>Khaing Mar Kyaw Zaw – Burmese Lives at the Borders – 19

>

နယ်စပ်လမ်းက ဝမ်းတထွာ ၁၉

ခိုင်မာကျော်ဇော
မတ် ၂၃၊ ၂၀၁၀
ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်ဒေသက လိမ္မော်ခြံ၊ ပန်းသီးခြံ၊ လိုက်ချီးခြံနဲ့ လန်းမြိုင်းခြံကြီးတွေထဲကို မြန်မာနိုင်ငံသား အလုပ်သမားထောင်ပေါင်းများစွာရှိသလို သူတို့ရဲ့ ကလေးငယ်တွေကလည်း သူတို့နဲ့အတူ ရှိနေကြတာပါ။
လိမ္မော်ခြံ၊ ပန်းသီးခြံ၊ လိုက်ချီးခြံနဲ့ လန်းမြိုင်းခြံကြီးတွေထဲကို ဝမ်းစာရှာဖို့ ရောက်လာကြတဲ့ အလုပ်သမားများစွာ ထဲမှာ ကျောင်းဆရာ၊ ဆရာမနဲ့ ပညာရေးလုပ်သားတွေလည်း ပါပါတယ်။ 
ဆရာ၊ ဆရာမတချို့ဟာ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ခြံတွေထဲကို ရောက်လာကြ၊ မိုးထဲ၊ လေထဲ၊ နေပူထဲမှာ ခြံအလုပ်တွေ လုပ်ကိုင်နေကြရပေမယ့် ဝါသနာ၊ စေတနာ၊ အနစ်နာဆိုတဲ့ နာ()နာ ကျောင်းဆရာဘဝကို သံ ယောဇဉ်မကုန်ကြပဲ ခြံအလုပ်တွေလုပ်ရင်း၊ ခြံလုပ်သားတွေရဲ့ ကလေးတွေကို စာသင်၊ စာပြ ပေးနေကြတာပါ။ 
ခြံတွေထဲက ကလေးတွေ သေစာရှင်စာတတ်ဖို့၊ ခြံလုပ်သားတွေရဲ့ ကလေးတွေ ဘုန်းကြီးကျောင်းဝန်း တခုထဲက စာသင်ရာ နေရာလေးတခုကို ရောက်လာဖို့အတွက် အစပျိုးခဲ့သူကတော့ သားသမီး၊ တပည့်ကျောင်းသားလေးတွေ အလုပ် လုပ်နေတဲ့ ပန်းသီးခြံ တခြံထဲကို ရောက်လာတဲ့ ပင်စင်စား ကျောင်းဆရာမကြီးတဦးပါ။
ကျောင်းဆရာမအလုပ်ကို (၁၅)နှစ်နီးပါးလုပ်ခဲ့တဲ့ ဆရာမကြီးဟာ ပန်းသီးခြံတခြံထဲက ကျောင်းနေဖို့ အခွင့်မသာတဲ့ ကလေးတွေကို ပန်းသီးခြံထဲမှာပဲ စာသင်ပေးရင်းနဲ့ သူမရဲ့ ကျောင်းဆရာမဘဝကို တကျော့ပြန်စ ခဲ့ရသူလည်း ဖြစ်ပါတယ်။
ကျောင်းနေအရွယ်ကလေးတွေ ကျောင်းမနေရတာကို ကျမ အတော့်လေးကို စိတ်ထိခိုက်ရတယ်။ မိဘတွေ ခြံထဲဆင်းကြတော့ သူတို့ခင့်မျာ ထမင်းချက်၊ ရေခပ်၊ ထင်းရှာတဲ့ အလုပ်တွေကို ကူလုပ်ကြတယ်။ တချို့ကလေးတွေ ကတော့ မျက်စိသူငယ် နားသူငယ်နဲ့။ ကလေးတွေကပဲ ကလေးတွေကို ပြန်ပြီး ထိန်းကြောင်းနေကြရတယ်။ စာသင်ခန်းထဲမှာ စာသင်ရ မယ့်ကလေးတွေ၊ ကြာတော့ ကျမ မနေသာ တော့ဘူး။ မိဘတွေနဲ့တိုင်ပင်ပြီး ကလေးတွေကို စာသင်ဖို့ စခဲ့တာလို့ ဆရာမ ကြီးက သူ ခံစား၊ မြင်တွေ့၊ အစပျိုးခဲ့ပုံကို ပြန်ပြောင်းပြောပြပါတယ်။
ပန်းသီးခြံထဲက ဆရာမကြီးရဲ့ စာသင်ဝိုင်းလေးကို စေတနာ၊ မေတ္တာ၊ ဝါသနာတွေနဲ့ ဝိုင်းဝန်း အားဖြည့်ပေးခဲ့သူတွေ လည်းရှိပါတယ်။ သူတို့ကတော့ ဇာတိနယ်မှာ မူလတန်းပြဆရာလုပ်ခဲ့တဲ့ လူငယ်လေးတဦးနဲ့ ပညာရေးလုပ်သား တာဝန်တွေ ထမ်းခဲ့ဘူးတဲ့ အမျိုးသမီးတဦးပါပဲ။
သူတို့နှစ်ဦးကတော့ စားဝတ်နေရေး အကြပ်အတည်းကြောင့် ပညာရေး ဝန်ထမ်းဘဝကို စွန့်လွှတ်ခဲ့ကြပြီး ရေကြည် မယ် မြက်နုမယ်လို့ ထင်ရတဲ့ နယ်စပ်ဒေသကို ရောက်လာကြတာပါ။ မြန်မာပြည်က ပညာရေးဝန်ထမ်း လုပ်အားခ ထက်သာ တဲ့ ဝင်ငွေရဖို့အတွက် ထိုင်းလူမျိုးတွေပိုင်တဲ့ လိမ်မော်ခြံ တခြံ ထဲမှာ နေပူမိုး ရွာမရှောင် လုပ်ကိုင်နေရပေမယ့် ဝါသနာပါ တဲ့အလုပ်ကို သူတို့လည်း သံယောဇဉ် မကုန်ဘူးလို့ဆိုပါတယ်။  
ဒါကြောင့်မို့လည်း ခြံထဲမဆင်းရတဲ့ နားရက်တွေမှာ ဆရာမကြီးရဲ့ စာသင်ဝိုင်းလေးကို သူတို့ နှစ်ယောက် ရောက် ရောက်လာပြီး ဆရာမကြီးနဲ့အတူ ကလေးတွေကို စာပြပေးတာလို့ သူတို့က ပြောပါတယ်။
ပင်စင်စား ကျောင်းဆရာမကြီးတဦး အစပျိုးခဲ့တဲ့ ပန်းသီးခြံတခြံထဲက စာသင်ဝိုင်းလေးဟာ အခုချိန်မှာတော့ လိမ် မော်ခြံကြီးတခြံနားက ဘုန်းကြီးကျောင်းဝန်းတခုထဲကို ရောက်ရှိလို့ သွားခဲ့ပါပြီ။ ပန်းသီးခြံတခြံထဲက ကလေးတွေသာမက နီးစပ်ရာ လိမ်မော်၊ လိုက်ချီးနဲ့ မက်မန်းခြံတွေထဲက စာရေးစာဖတ်သင်ဖို့ အခွင့်မသာတဲ့ ကလေးတချို့လည်း ဘုန်းကြီးကျောင်း ဝန်းတခုထဲက စာသင်ရာ နေရာလေးတခုမှာ စာရေးစာဖတ် သင်အံလို့ နေကြပါပြီ။
ဒါပေမယ့် ခြံလုပ်သား ကလေးတွေရဲ့ စာအံစာဖတ်အသံတွေ ဘယ်လောက်ကြာကြာ၊ ကြားရမလဲ။ ကလေးတွေ ဘယ်အချိန်အထိ စာသင်ရလဲဆိုတာကိုတော့ ဘယ်သူမှ အတိအကျ မပြောနိုင်ကြပါဘူး။
ဒါကလည်း ခြံရှင်တချို့က သူတို့ရဲ့ အလုပ်သမားတွေကို ခြံအလုပ်ကလွဲလို့ အခြားအလုပ်လုပ်တာကို သဘောမကျ လို့ပဲ ဖြစ်ပါတယ်။ အလုပ်သမားတွေနဲ့ နေ့စဉ် ထိတွေ့ဆက်ဆံနေရတဲ့ အလုပ်သမားခေါင်းတွေကလည်း ခြံလုပ်သားတွေ တခြံနဲ့တခြံ ကူးချည်သန်းချည် လုပ်ကြ၊ သတင်းမေးကြ၊ သတင်းဖလှယ်ကြ၊ ကျောင်းသားကိစ္စ၊ ဆရာကိစ္စဆွေးနွေး တိုင်ပင် ကြတာကို မကြိုက်ကြဘူးလို့ ဆိုပါတယ်။
ခက်တာက ခြံရှင်တော်တော်များကတော့ သူတို့ ခြံထဲကနေ အပြင်ကို ဝင်ထွက်သွားလာတာ သိပ်သဘော မကျကြဘူး။ သူတို့အလုပ်လုပ်ရင် သူတို့ ထားသနေလို။ သူတို့ ခိုင်းတာလုပ်၊ သူတို့ စည်းကမ်း လိုက်နာတာကိုပဲ သူတို့က ကြိုက်တယ်။ ကလေးတွေ စာသင်တဲ့ ကိစ္စမှာ ထိုင်းဘုန်းကြီးတွေပါနေလို့ ဘာမှ မပြောသာပေမယ့် သူတို့ သဘောသိပ် မကျကြဘူးလို့ ခြံလုပ်သားတဦးက ပြောပါတယ်။
ဒါတွေကို ရိပ်မိတဲ့ စေတနာဝန်ထမ်း ဆရာတချို့ နောက်တွန့်သွားကြသလို တချို့လည်း ခြံအလုပ်တွေကနေ အပြီး ပြောင်းရွေ့သွားကြတယ်လို့ ခြံလုပ်သားတွေ ပြောကြပါတယ်။
ခြံလုပ်သားအများစုကတော့ သူတို့ကလေးတွေ စာရေး၊ စာဖတ်တတ်လာတာကို သဘောကြပေမယ့် မိဘတွေ ဖြစ်တဲ့ သူတို့ ကိုယ်တိုင်က ခြံရှင်တွေ၊ အလုပ်သမားခေါင်းတွေရဲ့ မျက်နှာကိုကြည့်ပြီး နေထိုင်လုပ်ကိုင် စားသောက်နေကြရ တာမို့ ခြံရှင်တွေ သဘောမတွေ့မှာ ခြံရှင်တွေ ငြိုငြင်မှာကို အထူးစိုးရိမ်ကြပါတယ်။
ဒီအခြေအနေတွေကြောင့်ပဲ တချို့ ခြံလုပ်သားတွေက သူတို့ သားသမီးတွေကို မိဘတွေ၊ ဆွေမျိုးသားချင်းတွေရှိရာ ဇာတိနယ်တွေကို ကျောင်းနေဖို့ပြန်ပို့ကြသလို သွားရေး၊ လာရေး၊ နေရေး၊ ထိုင်ရေး၊ စားရေးသောက်ရေးအတွက် အစစ အရာရာ အခက်တွေ့နေကြတဲ့  ခြံလုပ်သားတချို့ကတော့ ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲလို့ ဆိုကြပါတယ်။
(Photo – Khai Mar Kyaw Zaw)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts