>Saung Yun La – The Fish

>

မာယာပင်လယ်ထဲမှာ လွတ်တဲ့ငါး
ဆောင်းယွန်းလ
ဧပြီ ၂၊ ၂၀၁၀
သူတို့ … ပြောပြောနေကြတဲ့
လွတ်လွတ်လပ်လပ် ကမ္ဘာထဲမှာ
လွတ်လွတ်ပြီး..လပ်လပ်နေတဲ့
အပေါက်အကွက် အပြောက်အစက်တွေနဲ့….

အနာဂတ်ကို
စာကလေးဗေဒင်တွက်သလို
နှစ်လုံးထီတွက်သလို
တရက်ချင်း တွက်ချက်နေကြတဲ့
သူတို့ဟာ….

အတိတ်နေ့ခင်းတွေဆီက
အပြီးမသတ်နိုင်ခဲ့ကြသေးတဲ့
ပန်းချီကားတချပ်အပေါ်မှာ
တာဝန်ကျေစွာ အိပ်ပျော်နေကြရှာတဲ့
သူတို့ဟာ….

ပစ္စုပ္ပန်ရဲ့
နေ့ခင်း..ငုတ်တုပ်ကြီးထဲ
နှာစေး အေးခဲပြီး
ငရဲရထားကို ဘဝတပတ်စီးဖို့
တကုပ်ကုပ် အလုပ်ရှုပ်နေကြတဲ့
သူတို့ဟာ…

မသေချာတဲ့
မိုးလေဝသတိုင်းထွာမှု အတုတွေနဲ့
ဗဟုသုတ အကျိုးအပဲ့တွေကို
ရောပြွမ်းချိုးဖဲ့ စားသောက်နေကြသူတွေ
အနည်ထိုင်ရာ ရပ်ကွပ်ကမ္ဘာထဲမှာ
သူတို့ဟာ….

အလင်းမသိ ပြတင်းမရှိတဲ့
အမှောင်ခန်း ကျဉ်းကြပ်ကြပ်ထဲ
ဘာ့ကြောင့်..
လေဝင်လေထွက် နဲပါးနေရသလဲဆိုတဲ့အကြောင်း
ဦးခေါင်းသုံးလုံးဖြစ်တဲ့ အချိန်ထိ


တယောက်ပခုံးထက် တယောက်တက်ဖိလို့
စဉ်းစားနေကြရင်း
သူတို့ဟာ…..

သူတို့ရဲ့..
အပြင်းစား မောဟရောင်စုံတို့က
သူတို့ယမ်းပုံထဲမှာပဲ မီးပြန်ရဲနေခဲ့ရပေါ့…

သူတို့ဟာ…
လမ်းကြိုလမ်းကြား
ပလက်ဖောင်းမှားတွေပေါ်မှာ ပျက်နေခဲ့ကြတဲ့
သူတို့ရဲ့..
မီးကျိုးမောင်းပျက်
စိတ်ဓာတ် အသစ်စက်စက်တွေကို
လူအလစ်မှာ ကောက်ယူတပ်ဆင်ထားခဲ့ကြလို့..
သူတို့ကောင်းကင်ယံတမ်းချင်း ပန်းခင်းထဲ
ထူးမခြားနားပတ်ပျိုး ဒေဝဒတ်မိုးမဲတွေကတော့
ပစ္စလက္ခ ရွာလို့ကောင်းနေတုန်းပဲပေါ့…..

တတိယလှိုင်းလုံးတွေထဲမှာ
လွတ်ထွက်နေတဲ့ ငါးဟာ
သူတို့အတိုင်းအထွာအရတော့ ကြီးမြတ်လှပေါ့တဲ့….

တဘဝခင်းလုံးစာ လွတ်ထွက်နေရတဲ့
မာယာပင်လယ်ထဲက ငါးတကောင်က
ဟောဒီ နှစ်တနှစ်ရဲ့ အခင်းအကျင်းထဲရောက်မှ
သူတို့အတွက်
ဒိုင်နိုဆောတကောင်ထက်တောင်
ပိုလို့…ကြီးမားနေခဲ့ပြန်တယ်ဆိုပဲ…။             ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts