>Ashin Nanika – Birthday Article – 2

>

 မွေးနေ့မှာ ပေးဖြစ်တဲ့ ကံလက်ဆောင် ၂
အရှင်ဉာဏိက
ဧပြီ ၂၊ ၂၀၁၀
မကြာမီက မွေးနေ့ရှင် မောင်နှမသုံးဦးကို အကြောင်းပြုလို့ ’မွေးနေ့မှာ ပေးဖြစ်တဲ့ကံလက်ဆောင်’ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးဖြစ်ခဲ့တယ်။ ဖတ်မိတဲ့ မိတ်ဆွေတစ်ဦးက သူ့မွေးနေ့လဲ လွန်ခဲ့တဲ့နေ့ကပဲ။ သူ့ အတွက်တော့ ဘာလက်ဆောင်မှ မပေးပါလား။ ဘာစာမှလဲ မရေးပါ လား။ စာရေးဆရာတွေက မျက်နှာလိုက်တတ်တယ် ထင်တယ်လို့ စပါတယ်။ 
သူတို့က မွေးနေ့မှာ ဆွမ်းဖိတ်ဆက်ကပ်လို့ မွေးနေ့ဆွမ်း အလှူအတွက် ဟောပေးခဲ့တဲ့ တရားစကားကို ပြန်ပြီး ရေးပြတာ။ အရှင်ဘုရားကတော့ အရှင်ဘုရားရဲ့မွေးနေ့မှာ ဘာကုသိုလ်ရယ်လို့မှ အထူးပြုလုပ် မပြတာ။ ဒီတော့ စိတ်ထဲမှာ ထူးခြားတယ်လို့ ခံစားမိမှ ရေးတတ်တဲ့ အရှင်ဉာဏိကလို သူတစ်ယောက်ရဲ့လက်ဖျားကို ဘယ် လိုလုပ် အရှင်ဘုရားမွေးနေ့အတွက် စာသားက ရောက်လာနိုင်မှာလဲ။ တရားလက်ဆောင်ရချင်ရင်တော့ တရားစကားပြောခွင့်ဖြစ်နိုင်မယ့် အခြေအနေတစ်ခု ဖန်တီးပေါ့လို့ သူ့ကိုပြန်စဖြစ်လိုက်တယ်။ ဒါဆို နောက်နှစ် ရောက်လျင် မွေးနေ့လုပ်မယ်၊ အရှင်ဘုရားကိုလဲ မွေးနေ့တရားဟောခိုင်းမယ်လို့ သူကပြောတယ်။ အဲပါလေ၊ အရှင်ဘုရားမွေးနေ့မှာ တပည့်တော် တရားဟောခွင့်ရအောင် အရှင်ဘုရား အနည်းဆုံး နောက်နှစ်အထိ သက် တော်ရှည်ပါစေလို့ ဆုတောင်းနေပါ့မယ်လို့လဲ စနောက်ဖြစ်လိုက်ပါတယ်။
စစနောက်နောက် ကိုယ်ပြောလိုက်တဲ့ တရားစကားပြောခွင့်ဖြစ်နိုင်မယ့် အခြေအနေတခု ဖန်တီးပေါ့ဆိုတဲ့စကား က ဖေဖော်ဝါရီလမွေးနေ့ရှင်တွေနဲ့ လာကိုက်နေသလိုဖြစ်နေတယ်။  ဒီလထဲမှာ မွေးနေ့ပွဲတွေ ပြုလုပ်သူတွေ တော်တော်များများတွေ့ရတယ်။ မွေးနေ့ပွဲဆိုတာထက် မွေးနေ့အထိမ်းအမှတ် ကုသိုလ်ပြုလုပ်သူတွေ များတယ် ဆိုလျင် ပိုမှန်ပါလိမ့်မယ်။
ဖေဖော်ဝါရီမွေးနေ့ရှင်တွေထဲမှာ ထင်ရှားတဲ့သူတွေအများကြီး။ အင်္ဂလိပ်လို ကိုယ့်မွေးနေ့ ဘယ်လထဲမှာ ကျ ရောက်တယ်ဆိုတာ မသိမီကထဲက ’ဖေဖော်ဝါရီ ဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ’ ဆိုတဲ့စာလေးကို ရနေလို့ ကိုယ့်တိုင်းပြည်ရဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ဟာ ဖေဖော်ဝါရီ တစ်ဆယ့်သုံး ရက်ဆိုတာကိုတော့ သိနေပြီးသား။
အမေရိကန်နိုင်ငံသားတွေအဖို့ အထူးသတိပြုမိမည့်သူနှစ်ဦးကတော့ သမတကြီး အေဗရာဟမ် လင်ကွန်းနဲ့ ဂျော့ဝါရှင်တန်တို့နှစ်ဦးပေါ့။ လင်ကွန်းက ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ၀ါရှင်တန်က ၂၂ ရက်နေ့မှာမွေးတယ်။ သမတကြီးနှစ်ဦးမွေးနေ့ရဲ့ အလယ်မှာကျရောက်တဲ့ တနင်္လလာနေ့ကို (President Day) အဖြစ် အစိုးရဆိုင်ရာ ရုံးတွေ၊ စာသင်ကျောင်းတွေပိတ်လို့ ဂုဏ်ပြုတယ်။ ကျေးဇူးရှိသူတွေရဲ့ ကျေးဇူးတရားကို အမှတ်ရဂုဏ်ပြုမှုဟာ ကောင်းမြတ်တဲ့ မင်္ဂလာတရားပဲ မဟုတ်လား။ ရုံးပိတ်ကျောင်းပိတ်တော့ ဆိုင်ရာရုံးဝန်ထမ်းတွေ၊ ကျောင်းသူ ကျောင်းသားတွေအဖို့ အားလပ်ရပ်ရလို့ ပျော်ဖွယ်။ ခုတိုင်ကျောင်းသားတစ်ဦး လုပ်နေသေးတဲ့ ကိုယ်လဲ ပျော်ပါ တယ်။
ဖေဖော်ဝါရီလမှာက အထင်ကရသမတကြီးများရဲ့ မွေးနေ့ကိုသာ မှတ်မှတ်ရရ ပြုလုပ်တာမဟုတ်ဖူး။ ဒီလထဲမှာ မွေးတဲ့သူတွေက အခြားလမှာ မွေးတဲ့သူတွေထက် မိမိတို့မွေးနေ့ကို ပိုပြီးသတိပြုမိဟန်တူတယ်လို့ မနေ့က (ဖေ ဖော်ဝါရီလ ၁၄ ရက်နေ့) တရားသင်တန်းမှာ ပြောဖြစ်သေးတယ်။ မနေ့ကသင်တန်းပြီးချိန်မှာ သင်တန်းတက် ရောက်သူတွေကို အစားအသောက်လှူဒါန်းသူ ဒေါ်ဒေစီလင်းက သူ့မွေးနေ့အထိမ်းအမှတ်အဖြစ် ကုသိုလ်လုပ် တာလေ။ ပြီးခဲ့တဲ့အပတ်ကတော့ ဖေဖော်ဝါရီလ (၇)ရက်မှာ မွေးဖွားတဲ့ သူတိုရဲ့သားတော်မောင် ဂျယ်ရီနဲ့ ဖေ ဖော်ဝါရီ ၁၁ ရက်မွေးဖြစ်တဲ့ ကိုယ့်မွေးနေ့အထိမ်းအမှတ်အဖြစ် ဦးအစန်း ဒေါ်နယ်လီမိသားစုက ခုလိုပဲ အာ ဟာရဒါန လှူဒါန်းခဲ့တာ။ ဦးမျိုးမင်း ဒေါ်တင်တင်ဆွေတို့ကလဲ ကိုယ်နဲ့မွေးရက်တူ သူတို့သားကြီးအတွက် ကု သိုလ်ပြုလုပ်ပါတယ်။
ဒါတင်ဘယ်ကမလဲ။ ဖေဖော်ဝါရီမွေးနေ့ရှင်တွေဖြစ်တဲ့ မလွင်မာကောင်းမြင့်၊ မနွယ်နွယ်ကောင်းတို့ကလဲ သူတို့ မွေးနေ့တွေမှာ ဆွမ်းလာကပ်ကြတယ်။ မောင်ဉာဏ်လင်းမိဘများကလဲ သူတို့သားငယ်အတွက် ကုသိုလ်ပြုလုပ် တယ်။ မနေ့က မဖြူစင်ရဲ့ မိဘများကလဲ အဝေးမှာ ကျောင်းတက်နေတဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မွေး သူတို့သမီး ကြီးအတွက် မွေးနေ့အထိမ်းအမှတ် ကုသိုလ်ပြုလုပ်တယ်။ မမြင့်မိုရ်ဇော်လင်းရဲ့မွေးနေ့ကိုလဲ ကြွရောက်ရတယ်။ ဒီနေ့လဲ မနေ့က ဗယ်လင်တိုင်းနေ့မှာမွေးဖွားတဲ့ မမေဦးကိုကိုကလဲ သူ့ရဲ့လုပ်အားခထဲကနေ သံဃာတော်များ အတွက် န၀ကမ္မလာရောက်လှူဒါန်းပါတယ်။
မွေးနေ့ရှင်တွေများတော့ ဖေဖော်ဝါရီနဲ့မွေးနေ့အကြောင်း စာရေးမယ်လို့ စိတ်ကူးရလို့ ကွန်ပြူတာရှေ့ထိုင်လိုက် စဉ်မှာပဲ မမြတ်စိုးမွန်နဲ့ သူငယ်ချင်းသုံးယောက်စုပေါင်းပြီး မွေးနေ့ဆွမ်းကပ်ချင်လို့ ဖေဖော်ဝါရီလ ၂၀ ၇က်နေ့ မှာများ အချိန်ရနိုင်မလားတဲ့။ ဖုန်းဆက်လာတယ်။ ၂၀ ရက်နေ့မှာက ဒကာကြီးဦးထွန်းရွှေက သူ့သားကြီးမွေးနေ့ အတွက် ရက်ယူထားပြီးသား။ ၂၇ ရက်နေ့မှာတော့ ကိုကျော်သက် မမီးမီးတို့ရဲ့ သမီးကြီးမွေးနေ့။ ၂၈ ရက်က ရတနာဉာဏ်ရောင်ဆရာတော်မွေးနေ့နဲ့ မခင်ခင်ထွေးရဲ့ ဖခင်ကြီးမွေးနေ့။ ဆိုတော့ ဒီဖေဖော်ဝါရီလထဲမှာ မွေး ဖွားသူတွေက ကိုယ့်အသိထဲမှာကိုပဲ နည်းမှမနည်းတာ။ တကယ်တော့ တစ်နှစ်လုံးမှာ ရက်အနည်းဆုံးဖြစ်တဲ့ ဖေဖော်ဝါရီလမွေးက အခြားလတွေနဲ့ယှဉ်ရင် အနည်းဆုံးဖြစ်ရမှာ။ ဒါပေမယ့် ပြက္ခဒိန်ပြန်ကြည့်တော့ ဒီဖေဖော် ၀ါရီလ မွေးနေ့ရှင်တွေက အခြားလမွေးဖွားသူတွေထက် မွေးနေ့ကုသိုလ်အမှတ်တရ ပိုလုပ်ကြတာကို သတိပြု မိပါတယ်။(ကိုယ်က ဖေဖော်ဝါရီမွေးမို့ ခုလိုရေးတယ်လို့ထင်လျင်တော့ ကိုယ့်တို့ကျောင်းက ပြက္ခဒိန်မှတ်တမ်းကို သာလာကြည့်ပါလို့ ပြောရမယ်ထင်တယ်)
ဖေဖော်ဝါရီမွေးနေ့ရှင်တွေကိုတွေ့တိုင်း ကိုယ်ကတော့ နောက်နောက်ပြောင်ပြောင်ပြောနေကြ။ ဒီလမှာမွေးတဲ့သူ တွေက ကုသိုလ်လုပ်ဖို့ ပိုအားသန်တယ်။ နောက်ပြီး အခြားသူတွေထက် ပိုပြီးလည်းတော်တယ်။ ဘာကြောင့်လဲ သိလား။ ကိုယ်လဲဖေဖော်ဝါရီလ မွေးလေ။ နောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းရယ်၊ သမတကြီးလင်ကွန်းရယ်၊ ဂျော့ ၀ါရှင်တန်ရယ်လို့လဲ အထင်ကရသူတွေကို သက်သေထူလိုက်သေးတယ်။ သာကီမျိုးဟေ့ ဒိုပဗမာဆိုပြီး သာကီ တွေနဲ့ ဆွေမျိုးစပ်တဲ့ ကိုယ့်ဗမာစကားတစ်ခွန်းကိုလည်း ဆိုင်သလား မဆိုင်သလားမသိ သတိရမိပါတယ်။ President Day ကပဲ ဖေဖော်ဝါရီမွေးနေ့ရှင်တွေကို သူတို့မွေးနေ့ကို ပိုမိုအမှတ်ရစေဖို့၊  မွေးနေ့အမှတ်တရ ကုသိုလ်များကိုလဲ လုပ်ဖြစ်စေသလားလို့တောင် စဉ်းစားမိတယ်။
ဒီလိုဆိုလျင်တော့ကောင်းတာပေါ့လေ။ ကုသိုလ်ဆိုတာ ဘယ်လိုအကြောင်းကြောင့်ပဲလုပ်လုပ် လုပ်ဖြစ်လျင် တော့ ကောင်းတာပါပဲ။ ခုလိုမွေးနေ့ကို သတိရမိတော့ ကိုယ့်ကိုယ် လူ့ဘ၀ထဲရောက်အောင် မွေးကျွေးစောင့် ရှောက်ခဲ့တဲ့ ကျေးဇူးရှင် မိဘတွေကို ကျေးဇူးတင်မိတယ်။ ကျေးဇူးတင်တော့ မေတ္တာပွားရတယ်။ နောက်ပြီး လည်း အသက်တစ်နှစ်ကြီးလာပြီ။ ကြီးလာတဲ့ အသက်နဲ့လျော်ညီစွာ အသိဉာဏ်တွေ၊ စိတ်ဓာတ်တွေရော ကြီး လာအောင် လုပ်ဖြစ်ခဲ့တာမှ ဟုတ်ရဲ့လားလို့လဲ ဆင်ခြင်ဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်ထဲမှာ လုပ်မယ်လို့ စိတ်ကူးရှိပါ လျက်ကယ်နဲ့ မလုပ်ဖြစ်တဲ့ကုသိုလ်ဖြစ်ဖွယ်တွေရှိခဲ့လျင်လဲ လာမယ့်နှစ်မှာတော့ လုပ်ဖြစ်အောင်လုပ်ရမယ်လို့ လဲ ကောင်းတဲ့စိတ်ကူးလေးဖြစ်မိပါတယ်။ နောက်ပြီးလဲ ကုသိုလ်ဖြစ်ဖွယ်အလုပ်တွေကို အရင့်အရင်ကထက် ပိုပြီးလုပ်ရမယ်လို့လဲ အဓိဋ္ဌာန်ပြုမိပါတယ်။
လူ့ဘ၀ဆိုတာက ဘာမှာကြာလှတာမှ မဟုတ်တာလေ။ လူ့ဘ၀လေးရခိုက်၊ ကံကောင်းထောက်မလို့ ဘယ်အရာ က ကောင်းတဲ့ကုသိုလ်ဖြစ်ဖွယ်၊ ဘယ်အရာက မကောင်းတဲ့ အကုသိုလ်ဖြစ်ဖွယ်ရယ်လို့ ခွဲခြားသိနိုင်တဲ့ အသိ ဉာဏ်လေးကို ပိုင်ဆိုင်ခွင့်ရတဲ့ လူဖြစ်နေရတာ။ လူတော့ဖြစ်ပါရဲ့။ အကောင်းအဆိုးကို ခွဲခြားဝေဖန်နိုင်မှုမရှိတဲ့ လူသားတစ်ဦးများဖြစ်ခဲ့လျင် ခက်ရချည့်လို့တွေးမိပြီး ကိုယ့်ကံကိုပဲ ကျေးဇူးတင်မိသေးတယ်။ ကျေးဇူးတင်စရာ ကိုယ့်ကံလေးကို ကျေးဇူးဆပ်ဖို့ ကံလေးပိုမိုသန့်ရှင်းစင်ကြယ်အောင်၊ ကောင်းမွန်တောက်ပြောင်အောင် လုပ် ပေးဖို့လိုတယ်လို့လဲ တွေးမိပါတယ်။ ကုသိုလ်ကံကို သုက္က(အဖြူ)၊ အကုသိုလ်ကံကို ကဏှ (အမည်း) လို့ဆို တယ်။ ကံကို ပိုမိုတောက်ပြောင်စေဖို့ဆိုလျင် ကံကို ပိုမိုဖြူစင်အောင် ကုသိုလ်အဖြူကံတွေ များများလုပ်ပေးဖို့ လိုလိမ့်မယ်။
နောက်ပြီးလည်း ကုသိုလ်အကုသိုလ်ကိုတော့ ခွဲခြားသိနိုင်တဲ့ အသိဉာဏ်ကိုတော့ ရပါရဲ့။ သို့ပေမယ့် အဲဒီရရှိ ပိုင်ဆိုင်လာတဲ့ အသိဉာဏ်လေးကို ဖုံးလွှမ်းသွားအောင်၊ အမှားကိုအမှန်ထင်သွားနိုင်အောင်၊ အမှောင်ကြီးတဲ့ မောဟတွေ၊ အလိုကြီးတဲ့ မတရားလောဘတွေ၊ စိတ်ဆိုးစိတ်ပျက် အမျက်ထွက်ရန်မူတတ်တဲ့ ဒေါသတွေ၊ ငါ မှငါ၊ ငါမပါလျင် ဒီအရာဖြင့် ပျက်ရချည့်လို့ မာန်မူထောင်လွှား အယူမှားမှုနဲ့ မာနတရားတွေ၊ ညစ်ပတ်ပေရေနေ တဲ့ လူသားတစ်ဦး ဖြစ်မနေရတာကိုလဲပဲ ကိုယ့်ကံကို ကျေးဇူးတင်မိပါတယ်။ အကုသိုလ်အညစ်တရားတွေဆို တာက အလွန်ပဲကြောက်စရာကောင်းတယ် မဟုတ်လား။
ဒါပေမယ့် ကိလေသာဆိုတာက လွန်ကျူးတဲ့ကိလေသာ(၀ီတိက္ကမ)၊ ထကြွသောင်းကျန်းကိလေသာ(ပရိယုဋ္ဌာန) နဲ့ အမြစ်တွယ် ငုတ်ကိန်းကိလေသာ(အနုသယ)ရယ်လို့ သုံးစားရှိတယ်တဲ့။ ဒီတော့ ကိုယ်ကျင့်တရား(သီလ)၊ တည်ကြည်တဲ့စိတ်ဓာတ်(သမာဓိ) အားလေးနဲ့ ထိန်းကွပ်ထားလို့ အကြမ်းစားအကုသိုလ်ကြီးတွေကို မပြုလုပ်ခဲ့ လျင်တောင် ငုတ်ကိန်းနေတဲ့ အနုသယ အမြစ်တရားက မြေရေလေအလား အစိုဓာတ်အညစ်တရားတွေနဲ့ တွေ့ ထိလာခဲ့ရင် တဖန်ပြန်လည်ကာ မရှင်သန် မပေါက်လာနိုင်ဖူးရယ်လို့ မပြောနိုင်ဘူး။ ဒီအမြစ်က အသိ(ဉာဏ်) ဓားနဲ့ဖြတ်မှ ပြတ်မှာ။
အပြစ်ဖြစ်တဲ့ အကုသိုလ်အညစ်တရား တကယ်ကြောက်တတ်တဲ့ လူသားတစ်ဦး အမှန်တကယ်ဖြစ်တယ်ဆို လျင်ဖြင့် ဒီအနုသယ အကုသိုလ်အမြစ်တရားကိုပါ အမြစ်ပြတ်အောင် ခြေမှုန်းသုတ်သင်မှ တော်ပေလိမ့်မယ် ရယ်လို့လဲ ဆင်ခြင်မိပါတယ်။ ဖေဖော်ဝါရီလမွေးနေ့ရှင်အားလုံးလဲ ကိုယ့်လိုပဲ ဆင်ခြင်ဖြစ်နိုင်စေဖို့ ဒီစာလေးကို မွေးနေ့လက်ဆောင်အဖြစ် အမှတ်တရ ရေးလိုက်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts