>Tu Maung Nyo – Answer by Kyaw Son

>

ဦးကျော်ဆန်း နဲ့ သူ၏ အဖြေ
တူမောင်ညို
စက်တင်ဘာ ၂၅၊ ၂၀၁၁
သမ္မတဦးသိန်းစိန်ကပြောတဲ့အခါ ကြိုက်တဲ့ဘက်ကဆွဲယူတွေးလို့ရမယ့် အဓိပ္ပါယ်နှစ်ခွ၊ သုံးခွ မကထွက်တဲ့ စကားလုံးမျိုးတွေကို ရည်ရွယ်ချက်ရှိရှိသုံးပြီးပြောလေ့ရှိတယ်။ အဲဒီစကားလုံးတွေရဲ့ တကယ့်ဆိုလိုချက်အဓိပ္ပါယ်ကိုပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းက နောက်ကလိုက်ပြီး ပုံဖော်တဲ့ ပုံစံ ကျင့်သုံးနေပုံရပါတယ်။
 အများအမြင်မှာတော့ သမ္မတကြီးက စိတ်သဘောထား နူးညံ့ပျော့ပျောင်းပြီးပြည်ထောင်စုဝန်ကြီးက သဘောထားတင်းမာ သယောင်ယောင်၊ထင်ယောင်ထင်မှားဖြစ်ကုန်ကြပါတယ်။တကယ်တော့သူတို့အစိုးရအာဘော်ကို အချိတ်အဆက်မိမိ၊ ကိုယ့်နေရာကိုယ့် တာကနေ လုပ်ဆောင်နေကြခြင်းသာဖြစ်ပါတယ်။ 
          ရခိုင်ပြည်နယ်၊မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးအုန်းတင်(RNDP) ရဲ့မေးခွန်းကိုဖြေတဲ့ အဖြေမှာအဲဒီပုံစံကို တွေ့ရပါတယ်။မေးခွန်း ရဲ့ ဆိုလိုချက်အဓိပ္ပါယ်ကိုလည်း သူလိုချင်သလို ဆွဲယူပြီးပုံဖော်ပြောဆိုသွားတယ်။
          ဦးအုန်းတင်မေးချင်တာက“သုံးပွင့်ဆိုင်ဆွေးနွေးပွဲ” တစ်ချိန်တည်းတစ်ပြိုင်တည်းပြုလုပ်ရန် အစီစဉ်ရှိ/မရှိမေးတာပါ။
တိုက်ရိုက် ဒဲ့ဒိုးမေးလို့မရတော့“ပြည်ထောင်စုအစိုးရအနေဖြင့်တိုင်းရင်းသားခေါင်းဆောင်များ ၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ဒီမိုကရေစီအင်အားစုခေါင်းဆောင်များနှင့် တစ်ချိန်တည်းတွေ့ဆုံ ဆွေးနွေးခွင့်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” ဆိုပြီးမေးရပါတယ်။
တိုက်ရိုက်အဖြေက“အစီအစဉ် မရှိဘူး” ။ ဒါပေမယ့် ဦးကျော်ဆန်းက ဒီလို ဒဲ့ဒိုးတုံးတိ မဖြေပါဘူး။
၃ မျိုးခွဲပြီး သူတို့လုပ်နေတာတွေကိုဖြေသွားပါတယ်။ အဲဒီလို ၃ မျိုးခွဲပြီးလုပ်နေပေမယ့် ရည်ရွယ်ချက်ကတော့ တစ်ခု ထဲပါပဲ။(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်ထဲဝင်လာစေဖို့ပဲဖြစ်ပါတယ်။
သို့အတွက် “ကြောင်သည်အဖြူအနက်ဖြစ်စေ၊ အဖြစ်ဖြစ်စေ၊ အရေးမကြီးဘဲ၊ ကြွက်ခုတ်တတ်ရန်သာအရေးကြီးသည်” ဆိုတဲ့ စကားကိုဥပမာပြုသွားပါတယ်။ အဓိပ္ပါယ်ကတော့-
      (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေ ကို လက်မခံနိုင်ကြသေးတဲ့ ပြည်တွင်းနိုင်ငံရေးပါတီဖြစ်စေ
      (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်မခံနိုင်ကြသေးတဲ့ အပစ်ရပ်တိုင်းရင်းသား/ အပစ်မရပ်တိုင်းရင်းသားအဖွဲ့အစည်းဖြစ်စေ
      ပြည်ပရောက်နေသူတွေအိမ်ပြန်လာတာပဲဖြစ်စေ ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ’ လက်ခံဖို့သာအရေးကြီးတယ်လို့ ပြောတာပဲဖြစ်ပါတယ်။
ဒါ့အပြင်  “နိုင်ငံတော်တည်ငြိမ်ရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး(သို့မဟုတ်) ငြိမ်းချမ်းရေး (သို့မဟုတ်) အမျိုးသားပြန်လည် စည်းလုံးရေး”  ဆိုပြီးလုံးထွေးပြောဆိုသွားပြန်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ တောင်းဆိုချက်ဖြစ်ပါတယ်။
နိုင်ငံတော်တည်ငြိမ်ရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး ဆိုတာက အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းရည်မှန်းချက် တစ်ခုမျှသာဖြစ်ပါ တယ်။
 ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင်းဆိုနေတဲ့ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့နိုင်ငံရေး ရည်ရွယ်ချက်တောင်းဆိုချက်တွေနဲ့တစ်ခုတည်း၊တစ်သဘောတည်းဖြစ်လေဟန်ရည်ရည်ရွယ်ချက်ရှိရှိလုံးထွေးပြောသွားပါတယ်။
ဒါ့အပြင် “ပကတိအရှိတရားနှင့်လိုက်လျောညီသည့် နည်းလမ်း၊ရိုးရှင်းလွယ်ကူသည့် နည်းလမ်း၊ ဝိရောဓိအနည်းဆုံးဖြစ်စေနိုင် သည့် နည်းလမ်း” ဆိုတာတွေလည်းပြောသွားပါတယ်။
 တကယ်တော့ အဲဒီနည်းလမ်းဆိုတာတွေဟာ(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကိုခြွင်းချက်မရှိ လက်ခံရေးနဲ့နာခံရေးသာဖြစ် ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့နိုင်ငံက  အပြောင်းအလဲဖြစ်နိုင်တဲ့အခြေအနေမှာရောက်နေပြီ” ပြောပါတယ်။
ဦးကျော်ဆန်းပြောတာကတော့ “ခုရေတွင်းတူးခုရေကြည်သောက်ချင်၍ မရနိုင်ကြောင်းနဲ့ ရောမမြို့ကြီးကို တစ်ရက်တည်းဖြင့်တည်ဆောက်၍မရနိုင်” လို့ပြောသွားပြန်ပါတယ်။
ဗိုလ်မှူးချုပ်ဟောင်း၊ ဝန်ကြီးဌာန၂ ခုကိုပူးတွဲကိုင်ထားတဲ့ပြည်ထောင်စုဝန်ကြီး၊ပြောရေးဆိုခွင့်အဖွဲ့ခေါင်းဆောင် ဦးကျော်ဆန်း နဲ့ပတ်သက်ပြီး အကဲဖြတ်မှုအချို့ကျနော်ရေးခဲ့ပါတယ်။ အခြားပြည်ထောင်စုဝန်ကြီးတွေမတူ၊ တမူထူးခြားကြောင်း၊‘နှစ်လုံးပြူးရ သူကြီး’   နဲ့တူကြောင်းစသဖြင့်ရေးသားဖေါ်ပြခဲ့ပါတယ်။
အခုဆောင်းပါးမှာနောက်တစ်ချက်ထပ်မံဖြည့်စွက်ချင်ပါတယ်။ဦးကျော်ဆန်းဟာအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (အကလ) အဖွဲ့ဝင်မဟုတ်သော်ငြားလည်း၊ထို(အကလ) အဖွဲ့ဝင်များနည်းတူ အဆင့်တူ၊ အခွင့်တူရှိပုံရတယ်ဆိုတဲ့အချက်ပါပဲ။
(အကလ) ဆိုတာ သော့ချက်ကျတဲ့အာဏာကိုင်တွေကို စုစည်းထားတဲ့အာဏာပိုင်အဖွဲ့ ဖြစ်တယ်။
အရင်က (နဝတ – နအဖ) အခု (အကလ)။ နာမည်ပဲခြားနားတယ်။
အာဏာမှန်သမျှ (အကလ) မှာရှိတယ်။ အဆုံးအဖြတ်မှန်သမျှ (အကလ) က လာတယ်။လွှတ်တော်ဆိုတာ (အကလ) က အဆုံးအဖြတ်ပေးလိုက်တာမှန်သမျှကို ရာဘာတံဆိပ်တုံးထုပေးဖို့အတွက်ကြံ့ဖွံပါတီ(USDP)ဝင် လွှတ်တော်အမတ်တွေ ချိတ်ပုဆိုးနဲ့ရှိုးပြ တဲ့နေရာသာဖြစ်ပါတယ်။
ညွန်း
      မြန်မာ့အလင်းသတင်းစာ  (၂၄ စက်တင်ဘာ၊၂၀၁၁ / စာမျက်နှာ ၉)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts