကြာပါတယ်။ အဲဒီခေတ် ၁၉၅ဝ ခုနှစ်များ စောစောပိုင်းကတည်းက ပန်းချီဦးအောင်စိုး အိန္ဒိယနိုင်ငံက ပန်းချီပညာသင်ပြီး ပြန်ရောက်လာပါတယ်။ ဆရာအောင်စိုးရဲ့ပန်းချီဟန်က တသီးတခြားနဲ့ သိသိသာသာ ကွဲပြားနေပါတယ်။ သူပြန်မလာခင်က မဂ္ဂဇင်းသရုပ်ဖော်ပုံတွေဟာ သဘာဝအချိုးအစားတွေအတိုင်း ဖော်ဆောင်ရေးဆွဲကြပါတယ်။
ဆရာအောင်စိုးကတော့ စိတ်ခံစားမှုကို ပိုပြီးအသားပေးရေးဆွဲတဲ့အတွက် အဲဒီခေတ်က စိတ္တဇပန်းချီဆိုပြီး သုံးနှုန်းခေါ်ဝေါ်လိုက်ကြပါတယ်။ စိတ်ခံစားမှု အလေးပေးတာကိုစွဲပြီး ကဗျာသရုပ်ဖော်တွေမှာ ပိုပြီး အသုံးများပါတယ်။ အဲဒီခေတ်က ပန်းချီဆရာ ဦးအောင်စိုးရဲ့လူတယောက် မျောက်တကောင် တယောတလက် သရုပ်ဖော်ပုံဟာ ထင်ထင်ရှားရှား ကျော်ကြားခဲ့ပါတယ်။ ထူးဆန်းလို့ကြိုက်တဲ့သူတွေရှိသလို နားမလည်လို့ ကြည့်မရတဲ့သူတွေလည်း အများကြီးရှိပါတယ်။
ဆရာအောင်စိုးရဲ့လက်ရာတွေကို ဆရာဒဂုန်တာရာကစပြီး သုံးတယ်လို့ အမှတ်အသားများပါတယ်။ အဲဒီအချိန်ကစပြီး မြန်မာမဂ္ဂဇင်းလောက ကဗျာသရုပ်ဖော်ကဏ္ဍမှာ ဦးအောင်စိုးရဲ့သရုပ်ဖော်လက်ရာတွေ တစထက်တစ တိုးဝင်များပြားလာပါတယ်။ နောက်ပိုင်းခေတ်များမှာတော့ ကဗျာကို ဆရာအောင်စိုးမှ သရုပ်မဖော်ရင် အရသာမပြည့်သလိုပဲလို့ ပြောကြရတဲ့အဖြစ်အထိ ဆရာဦးအောင်စိုး အောင်မြင်ကျော်ကြား လာပါတယ်။ ဦးအောင်စိုး သရုပ်ဖော်ပုံများ စတင်ရေးဆွဲစဉ်က ဝေဖန်တိုက်ခိုက်မှုတွေ အတော်ကြီးပြင်းထန်ပါ တယ်။ သူ့ခေတ်သူ့အခါအရ အလွန်ပြင်းထန်တဲ့ စကားလုံးတွေနဲ့ အတိုက်အခိုက်ခံရပါတယ်။
ပန်းချီဦးအောင်စိုးရဲ့  သရုပ်ဖော်ပုံတွေဟာ အရင်းရှင်နိုင်ငံတွေက ဖောက်ပြန်တဲ့ စိတ္တဇ အရူးပန်းချီစနစ်ဖြစ်တယ် ဆိုတဲ့ စကားအသုံးအနှုန်းမျိုးဟာ အဲဒီခေတ်အခါအနေနဲ့ အလွန်ရင့်သီးပြီး အန္တရာယ်ကြီးလှပါတယ်။ ဒါပေမယ့် ဦးအောင်စိုးရဲ့ခံစားမှုတွေဟာ စစ်မှန်တဲ့အတွက် ပြင်းထန်တဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို မတုန်မလှုပ် ကြံ့ကြံ့ခံ နိုင်ခဲ့ပါတယ်။ ဦးအောင်စိုးရဲ့ အနုပညာခံယူချက်မှာ ပိုပြီးလွတ်လပ်ကျယ်ပြန့်တဲ့ တွေးခေါ်မှု ရေးနည်းရေးဟန်တွေ ပါဝင်တယ်။ ဒီကနေ့ခေတ် မြန်မာမဂ္ဂဇင်း သရုပ်ဖော်ပန်းချီလောက ခေတ်မီပြီး လွတ်လပ်ကျယ်ပြန့်လာမှုမှာ ဆရာဦးအောင်စိုးရဲ့ ဦးဆောင်မှုကျေးဇူးတွေ အများကြီး သက်ရောက်ပါဝင်ခဲ့ပါတယ်။
သမရိုးကျ မြန်မာမဂ္ဂဇင်းသရုပ်ဖော်ပန်းချီလောကမှာ ဆရာဦးကိုလေးခေတ်ပြီးတဲ့နောက် ဦးသောင်းဟန်ခေတ် ဖြစ်လာပါတယ်။ အမျိုးသမီးပုံများရေးဆွဲတဲ့နေရာမှာ ဦးသောင်းဟန်ဟာ ဦးကိုလေးထက်ပိုပြီး ခေတ်မီ သွက်လက်လာတဲ့အတွက် ဖြစ်ပါတယ်။ ဦးသောင်းဟန်ခေတ်ဟာလည်း အတော်ကြာပါတယ်။ သူ့နောက်မှာတော့ ပန်းချီမောင်ညိုဝင်းတို့၊ ပန်းချီဝသုန်တို့၊ မောင်မောင်သိုက်တို့၊ ဆရာကျော်သောင်းတို့၊ ဆရာ မျိုးမြင့်တို့ခေတ် ဖြစ်လာပါတယ်။ ဆရာတင်မောင်မျင့်ကလည်း သူ့ဟန်နဲ့သူ ထင်ရှားခဲ့ပါတယ်။
စစ်ပြီးခေတ် မြန်မာကာတွန်းလောကမှာကတော့ ဆရာကြီးဦးဘဂျမ်းက ထိပ်ဆုံးက ဖြစ်ပါတယ်။ သည့်နောက်မှာတော့ ကာတွန်းဦးဖေသိန်း၊ ကာတွန်းသန်းကြွယ်၊ ကာတွန်းမောင်စိန်၊ ရုပ်ပြကာတွန်းအောင်ရှိန်၊ ကာတွန်းသော်က ကာတွန်းငွေကြည်၊ ကာတွန်းမောင်ဝဏ္ဏ၊ ကာတွန်းကံချွန်၊ ကာတွန်းမြေဇာ စတဲ့ပုဂ္ဂိုလ်တွေ နေရာယူ ကျော်ကြားအောင်မြင်ခဲ့ကြပါတယ်။ ကာတွန်းဆရာကြီး ဦးဘဂျမ်း စောစောစီးစီးကွယ်လွန်ခဲ့တာဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီး တရပ်ဖြစ်ပါတယ်။ ရုပ်ပြလောကကို ကာတွန်းဦးအောင်ရှိန်က အများကြီး ဦးဆောင်ခဲ့ပါတယ်။
နောက်တော့ ဦးသော်က၊ ဦးအောင်အောင်၊ မြိတ်ဝင်းထိန်၊ ကိုကိုမောင်၊ ကိုတင်မောင်ဝင်းတို့လည်း ပေါ်ပေါက် အောင်မြင်ခဲ့ကြပါတယ်။ ရုပ်ရှင် နံရံကပ်ပိုစတာဒီဇိုင်း ကဏ္ဍမှာတော့ ပထမပိုင်းမှာ ဆရာကြီး ဦးဘသစ်က ဦးဆောင်ပါတယ်။ နောက် ဦးအောင်သန်းသစ်ခေတ်၊ နောက် ပန်းချီစိုးမိုးခေတ်၊ ဒါ့ပြင် ဆရာတင်မောင်မျင့်တို့၊ ဆရာကိုမျိုးမင်းတို့၊ ဆရာမျိုးမြင့်တို့လည်း အောင်မြင်ကျော်ကြားခဲ့ကြပါတယ်။ ရှေ့အပတ်တွေမှာ ပန်းချီဆရာကြီးများနဲ့ သူတို့ရဲ့ထူးခြားတဲ့ အဆိုအမိန့် တွေကို ဆက်လက်တင်ပြပေးဦးမှာ ဖြစ်ပါတယ်။
ကျန်းမာ ချမ်းသာကြပါစေ။ ကျနော် ဝင်းဖေပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts