>Mar Mar Aye – 323

> ပြောပြစရာတွေလည်း တပုံကြီး ရှိသေးတယ် (အမှတ် ၃၂၃)

တေးရေးဆရာကြီး ဦးဘသိန်း
မာမာအေး
ဧပြီ ၃၊ ၂၀၁၀
ဦးဘသိန်း (ဓာတ်ပုံ – snapshot-news.com)


သောတရှင်များ ကျန်းမာတော်ကြမူပါစရှင်။ မာအေးချစ်တဲ့ သောတရှင်တွေ၊ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ဟိုရှေ့တပတ်မှာ ရုပ်ရှင်သီချင်း သီချင်းတပုဒ်ကို ကြိုတင်ပြီး တိုက်ဖို့ ဂီတမှူးကြီး ဦးဘသိန်းက စီမံခဲ့တာကြောင့် မန္တလေးက ဂီတလောကသား တချို့နဲ့ အိမ်တအိမ်မှာ ဆုံဖို့ရာ မအီမလယ်နဲ့ ရောက်သွားတယ်လို့ ပြောပါတယ်။ လူဆယ်ဦးလောက်ပါပဲ။ ဦးလေးကိုဘသိန်းက ဦးစီးရတာမို့ သူ့ရဲ့ သင်္ဂဟ အဖွဲ့သားတွေ ဖြစ်လိမ့်မယ် ထင်ပါရဲ့ရှင်။

သီချင်းက မုံရွာမြို့ကို ဖွဲ့ထားတာပါ နာမည်က “သလ္လာရွှေမြေ” တဲ့။ “မုံရွာ” ဟာ သလ္လာဝတီလို့ ရှေးတခေတ်ဆီက ခေါ်ခဲ့ကြလို့ “သလ္လာဝတီမြို့တော်” ဆိုတဲ့ သီချင်းမျိုးလည်း ရှိခဲ့ပြီးတာ ဖြစ်မှာပါပဲ။ အခု“သလ္လာရွှေမြေ” သီချင်းကတော့ မန္တလေးမြို့ကို ဖွဲ့တဲ့ “မန္တလေးဆီသို့” သီချင်းကို မကျော်နိုင်ပါဘူး။ – သီချင်းရဲ့သံစဉ် နိမ့်မြင့်တွေဟာ ချောမွေ့ပြေပြစ် ညီညွတ်ခြင်း မရှိတော့ – သီချင်းကို အသံမြှင့်မယ် ကြံလိုက် ကျသွားလိုက် ဖြစ်နေတာကို သီချင်းတိုက်ရင်း ခံစားနေရပါတယ်။ မာအေးတို့ ရန်ကုန် ဂီတလောကမှာကတော့ အဆိုတော်နဲ့ key မကိုက်တာမျိုး ဖြစ်လာရင် – တီးဝိုင်း တာဝန်ခံက အဆိုတော် အတွက် တက်နိုင် ဆင်းနိုင် မြင့်နိုင် နိမ့်နိုင်တဲ့ key ကို စမ်းသပ် ပြောင်းပေးတတ်တဲ့ အလေ့ ရှိတာကိုး။ key ပြောင်းပေးပါလို့ တောင်းဆိုရတာပေါ့။ အဲဒါကို ဆရာကြီးတို့ အုပ်စုက “ဟာသ” ဝိုင်းလုပ်ကြတယ် “ရန်ကုန်က နာမည်ကြီး အဆိုတော်ပဲဟာ – ဘယ် key နဲ့ ဖြစ်ဖြစ် ဆိုနိုင်ရမှာပေါ့၊ အညာမှာတော့ စာရေးဆရာကြိုက် key နဲ့ပဲ ဆိုကြရတာမို့လို့ မပြင်ပေးနိုင်ပါဘူး” တဲ့ရှင်။ ဒါနဲ့ စိတ်ပိန်ပြီး ပြန်ခဲ့လိုက်ပါတယ်။

မာအေးကလည်း ဆယ့်လေးငါးနှစ် ရှိသေးတာလေ၊ ကိုယ့်ကို သက်သက်မဲ့ ချိုးတာလို့ ကျွဲမြီး တိုချင်တာပေါ့။ ကဲ – နေပေစေတော့ အသံသွင်းတဲ့ အခါကျမှ အလုပ်နဲ့ ပြရတာပေါ့လို့ ချိုထားပေးပါတယ်။ လူကြီးတွေနဲ့ ကလေးဆိုတော့ ဗမာ့ယဉ်ကျေးမှုအရ နှုတ်ပိတ်ထားရင် ကောင်းတာပဲ မဟုတ်လား။

ဒီလိုနဲ့ဘဲ အသံသွင်းရက် ရောက်လာတော့ မန္တလေးရုပ်ရှင် ခြံကြီးထဲမှာ အသံ သွင်းကြတာပေါ့ရှင်။ အသံဖမ်း အင်ဂျင်နီယာက ဦးထွန်းရီပါ။ မာအေးနဲ့ ရင်းနှီးပြီးသား ဖြစ်ပါတယ်။ မာအေးဆရာ စောင်းဦးဘသန်းနဲ့ VOA အတွက် USIS ရုံး အပေါ်ထပ်က အသံသွင်းခန်းမှာ အသံသွင်းကြတဲ့အခါ အသံဖမ်းပေးနေကျမို့ ပြဿနာ မရှိပါဘူး။ ပြဿနာက ဦးလေးကိုဘသိန်း။ သီချင်းကို အသံ သေးသေး စူးစူး အော်ဆိုမှ ကြိုက်တတ်တဲ့ ညာဉ် ရှိနေလို့ဖြစ်ပါတယ်။ ညာသံတင်တယ် ဆိုတဲ့စကား ချစ်ဆွေတို့ ကြားဖူးတယ် မို့လား – အသံကို မြှင့်ဆိုတာမျိုးကို ပြောတာပါ။ သီချင်းဆိုတာက ဘယ်ညာ လှည့်ပတ်ဆိုမှ လှတာမျိုး ဖြစ်ပါတယ်။

အော်လိုက်ရင် အသံသေးသွားပြီး မလှနိုင်တာကို ဇွတ်ကြီးခိုင်းလာတော့ စိတ်ညစ်တယ်။ ကြာတော့ – ဒီလူကြီး နားအေး ပြီးတာပဲလို့ သီချင်း တပုဒ်လုံး ဘယ်ကို မချတော့ဘဲနဲ့ အော်ဆိုပေးလိုက်တယ်။ ကိုယ့်အကြိုက်ဆိုပုံ မဟုတ်ဘူး။ အသံက အာကာယံ ရောက်နေပြီ။ နားထောင်ကြည့်ရင် သိလိမ့်မယ်နော်။

သလ္လာရွှေမြို့တော် ရှုမငြီးတငြိမ့်ငြိမ့် ရေအလျှင် တသွင်သွင် xxx မရောက်ဖူးသူများ ရောက်စေချင် အနောက်ဘက်ဆီတွင် မှန်း – မှန်းမျှော် ရှုမြင် မြရောင်ညို့ညို့ တောင်ဆိုဆိုသရွေ့ မှိုင်းမို့မို့ပင် မစုံသူများရောက်ခဲ့ရင် – လွမ်း တမြေ့မြေ့ ရှုမောဖွယ်တွေ စုံလင် … ကြွလာတော်မူစေ့ချင်xxx (သလ္လာရွှေမြေမှ)

ချစ်ဆွေတို့ ကြားတဲ့ အသံ မစူးလွန်းဘူးလား – ဒါကြောင့် မပျော်ခဲ့တာပေါ့။ ပြောရဦးမယ် တိုက်ဆိုင်နေလို့ပါနော်။ အခု မာအေးက ဦးလေးကိုဘသိန်း သီချင်းတွေ ပြန်ဖော်ပြောဖို့ရာ လိုက်ရှာ စိစစ်နေရင်း၊ ရှုတင်းတင်းနဲ့ မိုက်ကရိုဖုန်း stand ရှေ့မှာ ဘေးတဘက်ကို လည့်ကြည့်နေတဲ့ အနေအထားနဲ့ ဓာတ်ပုံတပုံတွေ့တယ်။ ချိုတေးရှင်တိုက်က ထုတ်တဲ့ “တေးညွန့်” သီချင်းစာအုပ်မှာပေါ့။ အဲဒါ “သလ္လာ” သီချင်း သွင်းကြတုန်းက ဦးလေးကိုထွန်းရီ ရိုက်ပေးထားတဲ့ ပုံဖြစ်နေလို့ တိုက်ဆိုင်တယ်လို့ ပြောတာပါ။ မာအေးရုပ်က ကင်မရာရှေ့ ရောက်ရင် အလိုအလျောက် စပလိန်အပြုံး ဖြစ်ခဲ့တာ မဟုတ်လား။ ခုပုံက မာန်ထနေတဲ့ ရုပ်မို့ အသိသာကြီးပါ။ မြင်မြင်ချင်း ဆောက်နဲ့ထွင်း ဆိုတာမျိုး ကြုံခဲ့လေတော့ ဒီဆရာကြီးကို မြို့မအသင်းက အကိုတွေ မောင်တွေလောက် မရင်းနှီးဘူး၊ မခင်ဘူးပေါ့ရှင်။

လူကို မခင်ပေမယ့် သူရေးတဲ့ သီချင်းတွေ အတော်များများကို မာအေး ခင်ပါ ချစ်ပါတယ်။ “သုံးရာသီ” တို့ “မိန်ရာသီ” တို့ “ပန်းပုသူဇာ” တို့ ဆိုရင် ဘယ်လောက် ကောင်းထားလဲ။ ဦးလေးကိုဘသိန်း ရေးမှန်း မသိခင်က မြို့မငြိမ်း ရေးတာတွေ လို့ ထင်တဲ့ အထဲမှာ ကိုယ်လည်း ပါတာပေါ့ရှင်။ သူ့နေပုံကြီးနဲ့ သူ့သီချင်းစာတွေနဲ့သာ လမိုင်းမကပ် သလိုပဲကိုး။ အမျိုးမျိုး သူ့လက်ရာတွေ ရှိပေမယ့် – ကောင်းသလောက် မပေါ်ထင်ဘူးလို့ ခံစားရပါတယ်ရှင်။ သီချင်းစာကို အသံ ထည့်တာလည်း သူလုပ်ပေးတတ်ပါတယ်။ ဆရာကြီး ဦးသုခရဲ့ “ဘဝသံသရာ” သီချင်း အသံဟာ ဦးဘသိန်း ရှာခဲ့တဲ့ တေးသွားပါ။ ဓမ္မတေး ဂန္တဝင် စာရင်းပေါက်ခဲ့ပါတယ်ရှင်။

ဘဝသံသရာ ရှည်လျားထွေပြား မနေမနား တသွားထဲသွားကြတာ (ခရီးပန်းတိုင် မရောက်မချင်း တယောက်ဆင်း တယောက်တက် – ဆက်လက် ထွက်ခွာလာ)၂ xx
(လောဘရယ် ဒေါသရယ် မောဟရယ် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာတဲ့ ပျော်လိုက် ရွှင်လိုက် ငိုကာ ရယ်ကာ ဘယ်ဟာ မတည်မြဲ ဖောက်လွဲ ဖောက်ပြန် အကြောင်းခံ ကမ္မသကာ xx)၂ xx
တွေ့ဆုံကြုံကွဲ ခရီးထဲ ဝမ်းနည်းဝမ်းသာ ဝိပ္ပလ္လာ
(ဖြစ်ချင်တာတွေလည်း မဖြစ်ရပါ မဖြစ်ချင်တာလည်း ဖြစ်ရမှာ) ၂ xx
သုံးဆယ့်တဘုံ ဝဋ်အတွင်းရောက်လို့ ကရွတ် – ကင်း လျှောက်တဲ့ တေးဘုမ္မာ အဲဒါ အဲဒါ အဲဒါ ဘဝသံသရာ xx

[ မူရင်း – BBC မြန်မာဌာန၊ BBCburmese.com ]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts