>SPDC stops some business in Rgn

>

ရန်ကုန်မြစ်ဘေးရှိ လုပ်ငန်းတချို့ကို ဗိုလ်ချုပ်များအတွက် သိမ်းပြီ
မိုးမခအထောက်တော်၊ ရန်ကုန်
မတ် ၄၊ ၂၀၁၀


ရန်ကုန်မြစ်ကမ်းနဘေးရှိ တန်ဖိုးကြီး မြေနေရာအချို့ကို နအဖနှင့် နီးစပ်သည့် ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးများထံ လွှဲပြောင်းပေးနိုင်ရန် အတွက် ထိုမြေနေရာများရှိ လုပ်ငန်းများ ရပ်ဆိုင်းရတော့မည်ဟု သိရသည်။

ရန်ကုန်မြို့ ကြည့်မြင်တိုင် စံပြငါးဈေးကြီးတွင် တည်ရှိသည့် ဌေးမြန်မာ ရေထွက် ပစ္စည်း အအေးခန်းကို ယခုလ မကုန်မီတွင် လုပ်ငန်းများ ရပ်ဆိုင်းပေးရန် အာဏာပိုင်တို့က ညွှန်ကြားလာကြောင်း အဆိုပါ ကုမ္ပဏီမှ အမည် မဖော်လိုသည့် အင်ဂျင်နီယာတဦးက ပြောသည်။

ပြီးခဲ့သည့် လကုန်ပိုင်းက ရောက်လာသည့် အမိန့်စာတွင် ရက်ပေါင်း ၃၀အတွင်း ရပ်ဆိုင်းရန်၊ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း အကြောင်းကြားရန် တို့ကို ဖော်ပြထားသည် ဟု သူက ပြောသည်။

အနောက်ကြို့ကုန်း ငါးလုပ်ငန်း ဦးစီးဌာနပိုင်မြေတွင် ဆိပ်ခံတံတားနှင့် ရေလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီ တခု၊ ရွှေပြည်သာ စက်မှုဇုန်ရှိ ရေထွက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီတခု တို့သည်လည်း အလားတူ ညွှန်ကြားချက်များ ရရှိထားသည်ဟု ရေထွက်ပစ္စည်း တင်ပို့သည့် လုပ်ငန်းရှင်တဦးက ပြောဆိုသည်။

ထိုကုမ္ပဏီများ လျော်ကြေးရရှိဖွယ် မမြင်ကြောင်း၊ လုပ်ငန်းအဆင်မပြေမှုကြောင့် စာချုပ်အရ ပြည်ပ လုပ်ငန်းရှင်များကို လျော်ကြေးပေးရမည် ဆိုလျှင်လည်း အစိုးရနှင့် မသက်ဆိုင်ကြောင်း ညွှန်ကြားချက်တွင် ဖော်ပြထားသည်ဟု ဆိုသည်။

သို့သော်လည်း ထိုသို့သော ရေထွက်လုပ်ငန်းများ လုပ်ကိုင်နေသည့် ဗိုလ်ချုပ်ကြီးတို့၏ လုပ်ငန်းကြီးများမှာ ပုံမှန်လည်ပတ်လျက်ရှိသည်။ ၎င်းတို့အနက် ကြည့်မြင်တိုင် ငါးဈေးကြီး အတွင်းရှိ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်၏ ငွေပင်လယ် အအေးခန်း၊ စံပြရွှေငါး ဆိပ်ခံတံတား၊ မြန်မာမန်း ရေထွက်ပစ္စည်း အအေးခန်းတို့ ပါဝင်သည်။

ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်မြစ်ကမ်းနဘေး သဲကွင်းမှတ်တိုင်နှင့် စံပြငါးဈေး မှတ်တိုင် အကြား ပုဂ္ဂလိကပိုင် ဆိပ်ခံတံတား အသစ်များ ထပ်မံ ဆောက်လုပ် လျက်ရှိသည်ကိုလည်း တွေ့မြင်နေရသည်။

နအဖအစိုးရက ယခုနှစ်အတွင်း ပြုလုပ်ပေးမည်ဟု ထပ်ခါတလဲလဲ ကြေညာနေသည့် ရွေးကောက်ပွဲ မတိုင်မီတွင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ မြေနေရာများ၊ စက်ရုံများ၊ စီးပွားရေးလုပ်ပိုင်ခွင့် အခွင့်အလမ်းများကို ဗိုလ်ချုပ်ကြီးများနှင့် အကျိုးတူစီးပွားရေး လုပ်ကိုင်လျက် ရှိသည့် ကုမ္ပဏီကြီးများအား အမြန်ဆုံး လွှဲပြောင်းနေသည်ကို သတင်းစာ ကြော်ငြာများ အရ သိရသည်။

ထိုအခွင့်ထူးများ ရရှိသည့် ကုမ္ပဏီများတွင် ဦးတေဇ၏ ထူး၊ ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါလ်၊ ဦးဇော်ဇော်၏ မက်စ်မြန်မာ၊ ဗိုလ်ချုပ်ကြီးရွှေမန်း၏ သား ပိုင်ဆိုင်သည့် ဧရာရွှေဝါ၊ ဦးခင်ရွှေ၏ ဇေကမ္ဘာ၊ ဦးဌေးမြင့်နှင့် ညီအစ်ကိုများ၏ ယုဇနတို့ ပါဝင်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts