>Maung Swan Yi – mandalay Takatha Student Leader Ko Saw Lwin

>

မန်း တကသ ဥက္ကဋ္ဌ ကိုစောလွင်
မောင်စွမ်းရည်
ဧပြီ ၆၊ ၂၀၁၀
          ကျနော်တို့ အရွယ်ရောက်လို့ ၀ထ္ထုတွေ အများကြီးဖတ်လာတဲ့ အချိန်က စာပေလော ကမှာ လင်းယုန်နီရဲ့ “ချစ်မမ” “မမမြင့်” “ချစ်သောမမ” “ချစ်မမမြင့်” စသည်မြင့် နောက်ဆက် တွဲတွေ ရေးမဆုံးဖြစ်နေခဲ့ပါတယ်။ ဇာတ်လိုက်က တက္ကသိုလ်ကျောင်းသားလေး “မောင်စော လွင်” တဲ့။ ကျနော်တို့ ပတ်ဝန်းကျင်မှာ မောင်စောလွင်နာမည်နဲ့ ကျောင်းသားတွေကလဲ များမှ များ။ ချစ်မမ၀ထ္ထုမပေါ်ခင်က မွေးနှင့်တာတွေပါ၊ သူ့ခေတ်နဲ့သူပါပဲ။ စောလွင်ခေတ်ပေါ့။
          ကျနော်မန္တလေး အမှတ် ၁ အစိုးရအထက်တန်းကျောင်းမှာ တက်နေတဲ့ ၁၉၅၃-၅၅မှာ ကျောင်းသားသမဂ္ဂစာစောင် တာဝန်ခံက “စောလွင်”တဲ့။ ခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မန္တလေး ‘အမတ်’ တပါးပေါ့။ ကျနော် တက္ကသိုလ်လဲရောက်ရော တပ်ဦး၊ တကသမှာ စောလွင်တွေ လေးယောက်တောင်။ မန္တလေး၊ ညောင်ဦး၊ မုံရွာ၊ ကောလင်း တိုက စောလွင်တွေပါ။ လူချင်းရင်းနှီးသူတွေချည်းပြောတာ။ မရင်းနှီးတာတွေ ဘယ်လောက်ရှိမှန်း မသိခဲ့ဘူး။ တကသ ဥက္ကဋ္ဌကိုက “စောလွင်” နှစ်ယောက်။ မန္တလေးစောလွင်နဲ့ ညောင်ဦးစောလွင်၊ မန္တလေးစောလွင်တောင်မှ ‘ရှမ်းပွဲစောလွင်’လို့ ထပ်ခွဲရသေးတယ်။ ရှမ်းပွဲရပ်က စောလွင်။ ရှမ်းပွဲစောလွင်က ကျနော်နဲ့ အလွန်ရင်းပါတယ်။ တကသမှာသူ ဥက္ကဋ္ဌ၊ မုံရွာတင်ရွှေ အတွင်းရေးမှုးအဖြစ် အရွေးခံရတဲ့ ၁၉၅၈-၅၉ မှာ ကျနော်က သမဂ္ဂစာကြည့်တိုက်မှုးပါ။ အဲ့ဒီအမှု့ဆောင်တွေထဲမှာ အမှတ် ၁ အထက စောလွင်ရဲ့ အမကြီး မတင်ရီတောင်ပါလိုက်သေးတယ်။
          တကသ ဥက္ကဋ္ဌဖြစ်လာမဲ့ ကိုစောလွင်ကို ကျနော်မန္တလေး တက္ကသိုလ်ရောက်စနှစ် ၁၉၅၆-၅၇က မြန်မာအသင်းနှင့် ကလောင်ရှင်အသင်း အစည်းအဝေးတွေမှာ စပြီးမြင်ဖူးပါတယ်။ အရပ်မြင့်မြင့် မျက်မှန်နဲ့ အမြဲပြုံးနေတတ်ပြီး ကင်မရာလေးတလုံးကိုလဲ အမြဲလွယ်ထားတတ်ပါတယ်။ သူ့ကြည့်ရတာ ဗိုလ်မဆန်တဲ့အပြင် ဗိုလ်လိုပြောတာလဲ သူ့ဆီကမကြားဖူးလို့ သူ့ကို “မစ်ရှင်ကျောင်းထွက်” လို့ခေါ်တဲ့ ခရစ်ယာန်သာသနာပြုကျောင်းထွက်မှန်း မသိပါဘူး။
မောင်ပေါက်စည်(ကဗျာဆရာ)၊ ဒါရိုက်တာမောင်မိုးသူ၊ ကိုစောလွင်၊ လူထုဦးလှ ဒေါ်အမာတို့ရဲ့သားများ ဖြစ်ကြတဲ့ ကိုစိုးဝင်း၊ ကိုဖိုးသံချောင်းစတဲ့ တကသတပ်ဦးမှာ ထင်ရှားတဲ့ ကျောင်းသားတွေဟာ ခရစ်ယာန်သာသနာပြုကျောင်းဖြစ်တဲ့ စိန့်ပီတာကျောင်းသားဟောင်းတွေပါ။ တက္ကသိုလ်ကို သူတို့ရောက်ခါစမှာ စိန့်ပီတာကျောင်းသားဟောင်းများအသင်းရဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှုးစတဲ့ အမှု့ဆောင်နေရာတွေမှာ ပါဝင်လှုပ်ရှားကြခဲ့ကြသူတွေ ဖြစ်ပါတယ်။
ကိုစောလွင်ရဲ့ ကျောင်းနာမည်က “ပီတာဘသန်း” တဲ့၊ သူနဲ့ကျောင်းနေဖက်တွေက “ပီတာ”လို့ပဲ ခေါ်ကြပါတယ်။          တကယ်တော့ သူနဲ့ကျနော် အထက်တန်းကျောင်းမှာ ကျောင်းနေဖက်မဟုတ်ပေမဲ့ အထက်တန်းကျောင်းသားဘ၀ကပဲ ထင်ရှားတဲ့ “ကင်းထောက်လုလင်” (ဘွိုင်းစကောက်) အဖြစ် သူ့ကိုမြင်ဖူးတယ်ထင်ပါတယ်။ သူက (သြစတေးလျမှာ ကျင်းပတဲ့) ကင်းထောက်ညီလာခံ (ဂျမ်သူရီ) တက်ဖူးသတဲ့။ အဲ့ဒီတော့ ပေါ်ဦးသက်(ပန်းချီ)နဲ့ ကျနော်က အမှတ် ၁ အထကကျောင်း တက်နေတုန်းပေါ့။ နှစ်ယောက်လုံး ကင်းထောက်အဖွဲ့ဝင်တွေပါ။ ၀န်ကြီးချုပ်ဦးနုက ကင်းထောက်လုလင်ဝတ်စုံဝတ်ပြီး ပါဝင်အားပေးနေတဲ့ ကာလပေါ့။ ကျောင်းသားသမဂ္ဂနဲ့ အပြိုင်ဖွဲ့ ဖြစ်ပေမဲ့ သမဂ္ဂကျောင်းသားတွေကလဲ ကင်းထောက်တွေချည်းပါ။
          ကင်းထောက်လုလင်(ဘွိုင်းစကောက်)အဖွဲ့မှာ ပါဝင်လုပ်ကိုင်နေရာကနေ ကျောင်းသားခေါင်းဆောင်တွေ ဖြစ်လာကြတာများပါတယ်။ ကိုစောလွင်ဟာ နဂိုက မန္တလေးမှာ ထင်ရှားတဲ့ကျောင်းသားဖြစ်လို့နဲ့တူပါရဲ့ တက္ကသိုလ်ရောက်ပြီး မကြာခင် တနှစ်အတွင်း သမဂ္ဂအမှု့ဆောင်ရွေးပွဲဝင်ဖို့ အင်အားကောင်းတဲ့ “ကျောင်းသားညီညွတ်ရေးတပ်ဦး” ကိုယ်စားလှယ်အဖြစ် အရွေးခံရပါတယ်။
အဲ့ဒီတပ်ဦးအဖွဲ့ကို ဖဆဆိုရှယ်အစိုးရက ကွန်မြူနစ်ကျောင်းသားတွေဆိုပြီး မျက်မုန်းကျိုးပါတယ်။ ကိုစောလွင်ရဲ့ဖခင်က ဖဆဆိုရှယ်ခေါင်းဆောင် ဦးကျော်ငြိမ်းတို့ ဗိုလ်ခင်မောင်ကလေးတို့နဲ့ ရင်းနှီးသူပါ။ ကိုစောလွင်အရွေးခံမယ့်အကြောင်းကို သတင်းစာတွေထဲမှာပါလာတော့ ဗိုလ်ခင်မောင်ကလေးတို့က မန္တလေးကိုလူလွှတ်ပြီး ကိုစောလွင်ကိုခေါ်တယ်။ တတိယအတွင်းဝန်ရာထူးပေးမယ်။ ရန်ကုန်ဆင်းခဲ့၊ သူပုန်ကျောင်းသားတွေနဲ့ ၀င်မပါနဲ့ပေါ့။
          ကိုစောလွင်ရဲ့အဖေကလဲ သူ့သားကို အရွေးမခံနဲ့လို့ကန့်ကွက်တယ်။ ကိုစောလွင်က ရာထူးလက်မခံဘဲ၊ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် အရွေးခံပါတယ်။ ခရစ်ယန်သာသနာပြုကျောင်းသာဟောင်းထဲက ခုလိုအရွေးခံတာရှားပါတယ်။ သဌေးသားလူဘော်ကြော့တွေ များတာကိုး။ ခုလိုကျောင်းသားညီညွတ်ရေးတပ်ဦးအဖွဲ့ရဲ့ ကိုယ်စားလှယ်အဖြစ်အရွေးခံကို “မစ်ရှင်ကျောင်းသားဟောင်း” ထဲကဆိုရင် ကိုစောလွင်ပထမဆုံးဖြစ်မယ်ထင်ပါတယ်။ နောက်တော့ အင်ဒရူးမြဟန် (မောင်ပေါက်စည်)၊ ကိုစိန်မြင့်(မောင်မိုးသူ)၊ အာသာတင် (ရုပ်ရှင်သရုပ်ဆောင် ကိုအောင်တင်) စတဲ့ မစ်ရှင်ကျောင်းသားအများစုကလဲ သူတို့နောက်က ပါလာခဲ့ကြပါတယ်။
          ကိုစောလွင်ဥက္ကဋ္ဌဖြစ်လာတော့ အရင်လို ကင်မရာလေးတလွယ်လွယ်နဲ့ မဟုတ်တော့ဘဲ၊ “လွယ်အိပ်လွယ်တဲ့ ပင်နီတိုက်ပုံဝတ်ကျောင်းသား” ဖြစ်လာပြီပေါ့။ တကယ်တော့ သူ့ဖခင်သနပ်ဖက်ကုန်သည်သဌေးကြီးကလဲ မျိုးချစ်နိုင်ငံရေးသမားပါပဲ၊ သူ့အိမ်အပေါ်ထပ်က ကျောက်ဖြူစားပွဲကြီးတလုံးမှာ ကုလားထိုင်တွေချထားတယ်။ ဒီကုလားထိုင်မှာ ဘယ်နှစ် ဘယ်လ၊ ဘယ်ရက်က ဒေါက်တာဘမော်ထိုင်သွားတယ်၊ ဒီကုလားထိုင်မှာ ဗိုလ်ချုပ်အောင်ဆန်းထိုင်သွားတယ် စသဖြင့် စာတန်းတွေထိုးထားတာရှိပါတယ်။ ဒါပေမဲ့ သဌေးနိုင်ငံရေးလောကမှာ ၀င်ဆန့်ခဲ့သူက သူ့သားမောင်စောလွင် လက်ဝဲကျောင်းသားခေါင်းဆောင်ဖြစ်သွားတာကိုတော့ ဘယ်ကြိုက်မလဲ။
          ကိုစောလွင်နေတဲ့ သူ့မိဘအိမ်ကြီးက အကြီးကြီးပါ။ ဘုန်းကြီးကျောင်းကြီးလိုပါပဲ၊ အိမ်ခြံဝန်းကြီးထဲမှာ သနပ်ဖက်ရုံကြီးတွေလဲရှိပါတယ်။ သူ့အမေမှာလဲ မလွန်ရပ်ထဲမှာ တိုက်ကလေးတွေ သုံးလုံးပါတဲ့ အိမ်ခြံဝန်းတခုရှိပါတယ်။ အရှေ့ဘက်က တိုက်ကလေးမှာ အမေတဦးတည်းနေပါတယ်။ အဲ့ဒီတိုက်ကလေးတွေ ငှါးပြီးဝင်ငွေရှာရင်လဲ ရတာပေါ့။ ဒါပေမဲ့ ကိုစောလွင်က သူ့သူငယ်ချင်းရဲဘော်တွေကိုပဲ တယောက်ပြီးတယောက် အခမဲ့ခေါ်တင်ထားပါတယ်။ ၀င်ငွေရတဲ့ အလုပ်လဲ ဘာမှ မလုပ်ဖူးပါဘူး။ သူ့ဆရာ၊ သူ့မိတ်ဆွေ သူငယ်ချင်းတွေကို ကားနဲ့ ကြိုပို့တယ်၊ ကျွေးမွေးတယ်။ လူထုသတင်းစာတိုက်မှာတော့ ၀ါသနာအလျောက် ခဏ၀င်လုပ်ဖူးပါရဲ့။ ဒါလဲဝင်ငွေရှာတာမဟုတ်ပါဘူး။ မိဘအမွေနဲ့ပဲ နေနိုင်စားနိုင်ပါတယ်။
          ကျောင်းသားခေါင်းဆောင်အားလုံးလောက်ဟာ စာပေ၀ါသနာပါတယ်။ ကိုနု၊ ကိုသိန်းဖေ၊ ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့ လက်ထက်ကတည်းက အစဉ်အလာလိုဖြစ်လာခဲ့တာပါပဲ ထင်ပါတယ်။ ကိုစောလွင်ကလဲ စာပေသမားပါပဲ။ လူထုသတင်းစာမှာ အယ်ဒီတာလုပ်နေတုန်းကလဲ “မောင်တောလူ” ကလောင်အမည်နဲ့ ကဗျာအတိုအထွာလေးတွေ ရေးခဲ့ပါသေးတယ်။ တက္ကသိုလ်က စာပေအသင်းအဖွဲ့တွေမှာရော၊ တက္ကသိုလ်ပြင်ပ စာပေအသင်းအဖွဲ့တွေမှာရော အမြဲပါဝင်လှုပ်ရှားပါတယ်။
ကိုစောလွင်ဥက္ကဋ္ဌလုပ်ရတဲ့နှစ်မှာ ပွဲကြီးလမ်းကြီးတွေနဲ့လဲ တိုက်ဆိုင်ပါတယ်။ မန္တလေးတက္ကသိုလ်ဟာ ရန်ကုန်တက္ကသိုလ်ရဲ့ လက်အောက်ခံကောလိပ်အဖြစ်က လွတ်ကင်းပြီး သီးခြားတက္ကသိုလ်ဖြစ်တော့မှာမို့ သီးခြားတက္ကသိုလ်အကြိုပွဲတော်ကြီးကို မြို့ လူထုကပါ ပါဝင်အားပေးကျင်းပဖြစ်ခဲ့ပါတယ်။
          တက္ကသိုလ်ငွေရတုပွဲလဲ သူ့လက်ထက်မှာပဲ လုပ်ခွင့်ကြုံတယ်။ အထူးအရေးကြီးတာကတော့ ၁၉၅၈ ခုနှစ်မှာ ၀န်ကြီးချုပ်ဦးနုက ငွေထုတ်ပေးလို့ နိုင်ငံတော်စရိတ်နဲ့ တက္ကသိုလ်ပေါင်းစုံပညာရေး နှီးနှောဖလှယ်ပွဲကြီး ကျင်းပခွင့်လဲ ကြုံရတာပါပဲ။ မန္တလေးတက္ကသိုလ်က အသင်းအဖွဲ့ပေါင်းစုံကို ကိုစောလွင်၊ ကိုတင်ရွှေ(မုံရွာတင်ရွှေ)တို့ ဦးဆောင်ပြီး ရန်ကုန်တက္ကသိုလ်မှာ ကျင်းပတဲ့ ပညာရေးနှီးနှောဖလှယ်ပွဲကြီးကို တက်ရောက်ဆင်နွဲကြရပါတယ်။
မောင်မိုးသူ၊ မောင်သိန်းနိုင်၊ တင်မိုး၊ မောင်စွမ်းရည်တို့လဲ လိုက်ပါဆင်နွဲဖြစ်ကာ အင်မတန်ကျယ်ပြန့်တဲ့ အတွေ့အကြုံတွေကို ရရှိကြပါတယ်။ တဆက်တည်းမှာပဲ မော်လမြိုင်ကောလိပ်က တက္ကသိုလ်ကောလိပ်ပေါင်းစုံ ယဉ်ကျေးမှု့နဲ့ အားကစားပွဲတော်ကိုလဲ နွဲလိုက်ရပါသေးတယ်။ ကိုစောလွင်ဟာ ကျောင်းသားသမဂ္ဂအမှုဆောင် ဘ၀ကလွတ်ကျွတ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ ပါဝင်တော့မှ အဖမ်းခံလိုက်ရပါတယ်။ ကံကောင်းလို့ ကိုကိုးကျွန်းကို မပါလိုက်ရတာပေါ့။
          ကျနော်တို့တတွေ (မန်းတက္ကသိုလ်ကျောင်းသားသမဂ္ဂလူထွက်တွေ)အားလုံးလောက် ဟာ လူထုသတင်းစာမှာ ၀င်ရောက်ရေးသားကြပါတယ်။ မန္တလေးမှာ ဒီတခုပဲ စင် ရှိတာကိုး။  မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းက စာပေ၀ါသနာရှင်များကလဲ အထက်ဗမာနိုင်ငံစာ ရေးဆရာအသင်းမှာ ဆက်လက်ပါဝင်လှုပ်ရှားကြပါတယ်။ ၁၉၆၃ ခုနှစ်မှာ ဦးလေးလူထုဦးလှက ဥက္ကဋ္ဌပေါ့ “မောင်သိင်္ဂါ” လို့ ကလောင်ဘွဲ့ခံထားတဲ့ မောင်သာနိုးက အတွင်းရေးမှုး၊ မောင်စွမ်းရည်က တွဲဖက်အတွင်းရေးမှုး၊ ကိုစောလွင်က ဘဏ္ဍာရေးမှုးပေါ့။
ကိုစောလွင်ဟာ လူမှုရေး၊ ဘာသာရေးအသင်းမျိုးစုံမှာလဲ ပါဝင်လှုပ်ရှားနေလို့ လူထုဦးလှကလေး၊ ဒုတိယဦးလှကလေးစသဖြင့် ဘွဲ့ပေးထားကြလေရဲ့၊ ကိုစောလွင်ဟာ တရုပ်ဗမာ မိတ်ဆွေဖြစ်အသင်းမှာ၊ အတွင်းရေးမှုး လုပ်တယ်၊ တရုပ်သမိုင်း၊ တရုပ်နိုင်ငံရေး လေ့လာမှု့ တရုတ်စာတောင် သင်ယူလိုက်ပါသေးတယ်။ ဘာသာရေးဘက်မှာလဲ လုပ်ပါတယ် တပိဋကဆရာတော် ဦးဝိစိတ္တသာရရဲ့ ဥပသက အတွင်းရေးမှုး သာသနာ့တက္ကသိုလ် ဖြစ်မြောက်ရေးမှာ ဦးလေးလူထုဦးလှနဲ့ တွဲဖွဲ့ရပါတယ်။
          ဒေါက်တာသန်းထွန်း ရန်ကုန်ကနေ မန္တလေးတက္ကသိုလ်ကို ပြောင်းလာတော့ ဦးလေး၊ ဒေါ်ဒေါ်(ဒေါ်အမာ) တို့ကအစ ကျနော်တို့အားလုံးပဲ ဒေါက်တာသန်းထွန်းနဲ့ တွဲမိကြတယ်။ ပါမောက္ခချုပ်ကလဲ ဦးကျော်ရင်(လေထီးဦးကျော်ရင်) အဲ့ဒီနှစ်တွေလောက်မြိုင်ဆိုင်တာ မရှိဘူး။ မန္တလေးက လူငယ်တွေထဲမှာ ကိုစောလွင်ကတော့ အဲ့ဒီဆရာကြီးတွေနဲ့ အတွဲဆုံးပေါ့။ ဒေါက်တာသန်းထွန်းဆိုတာလဲ ဗကသဥက္ကဋ္ဌ(၁၉၄၇)ဟောင်းပေကိုး။ ဦးကျော်ရင်ကလဲ ရန်ကုန်မှာ ဖဆပလရုံးမရှိခင်ကပဲ မန္တလေးမှာ ဦးလေးလူထုဦးလှနဲ့အတူ ဖဆပလအဖွဲ့မျာ ပါဝင်လှုပ်ရှားခဲ့သူပေကိုး။ အားလုံးညီအကိုတွေလိုပါပဲ ဒီအခါမှာ ကိုစောလွင်လဲပဲ သမိုင်းသုတေသီတပိုင်း ဖြစ်လာခဲ့ပါပြီ။ သူ့အိမ်မှာ ကျောက်လက်နက်တွေ၊ အိုးခြမ်းပဲတွေ၊ ပေပုရပိုက်တွေ ပုံနေပါပြီ။
          ကျနော်တို့ အသိုင်းအ၀ိုင်းထဲမှာ ကျောင်းသားဘ၀နဲ့ အိမ်ထောင်ကျသွားသူတွေ အများကြီးပါပဲ။ မောင်သိန်းနိုင်(ဂုဏ်ထူးသိန်းနိုင်) ဆိုရင် ၇ တန်း ၈ တန်းကျောင်းသားဘ၀ကပဲ အိမ်ထောင်ကျခဲ့ပြီး တက္ကသိုလ်ရောက်တော့ မယားတွဲလောင်း၊ သားတွဲလောင်းဖြစ်နေပါပြီ။ (ကျနော်တို့ အိမ်ထောင်ကျတော့ ကိုယ့်ရှေ့ အိမ်ထောင်ကျနှင့်သူတွေတချို့၊  နောက်ထပ်အိမ်ထောင်သစ်တွေတောင် ရှာပြီးနေကြပါပြီ။ အဲ့သလောက်စွမ်းသူများလဲ ရှိလေရဲ့) မောင်သိန်းနိုင်၊ မောင်မိုးသူ၊ မောင်ပေါက်စည်၊ တင်မိုး၊ ကိုလေးအင်းဝဂုဏ်ရည်၊ ကိုစောလွင်စတဲ့ ရဲဘော်များက ကျနော်တို့ထက် အိမ်ထောင်ကျတာစောပါတယ်။ ကြည်အောင်ကတော့ အသက် ၇၀ကျော် လူပျိုကြီးဘ၀နဲ့ ဆုံးသာသွားရော အိမ်ထောင်မကျလိုက်ရှာပါဘူး။
ကိုစောလွင်ရဲ့ အိမ်ထောင်ဖက်က မစိန်စိန်ရီတဲ့။ ကျနော်တို့ မြင်းခြံဆက်ဆိုလား။ သူ့အမေကတော့ တံတားဦး အင်းဝ ဘက်ကဆိုတော့ ရပ်ဆွေရပ်မျိုးဖြစ်မှာပေါ့။ (ရန်ကုန်က “မြန်မာအမျိုးသမီး” ပုံနှိပ်လုပ်ငန်းရှင်) “ကိုစောလွင်”ကလဲ မန္တလေး ကိုစောလွင် အဆက်တွေပါပဲ။     ကိုစောလွင်တို့မှာ သား ၅ ယောက်၊ သမီး ၂ ယောက် အားလုံး ၇ ယောက်ပါ။ သူ့သားတွေထဲမှာ တယောက်ရဲ့ နာမည်က “လမင်းတရာ” တဲ့။ ကြည်အောင်ရဲ့ ကဗျာစာအုပ် “လမင်းတရာ” ထွက်လာတော့ မွေးတဲ့သားပါ။ ခုအဲ့ဒီသားက အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိမှာ သွားဆရာဝန်အဖြစ်နဲ့ အသက်မွေးနေပါတယ်။
နောက်သားတွေကျတော့ “နေမင်းတထောင်”၊ “ကြယ်မင်းတသောင်း”ဆို ထင်ပါရဲ့။ ကဗျာဆရာကြည်အောင်ကလဲ ကိုစောလွင်လိုပဲ တံတားဦး အင်းဝမျိုးပါ။ မန္တလေးမှာဆိုရင် ကြည်အောင်နေတဲ့ ကြည်အောင်ရဲ့ အမကြီးအိမ်နဲ့ ကိုစောလွင်တို့ အိမ်က သိပ်မဝေးဘူး ကျန်တဲ့ သူငယ်ချင်းတွေရဲ့ အိမ်တွေထက်လဲ နီးပါတယ်။ အသွားအလာ အ၀င်အထွက်များပါတယ်။
          ကိုစောလွင်အိမ်ကို မြင်းခြံသားတွေ အ၀င်အထွက်များပါတယ်။ သူ့အပေါင်းအသင်းတွေထဲမှာ ကဗျာဆရာလေးမောင်(မြင်းခြံ)၊ ကိုကိုးကျွန်း အစာငတ်ခံတိုက်ပွဲမှာ အသက်စွန့်သွားသူ၊ ကျောင်းသားခေါင်းဆောင် ကိုအောင်သူ (မြင်းခြံ-အောင်ငွေ)၊ ကိုဘဂျမ်း(တင်မိုး)၊ ၀င်းဖေ(မောင်စွမ်းရည်) စတဲ့ တမြုံတအုံကြီး ၀င်ထွက်သွားကြတာတွေက မြင်းခြံသားချင်းပါ။ ပေါ်ဦးသက်ကတော့ မန္တလေးသားလဲဖြစ် လူထုတိုက်ပန်းချီဆရာလဲဖြစ် ကင်းထောက်လုလင်အဖွဲ့သားချင်းလဲ ဖြစ်လို့နဲ့ တူပါရဲ့၊ ကိုစောလွင်ရဲ့ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌပုံကို ဆီဆေးနဲ့ ဆွဲပေးထားပါတယ်။
သူ့အိမ်အ၀င်မြင်သာတဲ့ နံရံမှာချိတ်ထားလို့ ၀င်လာသူတွေက “ထမင်းရှင်”ကို အလေးပြုတဲ့အနေနဲ့ အလေးပြုကြပါတယ်။ မြင်းခြံသားတွေက ကိုစောလွင်ကို မြင်းခြံသံနဲ့  “ကိုစောလွန်” ခေါ်ကြလေရဲ့၊ အထူးသဖြင့် ကဗျာဆရာတင်မိုးက သူ့ရဲ့မြင်းခြံသား အသံကို မပြင်ဘဲ ခေါ်လေ့ရှိပါတယ်။ ကိုစောလွင်က တင်မိုးရဲ့ နာမည်ရင်း ကိုဘဂျမ်းကို အဖျားဆွတ်ပြီး “ဂျမ်း” လို့ခေါ်တယ်။ ကြည်အောင်ကိုတော့ အများခေါ်သလို ကြည်အောင်ရဲ့ နာမည်ရင်း  “ကြည်လင်”ကိုဘေးဖဲ့ပြီး “ကျယ်လောင်” လို့ခေါ်ပါတယ် မောင်စွမ်းရည်ကိုတော့ အမည်ရင်း (ငယ်မည်)ကို အစွဲပြုပြီး “၀က်ကလေး”တဲ့။ သူ့အိမ်မှာ အိပ်ရင် အပေါ်ထပ်ကြမ်းပြင်ပေါ်မှာ တန်းစီပြီး အိပ်ကြပါတယ်။ တညလုံးစပ်မိစပ်ရာ စကားပြောကြပြီး နေမြင့်မှ ထပါတယ်။ မဟာ မြတ်မုနိဘုရားကြီးနဲ့ နီးလို့ တခါတရံ စည်သံမောင်းသံတွေ ကြားရတတ်ပါတယ်။ (တင်မိုးဦး ဆောင်ပြီး ကိုစောလွင်အိမ်မှာ ကျနော်တို့ ပုံနှိပ်စက်ထူထောင်ပါသေးတယ်)
          လွန်ခဲ့တဲ့လ၊ (ဇန်န၀ါရီ ၂၀၁၀ )ထဲမှာ မြင်းခြံသားကိုဟန်ထွန်းတယောက် အမေရိကားကို ရောက်လာတော့ ပထမဆုံးသိလိုတဲ့ ဖုံးနံပါတ်တွေက သူရဲဘော်ကြီး ကိုစောလွင်ရဲ့ သားကြီးနှစ်ယောက်ဖုံးနံပါတ်တွေပါ။ တယောက်က ဆန်ဖရန်စစ္စကို၊ တယောက်က လော့စ်အိန်ဂျလိမှာ နေပါတယ်။ မြင်းခြံသားတင်မိုးရဲ့ သမီးကလဲ လော့စ်အိန်ဂျလိမှာပဲဆိုတော့ ကိုစောလွင်ရဲ့ မြင်းခြံရေစက်က အမေရိကားထိ မပြတ်သေးပါဘူး။ ကျနော်လဲ စာပေဟောပြောပွဲတွေ သွားရင်း သူတို့နဲ့ တနှစ်တခေါက်တော့ ဆုံရမြဲပါ့ပဲ။ ကိုဟန်ထွန်း (မြင်းခြံသားကိုသူတော်) လဲ သူတို့ ဆီ အလည်သွားဖြစ်အောင်သွားမယ်လို့ ပြောနေပါတယ်။
          ကိုစောလွင်နဲ့ ရင်းနှီးတဲ့ ရဲဘော်ရဲဘက်သူငယ်ချင်းတွေထဲက ပထမဆုံးကွယ်လွန်သွား
ကြသူ နှစ်ဦးကတော့ မြင်းခြံသားလေးမောင်(ကဗျာဆရာ)နဲ့ မြင်းခြံသားကိုထွန်းရှိန်တို့ပါပဲ။ သူတို့ နှစ်ဦးစလုံး ကိုကိုးကျွန်းမှာကျဆုံးခဲ့ပါတယ်။ သည့်နောက် ကိုတင်ရွှေ(မုံရွာ)၊ ကိုဘဂျမ်း (ကဗျာဆရာ တင်မိုး-မြင်းခြံ)၊ ကိုကြည်လင်(ကဗျာဆရာကြည်အောင်-အင်းဝ)တို့ဖြစ်ပါတယ်။ ကျနော်တို့ ဥက္ကဋ္ဌကိုစောလွင်လဲ ကွယ်လွန်ခဲ့ရှာပါပြီ ကွယ်လွန်ရပုံကလဲ အဖြစ်ဆိုးပါတယ်။ ရင်ထုမနာဖြစ်စရာပါ။ သူ့အိမ်မှာ ရေကုန်နေလို့ ရေစက်မောင်းတော့ သူ့လုံချည်စ စက်ထဲကို ညှပ်ပါသွားပြီး လူကိုပါ ကိုင်ရိုက်လိုက်သလို ခံလိုက်ရသတဲ့၊ ဦးခေါင်းကွဲသွားခဲ့ရရှာပါတယ်။ အဲ့ဒီအချိန်မှာ သူ့ရဲ့ တင်ပါးဆုံရိုးကလဲ ကျိုးလို့ အရိုးကုပါရဂူ ဒေါက်တာစံဘော်က အထူးဂရုစိုက်ပြီး ကုပေးထားတာပါ။ မန်းတက္ကသိုလ်ကျောင်းသားရဲဘော်တယောက် ဆေးရုံတက်လို့ သွားမေးတော့ သူ့ကားပျက်နေလို့ ဘတ်စ်ကားကို ခိုစီးပြီးလိုက်သွားတာ ပြုတ်ကျလို့ ကျိုးတာပါ။
          လူထုဦးလှ၊ ပေါ်ဦးသက်၊ ကိုစောလွင်တို့ မရှေးမနှောင်းကွယ်လွန်သွားခဲ့ကြတယ်။ ကိုစောလွင်ရဲ့ အသုဘမှာ မန်းတက္ကသိုလ်ကျောင်းသား“တပ်ဦး”အဖွဲ့က လွမ်းသူပန်းခွေချလို့ စစ်ထောက်လှမ်းရေး အလိုက်ခံရပါသေးတယ်။ နောက်ထူးခြားတာက ကိုစောလွင်ဟာ အရှင် ဦးဝိစိတ္တဆရာတော်ကြီးရဲ ဥပဋ္ဌကအဖွဲ့ အကျိုးတော်ဆောင်မို့ ဆရာတော်ကြီးကိုယ်တိုင်လဲ အသုဘကို လိုက်လဲပို့ဆောင် ခြီးမြင့်ခဲ့ခြင်းပါပဲ။ ရှစ်လေးလုံး အရေးတော်ပုံ မစခင် တပါတ်လောက်မှာ ဆုံးသွားခဲ့တာပါ။ အသက် ၅၀ ကျော်ပဲ ရှိပါသေးတယ်။ ကျနော့်ထက် တနှစ်လောက်ပဲ ကြီးပါတယ်။ မန္တလေးက လေးစားရင်းနှီးချစ်ခင်သူတွေ သုံးဦးဆုံးသွားတော့ ကျနော်မသွားခဲ့ပါ။
        ခေါင်းသွင်းတာ မီးသဂြိုင်္လ်တာတွေကို မကြည့်ရက်၊ မကြည့်ရဲ၊ မကြည့်ချင်၊ မကြည့်နိုင်လို့ပါ။ ကိုစောလွင်နဲ့တကွ ကွယ်လွန်သူ သုံးဦးလုံးဟာ စိတ်ကောင်းရှိသူတွေမို့ ကောင်းရာသုဂတိ ရောက်ကြမှာ မလွဲပါလို့ ယုံကြည်ပါကြောင်း။
မောင်စွမ်းရည်။
၂၀၁၀၊ ဖေဖေါ်ဝါရီ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts