>My Academy Sein – No Ending of Korea TV Series in Myanmar TV

>

ဇာတ်မသိမ်းနိုင်သော မြန်မာပြည်က ကိုရီးယားကားများ

မိုင်အကယ်ဒမီစိန်
ဧပြီ ၁၁၊ ၂၀၁၀
မြန်မာ့ရုပ်မြင်သံကြားမှာ ကိုရီးယားကားများ ပြတယ် ပြတယ်နှင့် ကြည့်လို့ကောင်းနေတုန်း၊ ကောင်းနေဆဲများ တခါတရံ ဘာအကြောင်းပြချက်မှမပေးဘဲ ဆက်မပြတော့တာတွေ ရှိလာသည်။ အမှန်တော့ စကတည်းက မပြရင်လည်း ပြီးတာပဲ မဟုတ်ပါလား။ ပြရင်းတန်းလန်းမှ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တ၊ လူမူရေးချိုးဖောက်ပျက်ပြားမူ၊ လူငယ်လူရွယ်များ မှားယွင်းသော နည်းပေးလမ်းပြများ၊ အိမ်ထောင်ရေး ဖောက်ပြန်မူများကို ကွက်ကွက်ကွင်းကွင်း မြင်လာကာ ဆက်မပြရဲတော့တာလား။ နားတော့ မလည်ပါ။ အမှန်တော့ စကတည်းက မပြလျင် ဘာမှမဖြစ်။ အခုတော့ကြည့်နေသူများကို တိုးလို့တန်းလန်း ထားပစ်ခဲ့တာ တခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်တော့ ပြောရတော့မည်။
ယခုလတ်တလောတော့ “ဆူးလွှမ်းသောနှင်းဆီ” ကိုရီးယားကားရှည်ကြီးလည်း ဟိုမရောက် သည်မရောက်နှင့် ရပ်သွားပြန်ပြီ ဖြစ်သည်။ အမှန်တော့ သည်ကားကို အစအဆုံးငှားကာ အိမ်မှာ ထိုင်ပြီးကြည့် ပြီးသွားပါပြီ။ ကိုရီးယားလိုပြောကာ တရုတ်စာတန်းထိုးမို့ တလုံးမှတော့ နားမလည်ပါ။ သို့ပါသော်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကြီးကို၊ ဖောက်ပြန်သူများကို ဇောင်းပေးကာ ရိုက်ကူးထားခြင်း၊ မကောင်းတာ လုပ်သော်လည်း  လူရှေ့ သူရှေ့ မျက်နှာပြောင်တိုက်ဝံ့ခြင်း၊ သူများအိမ်ခြံထဲ အိမ်ရှင်ဖိတ်မခေါ်ဘဲ ၀င်ရောက်ကာ ထမင်းစားစားပွဲများ ကို ခြေထောက်နှင့် ကန်ကျောက်၊ ရန်တွေ့အော်ဟစ်၊ အရှက်ကင်းမဲ့သော အကျင့်စရိုက်၊ ပါးရိုက် ဆံပင်ဆွဲ၊ ကောင်းတာလုပ်သော်လည်းမကောင်းမူပြုသူနှင့် ယှဉ်ကာပြိုင်သောကြောင့် ကောင်းသောသူ၏ စရိုက်များပင် အကျင့်ဆိုးများလွှမ်းသွားကာ၊ မကောင်းသူနှင့် အဆင့်အတန်းချင်း တူသွားပုံများကို ရိုက်ကူးထားသော ကားတကား ဖြစ်လေသည်။
ထိုကားကို ဘယ်လောက်မှမရှိသေး … ပထမပိုင်းရပ်ပြီဟု ကြေငြာလိုက်ပါသည်။ ကားက ဇာတ်တခုလုံး၏ ၁၀ ပုံ ၁ ပုံ ပင် မရှိသေးပါ။ တော်တော်တော့ ကြည့်လို့ကောင်းသည့် ကိုရီးယားကား တခုဖြစ်သည်။ ပရိသတ်များလည်း ဒုတိယပိုင်း၊ တတိယပိုင်းများကို စောင့်မျှော်ကာ နေရလေသည်။ အမှန်တော့ မြန်မာ့ထုံးတမ်းအစဉ်အလာ မြန်မာ့ယဉ်ကျေးမူနှင့် မကိုက်ညီသောကြောင့် ဆက်လက် မပြတော့ပါဟု စာတမ်းထိုး ပြီးလိုက်လည်း ကျေးဇူးတောင်တင်မိပါဦးမည် ဖြစ်ပါသည်။
ယခုလည်း နောက်အသစ်ဝင်လာသော ကိုရီးယားကား “နှင်းဆီရောင်ဘ၀”က ပိုတောင်ဆိုးနေသည်ဟု ဆိုရမည်လား မသိပါ။ အိမ်ထောင်ရေး ဖောက်ပြန်သော အိမ်ထောင်ရှိယောကျားင်္များကို ပြသခြင်း၊ သူတို့မှာ ကလေးများရှိရက်နှင့် အိမ်ထောင်ရှင်က တခြား အမျိုးသမီးနှင့် ဖောက်ပြန်ခြင်း၊ အိမ်ထောင်မပြုသော မင်းသမီးငယ်ကလည်း အိမ်ထောင်ရှိယောင်္ကျားနှင့်အတူနေပြသော ပြကွက်များမှာ ဆင်ဆာများ ပိတ်ပင်ထား၍သာ တော်တော့သည်။
အိမ်ထောင်ရှင်များ ဖောက်ပြန်ရာတွင် သူတို့မိသားစု အားလုံး ဘယ်ယောကျာ်းမှ မကောင်းကြပါ။ အဖေကလည်း မယားငယ်ယူပြီး မယားကြီးနှင့် သူ့သားသမီးများနေနေသောအိမ်ကို ပေးသွားသည်။ သူ့သားကလည်း ဇနီးသည် “အုတ်ခွာ” ရှိရက်နှင့် ကလေးတယောက်မိခင်ဖြစ်သူနှင့် ဖောက်ပြန်သည်။ သူ့သမီး၏ ယောကျာ်းကလည်း အသက်ကြီးကြီး ချမ်းသာသောမိန်းမများထံမှ ခြူစားကာ ဖောက်ပြန်နေသည်။ ထိုဇာတ်ကားမှ မင်းသမီး (သူက ထိုမိသားစု၏ ချွေးမဖြစ်သူ အုတ်ခွာ၏ ညီမ) လုပ်သူက အိမ်ထောင်ရှင်နှင့်အတူနေကာ သူများအိမ်ထောင်ရေးကို ဖျက်ဆီးနေသည်။ ထိုကဲ့သို့ မိသားစုလိုက်ကြီး ထိုဖောက်ပြန်မှုစက်ကွင်းထဲမှာ လည်ပတ်နေသည်မှာ မျိုးရိုးလိုက်တာများလား … ဒါမှမဟုတ် ဘာသဘောများပါလိမ့်။
မြန်မာ့ရုပ်ရှင်ကားများတွင် မြင်ရတွေ့ရခြင်းမရှိသော ရုပ်ရှင်ဇာတ်လမ်းပြကွက်များသာမက မြန်မာဗုဒ္ဓဘာသာမှာ တားမြစ်ထားသော “ဒု၊ သ၊ န၊ သော” ဆိုသော စကားကြီး လေးလုံးလည်း ဘယ်ရောက်နေတယ် မသိပါ။ ၅ ပါး သီလထဲက သူများသားမယားပြစ်မှားခြင်း ဆိုသော သီလတရားလည်း ထိုကိုရီးယားကားကျမှ အရူံးပေးရတော့မည် ထင်သည်။
ထို့ပြင် မြန်မာရုပ်ရှင်များတွင် လူဆိုး သူခိုး တေလေများ၊ ဓါးပြများပင် အိမ်ထောင်ရှိမိန်းမကို ပြစ်မှားဖို့ နေနေသာသာ အိမ်ထောင်ရှင်အမျိုးသမီးဆိုရင် လက်ဖျားနဲ့တောင် မတို့ရဲပါဘူးဗျာ။ ယခုတော့ ထိုကိုရီးယားကားကျမှ အလွန်ရဲတင်းသော လုပ်ရပ်များ၊ စကားလုံးများကို ကြမ်းတမ်းစွာ သုံးစွဲထားလိုက်သည်မှာ အံ့သြပြီးရင်း အံ့သြမိပါသည်။
ယခုလည်း ထိုကားက မပြီးသေးပါ။ အခုမှ အစသာ ရှိသေးသည်။ ထိုရုပ်ရှင်ကားဆိုလိုတာက ကြည့်ရတာတော့ အဘိုး အဖေများ၏ မယားငယ်ယူသောလုပ်ရပ်သည် ကိုယ့်မိသားစု၊ ကိုယ့်သမီး၊ ကိုယ့်ချွေးမအထိပင် ထိခိုက်ကာ ဒုက္ခတွေ့ရပုံ၊ ဘိုးဘွားဘီဘင်တို့ ပြုခဲ့သာ မကောင်းမူသည် နောက်ဆုံးတော့လည်း သူတို့နှင့်ပတ်သက် ဆက်နွယ်နေသောသူများထံ ကူးစက်လောင်ကျွမ်းလေသတည်းဟု ဖြစ်ပုံရပါသည်။
နောက်လည်း ဘာတွေဆက်ပြဦးမယ် မသိပါ။ သို့ပါသော်လည်း ထိုဇာတ်လမ်းဇာတ်ထုပ်ကြီးကို အဆုံးထိ မြန်မာ့ရုပ်မြင်သံကြားမှာ ပြဖို့တော့ လိုပါသည်။ တော်ကြာ ဒီ့အရင်ဇာတ်လမ်းတွေလို တို့လို့တန်းလန်းထားလိုက်လျှင် ဆန့်တငန့်ငန့် ဖြစ်ကျန်ရစ်မှာက ကိုရီးယားရုပ်ရှင်ပရိသတ်ကြီးပဲ ဖြစ်ပါတော့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts