>Kamar Pale – Poem

>

ကိုယ့်သဘော ကိုယ်ဆောင်နေတဲ့ … လိပ်ပြာ
ကမာပုလဲ
အောက်တိုဘာ ၁၈၊ ၂၀၁၁


မခမ်းနားဘူး
သိမ်မွေ့ခြင်းကင်းမဲ့
မုဆိုးမတယောက်ရဲ့
စိတ်ကူးစိတ်သန်းကိုတောင်
ယှဉ်တုမမီတဲ့ အတ္တများ
စိတ္တဇ ပစ္စုပ္ပန်တည့်တည့်များ
လမ်းကြိုလမ်းကြား အမှိုက်ပုံလို …။

ဘ၀ကို
လှချင်လိုက်တာကလည်း စက်စက်ယို
လူအထင်ကြီးခံချင်တယ်
ကျော်ကြားချင်တယ်
ပိပိယိယိ ကြွယ်ဝချမ်းသာချင်တယ်
ဒီတော့ …
သူများကိုလိမ်ဖို့
ကိုယ့်ကိုယ်ကိုယ် ဦးစွာလိမ်တယ်
ဒါပေမဲ့ … မငြိမ်သက်ဘူး
သေသေသပ်သပ် မလုပ်နိုင်ရှာဘူး
နှလုံးသားမှာ …
ယုဒ* သစ်ပင်တွေ … သာ
အလုအယက် အပြိုင်အဆိုင်
ရှင်သန် ပေါက်ရောက်နေခဲ့တယ် … ။

ကလေးငယ် တယောက်ရဲ့ ငိုသံလို …
ရယ်မောသံတွေ ရိုးသားနိုင်ပါရဲ့လား
အာရုံခြောက်ပါးစလုံးမှာ
လက်ရဲ ဇက်ရဲ ဆုတံဆိပ်တွေကိုသာ
အာသာငမ်းငမ်း ငတ်မွတ်ဆာလောင်နေပြီလား …။

တွင်းဝင်တော့ ဖြောင့်ချင်တယ်
ဒါပေမဲ့
မြွေတကောင်လို စင်းပြီး အရိုက်မခံရဲဘူး
ကိုယ့်မရိုးသားမှုတွေနဲ့ … ကိုယ်
ဆင်စွယ်နန်းထက်
တသက်စာ အကျဉ်းကျခဲ့ပုံများ … ။ ။

* ယုဒ = သစ္စာတရားအပေါ် သစ္စာဖောက်သူ၏ အမည်နာမ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts