>Mar Mar Aye – Reply Letter for YMB Saya Tin

>

မေတ္တာစာ အပြန်ကမ်းပါရဲ့

မာမာအေး
ဖေဖော်ဝါရီ ၂၄၊ ၂၀၁၀
“မေတ္တာစာ အပြန်ကမ်းပါရဲ့”
(သံချို)
ဆောရီး၊ ဆောရီး
ဒေါမခီးပါမောင်
အူကြောင်ကြောင် ဦးရှံစားလို
‘မှားတဲ့အခါလဲ မှားပေမပေါ့’ လို့
ပြောဖို့ရာ ၀န်မလေးပါဘူး
ဖတ်ဖူးတဲ့ ဟိုစာ သည်စာ
ယူအက်(US)မှာ အရှာခက်တာကြောင့်
စိုးနှောင့်ကာ ပူဗျာဖက်လို့ကွယ်
လွဲချက်ကယ် ရှိနိုင်ကောင်းတာဖြင့်
ကြိုတင်ကာ ခွင့်ပန်တောင်းခဲ့တယ်
နှောင်း ပြန် စဉ်းစား။      ။
ရေးထားတဲ့ မေတ္တာစာ
‘အုံပုန်းချစ်’ ဇာတ်လမ်းပမာ
‘ညိုဆရာ’ ဘယ်မှာကြားတယ်လို့
တို့မသိပါ။        ။
မူရင်းတဲ့ ‘ဒို့ဗမာ’
စာရှာတာ ‘သခင်ဘသောင်း’
လက်မောင်း လက်သီး
မြည်သံဟီး၊ ဖြည့်ဆည်းသံထွင် ဂီတရှင် ‘၀ိုင်အမ်ဘီ ဆရာတင်’
နာမည်တွင် ‘သခင်’  ပြောင်းကာပါ့
‘နယ်ချဲ့’ ပါ ‘ဖက်ဆစ်’ ဂျောင်းရအောင်
မောင်းကြလေအား။      ။
များသူငါ ထွဋ်မြတ်တွေး
‘လွတ်လပ်ရေး’ ကြွေးကာကြော်
ပြိုင်စံမပေါ် နိုင်ငံတော်သီချင်း
ရေးသွင်းကာ တင်လွှာဆက်သော်လည်း
အသည်းမှာ ‘တို့ဗမာသီချင်း’ ရယ်က
ထုထွင်းကာ ကျောက်သလင်း တည်မို့
မရှင်းသာ ‘စာလိုရင်းတွေ’ ဖြင့်၊ တွေးချင့်ကာ စီစဉ်သွင်းတဲ့ခါ
‘ဆရာရန်နိုင်စိန်’ ငဲ့ပြင် ‘ဒဂုန်ဆရာတင်’ စာယဉ်ခင်းကြတယ်
(ကွယ်) သီချင်း ‘ကမ္ဘာမကြေ’ပါ။     ။
မိုးမခချစ်သူတို့ရေ …
ပြီးခဲ့တဲ့နှစ်ကုန်ခါနီးမှာ မိုးမခကို ပို့လာတဲ့ ကိုဝင်းပေါ်မောင်ရဲ့ ဆောင်းပါး ‘ဆရာတို့သို့မေတ္တာစာ’ ဆိုတာကို ဖတ်မိလိုက်ကြလိမ့်မယ် ထင်ပါတယ်ရှင်။ မကတဲ့ အရုပ် ကြိုးရှုပ် ဆိုတာလိုဘဲ ချက်ချင်း ပြန်ဖို့ရာ အချိန်က မရတာနဲ့ မေတ္တာစာ အပြန်ကလမ်းမှာ တစ်နေတော့တယ်။
          မိုးမခမှာ ဒီဆရာလေးရဲ့စာ တက်လာတော့ ကျမက အမျိုးသားရေး ကိစ္စမှာ သံချို ဟစ်ကြွေး ရုပ်စုံစင်ပေါ်က ဖေးခဲ့တဲ့ မောင်းထောင်ရွာသား ဦးကျော်လှအကြောင်း BBC မှာ ပြောဖို့ရာ သံချိုတောမှာ မောအောင် ရှာနေတုန်းကိုး ရှင့်၊ သံချိုကိုင်ဆရာကြီး မောင်းထောင်ဦးကျော်လှရဲ့ သံချိုကဗျာတွေထဲက ‘နယ်ချဲ့ပါပတွေ ဒုက္ခရောက်မယ့်ကိန်းဆိုက်နေပြီ’ ဆိုတဲ့ အဓိပ္ပာယ်ရစေတဲ့ သံချိုတပိုဒ်ကို လေ့လာနေချိန်နဲ့ ကြုံတော့ …  ဆောင်းပါးရေးတဲ့သူဆီကို သံချိုကဗျာပုံစံဖမ်း မေတ္တာစာ အပြန်ကမ်း စမ်းလိုက်ပါတယ်။
          မရေးရင်လည်း ပြီးမှာမှ မဟုတ်တော့ ရေးရတာပေါ့လေ – – – ၊ ဆောင်းပါးရှင်က LA ဟောပြောပွဲမှာ နိုင်ငံတော်သီချင်း ရေးသားကြစဉ်က သီချင်းရေးတဲ့ ဆရာကြီး ၀ိုင်အမ်ဘီ သခင်တင် မရှိတော့ဘူးလို့ ကျမ ပြောခဲ့တဲ့အကြောင်း ဒီအချက်ကလေးကိုတော့ မဟုတ်ပါဘူးလို့ ထောက်ပြပါရစေ လို့ ရေးထားတာမို့ပါရှင်။
          အဲဒါဟာ နှစ်လုံးထဲနဲ့ ကပ်ရှုပ်နေတာလို့ ပြောလေ့ရှိတာမျိုးနဲ့ ပြောရမယ် ဆိုရင် ‘မရှိတော့ဘူး’ ပြောတာနဲ့ ‘သေသွားပြီ’ လို့ ပြောတာ တူပါသလားကွယ် လို့ပဲ ပြန်မေးရတော့မယ်ရှင့်။ ဟောပြောပွဲမှာ ကျမက ‘မရှိတော့ဘူး’ ဆိုတာမကဘူး ‘မရှိရှာတော့ဘူး’ လို့ကို ပြောခဲ့တာပါ။
          ကျမ ရင်ထဲမှာ ၀ိုင်အမ်ဘီသခင်တင်ကြီး မသေသေးပါဘဲ သူ့ရဲ့ နိုင်ငံရေးသမိုင်းဝင် ‘တို့ဗမာ’ သီချင်းထဲက အသံအလိုက်သွားကို တိုက်ရိုက်ကြီး ယူသုံးကြတာတောင်မှ သူ့ကို ဘာဖြစ်လို့ မခေါ်ကြရတာလဲ၊ ကိုယ်လုပ်ချင်တာကိုပဲ ကြည့်တတ် ဦးစားပေးတတ်တဲ့ အထက်ဆီးက နေရာယူထားတဲ့ လူကြီးတချို့က အရေး မစိုက်ခဲ့ကြတာလား။ သူဟာ နောက်ချန်အထားခံခဲ့ရတဲ့ အနုပညာရှင် ဖြစ်ခဲ့လေသလား။ အတွေးပေါင်း များစွာ ရိုက်ခတ် ခံပြင်းနေတာ၊ သနားနေတာတွေက ရုန်းကန်နေကြတော့ကာ ‘မရှိရှာ’ ဆိုတဲ့ စကားလုံးပဲ ထွက်လာပါတယ်။
          ဒီဆရာကြီး ဘယ်တုန်းက ဆုံးပါးခဲ့တယ် ဆိုတာ ဆရာနန်းညွန့်ဆွေ ရေးတဲ့ အနုပညာအားမာန် စာအုပ်မှာ ကျမ ဖတ်နှင့်ပြီးတာ ကြာပါပြီ။ ‘ဘယ်နေ့မှာ သေဆုံးသွားပါတယ်’ လို့ ဘယ်အနုပညာရှင် အကြောင်းကိုပဲ ရေးရေး၊ ပြောပြော  မသုံးရက်လို့ မသုံးခဲ့ပါဘူး။ ရူးတယ် ဆိုလည်း ဆို၊ ကျမရင်ထဲကို ဘယ်လိုမြင်နိုင်တာမှတ်လို့။ ကျမရဲ့ ဂီတ အမိအဖတွေ အကြောင်း ကျမထက် ကောင်းအောင် စေတနာထား ရေးသွားကြရင် ကျေးဇူး တင်စွာ ကန်တော့ပွဲ ပြင်ထားမယ့်သူ လို့သာ မှတ်လိုက်ပါနော်။ မှည့်ပြောက် မစွန်းစေလို့တဲ့အတွက် ကျေးဇူးတင်ရပါမယ်။
          LA စာပေ ဟောပြောပွဲမှာ ကျမ ပြောခဲ့တဲ့ ခေါင်းစဉ်က ‘အမျိုးသားရေးတေးဂီတ’ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားရေးတေး လို့ ကဗ္ဗည်းတင်နိုင်မယ့် သီချင်းတွေကို ပြောဖို့ ဆိုပြဖို့သာ အဓိက ရွေးခဲ့ပြီး၊ ရေးသားခဲ့ကြတဲ့ ဂီတစာဆို ရွှေတိုင်ညွန့် တို့၊ ၀ိုင်အမ်ဘီ သခင်တင် တို့ကို ရှေ့တန်းတင် ပြောဖို့ မစီစဉ်ထားပါဘူး။
          ကျမဟာ ဂီတမှာ အဆိုပညာရှင်တော့ ဟုတ်ပါတယ်။ စာရေးဆရာ ပီပီပြင်ပြင်လည်း မဟုတ်၊ သုတေသန ပညာရှင်လည်း မဟုတ်ပါဘူးလို့ ကြုံတဲ့အခါတိုင်းပဲ ပြောခဲ့တာပါ။ သိရင် သိတယ်။ မသိရင် မသိဘူး ပြောစာမျိုးပဲ ရေးခဲ့တာပါလေ။
          ဆောင်းပါးရှင် ဆရာလေးက နိုင်ငံတော်သီချင်း စီစဉ်နေတုန်းက ဆရာတင် မြင်းခြံမှာ ရှိနေပါတယ် တဲ့။ အဲဒါ ကျမ မသိပါဘူး။ နိုင်ငံတော်သီချင်း ရွေးတဲ့ အဖွဲ့ထဲမှာ ကျမဆရာ စောင်းဦးဘသန်း နဲ့ ဆရာရွှေပြည်အေး တို့ ပါခဲ့တာပဲ။ ဘာမှ ပြောမသွားကြပါဘူး။ တို့ဗမာသီချင်းထဲက တချို့အသံတွေ ယူပြီး အဲဒီအချိန်က ခေါင်းဆောင်ပိုင်း လူကြီးများ လမ်းညွှန်မှုနဲ့ စာဖြည့် စပ်ဆိုခဲ့ကြတဲ့ ဆရာရန်နိုင်စိန်တို့ ဘဘ ဒဂုန်ဆရာတင်တို့နဲ့လည်း ကျမ တရင်းတနှီး ရှိခဲ့ ပြောခဲ့တာမှာလည်း ဆရာတင် ၀ိုင်အမ်ဘီကြီး ဘာလို့ မပါလဲ ပြောမသွားခဲ့ပါဘူး။ အဲဒီတော့ ကျမ မသိတာ ဆန်းသလားရှင်။
          နိုင်ငံတော်သီချင်းကို နှောင်းလူတွေထဲ ဆက်လက် သီဆိုသွားစေချင်တဲ့ ဆန္ဒနဲ့ ဖို့ဝိန်း ရောက်လာခါစ ကျမရဲ့ မွေးနေ့ပွဲကို ကျမရဲ့ ၀မ်းမနာသားတွေ စုပေါင်း ကျင်းပပေးတဲ့ပွဲမှာ မွေးနေ့လက်ဆောင် ပြန်သင်ပေးခဲ့ပါတယ်။ DID သတင်းမီဒီယာမှာ အသံသွင်းပြီး မိုးမခမှာ တင်ပေးစေပါတယ်။ ညီမစုလေးရဲ့ မွေးနေ့ ဆန်ဖရန်ဘက် ရောက်တော့လည်း (BAWA) အမျိုးသမီးအဖွဲ့ရဲ့ အစီအစဉ်နဲ့ နိုင်ငံတော်သီချင်း တက်ရောက်လာသူတွေကို သင်ပေး ဆိုခိုင်းခဲ့ပါတယ်။
          အစကတော့ ကျမလည်း ဗူးလုံးနားမထွင်းနဲ့ အများတကာလိုပဲ ၀ိုင်အမ်ဘီ သခင်တင်ကြီး တဦးတည်းပိုင်လို့  ထင်ခဲ့ပါတယ်။ ခုကျတော့ ဆရာကြီးဆီက အသံတချို့ကိုပဲ ယူတာ စာက ဆရာရန်နိုင်စိန်နဲ့ ဒဂုန်ဆရာတင်ကြီးပါတကား လို့ သိရပြီ။ ဂီတစာဆို သုံးဦး ရေးတယ် ဆိုမှ မှန်တဲ့အတိုင်း ပြောရာ ရောက်တော့မှာ မဟုတ်လား။ ကျမကတော့ ကိုယ့်ပြည်သူကိုလည်း BBC က တဆင့် ပြောပြီးပါပြီ။ ကျမရဲ့ ‘ပြောပြစရာတွေလဲ တပုံကြီး ရှိသေးတယ်’ ဆောင်းပါး အမှတ် ၃၁၅ မိုးမခမှာ တင်လာတဲ့အခါ ဖတ်ကြည့်နိုင်မှာပါရှင်။
          ဆောင်းပါးရေးတဲ့ ကိုဝင်းပေါ်မောင်က စာပေဟောပြောသူတွေအပေါ် ကိုယ်ပြောမယ့် ကိစ္စကို သုတေသန အတိအကျ ပေးဖို့ တောင်းဆိုနေသလို ဖြစ်နေပြီ ထင်ပါရဲ့။ ကျမ ရောင်းရင်း ‘ချစ်ဦးညို’ဆရာက ‘အုံပုံးချစ်’သီချင်း ပြောကောင်းအောင်ခင်းတဲ့ ကျင်းတူးတဲ့ ဇာတ်ဆရာရဲ့ ‘လံကျုပ်’ ဇာတ်လမ်းမျိုးကိုလည်း တကယ် ထင်သကိုး။ နှစ်တွေက ရှေ့တို့ နောက်တို့ ရှာမနေနဲ့ ကိုယ့်မောင်ရေ – ‘မေ့ကွက်ကိုရှာ’ ကံထချင်တော့ ကျမတို့လင်မယား ဒီသီချင်းကြောင့် ပြန်ပေါင်းတာတဲ့လေ။ လူထုတွေထဲမှာလည်း မဟုတ်တာကို ကိုယ့်ဇာတ်ကိုယ်ဖန်တတ်တဲ့ ညာဉ်နဲ့ ခင်းကြတာပဲ။ ကျမဆီကို ‘ကိုညို’ တို့ ပြောတဲ့အခွေ မရောက်ပါဘူး။ ကဗျာမောင်ကလေးတယောက်က ပြောပြတာပါ။
ဟောပြောချက်ချင်း တူရအောင်လဲ ‘ကိုညို’က ကျမကို မဆက်တတ်ပါဘူး။ သူတို့ဘေး သူတို့ကြောက်ရတာ သိလို့ ကျမဘက်ကလည်း မဆက်သွယ်ပါဘူး။ ၀ိုင်အမ်ဘီကြီးအကြောင်း ပြောမယ့်ကြံရင် ‘တို့ဗမာ’ပဲ အဓိက ပြောဖြစ်မှာ ဆိုတော့ ဘိုကလေးတင့်အောင်တို့ ရွှေကူမေနှင်းတို့ မကလို့ ဘယ်ကလာပြောပြော တူတာများတော့မပေါ့ရှင်။ သူတို့တွေ ဟောကြပြောကြတုန်းကလည်း ကျမ နားမထောင်ဖြစ်ခဲ့ပါဘူး။ အချိန်မပေးနိုင်တဲ့ကျမ ဟောပြောပွဲကို ရှောင်ရပါတယ်။
ကျမက စာနဲ့ ရေးပြီး ပြောလို့ရှိရင် အရုပ်ပါ မြင်လာအောင် ပြောတတ်တဲ့ အလေ့အကျင့်တော့ အသံလွှင့်ရုံ ၀န်ထမ်း အတွေ့အကြုံကြောင့် ရှိတာပေါ့ရှင်။ အကြောင်း တခုခုကို လက်တန်း ပြောကြေး ဆိုရင် ရှေ့နောက်စကား မညီမှာ စိုးလို့ လျှာခလုပ်တိုက်မှာ စိုးလို့ အခုလို အထောက်အတေး ခံရမှာမျိုးလည်း ကြောက်လို့ မပြောချင်တာလည်း ပါတယ်လေ။
          ခုအချိန် အရွယ်ကတော့ လူငယ်တွေ နှောင်းလူတွေ သိသင့်တာတွေကို ပြောထားဖို့ ကောင်းပြီ မဟုတ်လား။ အကြားအမြင် ဗဟုသုတ ဝေမျှခဲ့ဖို့ အချိန် ရတုန်း ပြောခွင့်ရတုန်း ပြောဖြစ်သွားတာပါ။ အပြောကောင်းလာအောင်လည်း ကြိုးစားပါဦးမယ်။     ။
          (မိုးမခမှတ်ချက် – မိုးမခမှာ ဖော်ပြခဲ့တဲ့ ၀င်းပေါ်မောင်ရဲ့စာ – http://moemaka.com/index.php?option=com_content&task=view&id=5523&Itemid=103 ။ )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts