>Students of California protest against state government

>

 
ကယ်လီဖိုးနီးယားကျောင်းများက ပြည်နယ်အစိုးရကို ကန့်ကွက်ဆန္ဒပြကြ
မိုးမခအထောက်တော် ၀၀၁
မတ် ၄၊ ၂၀၁၀
စီးပွားကျပြီး ဘတ်ဂျက်လိုငွေပြနေသည့် ကယ်လီဖိုးနီးယားပြည်နယ်အစိုးရက ပညာရေးဘဏ္ဍာငွေကို ထပ်မံဖြတ်တောက်ခြင်း၊ ကန့်သတ်ခြင်းများ တိုးမြှင့်ပြုလုပ်လာသည့်အတွက် ပြည်နယ်တ၀ှမ်းရှိ ကောလိပ်ကျောင်း၊ တက္ကသိုလ်နှင့် အထက်တန်းကျောင်းများအပါအ၀င် ကျောင်းသားများက စာသင်ခန်းမှ ထွက်ခွာလာပြီး လမ်းများပေါ်ထွက် ကန့်ကွက်ဆန္ဒပြလျက်ရှိသည်။ 

မိုးမခမိတ်ဆွေများ၏ အဆိုအရ ဆန်ဖရန်စစ္စကိုတက္ကသိုလ်၊ ဘာကလေတက္ကသိုလ်က ကျောင်းသားများနှင့် ဆရာများသမဂ္ဂတို့က လမ်းများကို ပိတ်ဆို့ပြီး ဆန္ဒပြနေသည်ကို တွေ့ရသည်။ ဆန္ဒပြသူ ထောင်ဂဏန်းရှိပြီး ကျောင်းများ၊ လမ်းမများနှင့် အစိုးရရုံးများရှေ့တွင် စုဝေး ဆန္ဒပြလျက်ရှိရာ၊ ရဲများက လုံခြုံရေးအတွက် စောင့်ကြပ်ပေးနေသည်။ မြန်မာပြည်က စစ်အစိုးရကဲ့သို့ လက်နက်ဖြင့် အကြမ်းဖက်နှိမ်နှင်းခြင်း၊ သတ်ဖြတ်ခြင်း ကျုးလွန်ရန်မဟုတ်ဘဲ လမ်းသွားလမ်းလာနှင့် ဆန္ဒပြသူများအတွက် လုံခြုံရေးနှင့် ထိခိုက်မှု၊ မတော်တဆမှုများကို ကာကွယ်စောင့်ရှောက်ရန် အဓိက ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

 “ယမန်နှစ်က ကျောင်းလခကို ၂၅ % ကနေ ၃၅ % ကျော် တိုးတယ်။ ဒီနှစ်လည်း ဆက်တိုးတယ်။ ကျောင်းသားတွေအတွက် ပညာသင်ထောက်ပံ့ကြေးတွေ ဖြတ်တယ်။ အခမဲ့ကျောင်းတွေကို လျော့ချလိုက်တယ်။ ဆရာ ဆရာမနဲ့ ပညာရေးဝန်ထမ်း ၂ သောင်းကျော်ကို အလုပ်ဖြုတ်ဦးမယ်လို့ ပြောတယ်။ ပြည်နယ်က လိုငွေ ဘီလျံ ၂၀ ပြနေတယ်။ အခြားမှာတော့ အခွန်တွေ တိုးတယ်၊ စာရိတ်တွေ၊ ကားခတွေကို တိုးတောင်းတယ်။ နိုင်ငံရဲ့ ဘဏ္ဍာရေးမှာ ဝေစု အနည်းဆုံးထဲပါတဲ့ ပညာရေးဘတ်ဂျက်ကို ကျတော့ အမြဲတန်း လျော့တယ်၊ ဖြတ်တောက်တယ်။ ဒါကို ကျောင်းသားတွေ၊ မိဘတွေ၊ ဆရာတွေက ကန့်ကွက်ဆန္ဒပြတာ ဖြစ်တယ်” လို့ သပိတ်မှောက်ကျောင်းသားတဦးက မိုးမခသို့ ပြောကြားသည်။

 
 

မနက်ခင်းကတည်းက ကျောင်းသားများ၊ သမဂ္ဂများက ကျောင်းများမှ လမ်းပေါ်သို့ ထွက်ပြီး ဆန္ဒပြနေကြရာ ယခုညနေ ၆ နာရီတွင် ဆန်ဖရန်စစ္စကိုနှင့် ဥက္ကလန် အဝေးပြေးလမ်းမတချို့ကိုပါ ပိတ်ဆို့ နိုင်ခဲ့ကြသည်ကို တွေ့ရသည်။ ရဲများက ကျောင်းသားအချို့ကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ ယခုအချိန်အထိ ငြိမ်းချမ်းစွာ ဆန္ဒပြနေဆဲဖြစ်သည်။

“မနှစ်က ဆန်ဖရန်နဲ့ ဘာကလေမှာ စာသင်ခန်းတွေကို ကျောင်းသားတွေက သိမ်းပိုက်တဲ့အထိ ဖြစ်ခဲ့တယ်။ ပြည်နယ်မြို့တော် ဆက္ကန်မတ္တရို မှာလည်း ပြည်နယ်ဥက္ကဋ္ဌကို ချီတက်ဆန္ဒပြကြမယ် ဆိုတယ်။ ကျနော်တို့ဆီမှာကတော့ ကျောင်းသားတွေ၊ လူထုတွေ ဆန္ဒပြတယ်ဆိုတာ အစိုးရရဲ့ ပေါ့လျော့မှု၊ ညံ့ဖျင်းမှုတွေ၊ အပြစ်တွေကို ဝေဖန်တာ၊ ထောက်ပြတာ၊ ပြစ်တင်ရှုတ်ချတဲ့ လှုပ်ရှားမှုတခုပဲ။ ပုံမှန်လှုပ်ရှားမှုတခုပဲ” ဟု ဆန်ဖရန်စစ္စကိုတက္ကသိုလ်ကျောင်းသား တဦးက မိုးမခကို ရှင်းပြသည်။

“ကျနော်ကတော့ သူတို့ကိုယ်စား ၀မ်းသာပါတယ်။ သူတို့တတွေ အကြောက်အရွံ့မဲ့စွာနဲ့ လမ်းပေါ်မှာ ကြွေးကြော်နေကြတယ်။ ကျနော်တို့အတွက်တော့ ကျနော် ၀မ်းနည်းမိတယ်။ ကျနော်တို့တတွေဟာ ကျနော်တို့တိုင်းပြည်မှာ သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ ခင်းပြီး စွန့်စားပြီး ဆန္ဒပြကြရတာ ဖြစ်တယ်။ အဲသည်အတွက် အစိုးရက နှိမ်နှင်း ပိတ်ဆို့ အမှောင်ချခံရတယ်။ ဒီမှာကတော့ အားလုံးက အတားအဆီး အပိတ်အဆို့ မရှိဘူး။ အစိုးရဟာ လက်ပိုက်ကြည့်နေရတာ။ ဥပဒေဘောင်အတွင်းက ဖြေရှင်းကြရတာ” ဟု မြန်မာပြည်က ကျောင်းသားတဦးဖြစ်ခဲ့သူ ကိုပြုံးက မှတ်ချက်ပေးသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts