>Win Pe – WIn Pe Bag 16
>
ဘီဘီစီ အပတ်စဉ်အစီအစဉ်
ဝင်းဖေ
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၀
သောတရှင်များခင်ဗျား   
ပြီးခဲ့တဲ့ သတင်းပတ်တွေမှာ မန္တလေး လူထုတိုက်နဲ့ ပတ်သက်ခဲ့တာတွေကို တင်ပြခဲ့ပေမယ့် လူထုဦးလေးလှအကြောင်း အတော်ကလေး နည်းနေပါသေးတယ်။ လူထုဦးလေးလှနဲ့ ဒေါ်ဒေါ်မာတို့ရဲ့  ခံယူချက်ပေါ်လစီက တကူးတကန့် ထုတ်ဖော် ကြေငြာတားတာမဟုတ်ပေမယ့် သိသာထင်ရှားနေပါတယ်။ လူဘဝရှင်သန်နေတုန်း အချိန်ရှိသမျှ ကိုယ့်အကျိုး အများအကျိုး တခုမဟုတ်တခု တတ်နိုင်သမျှ ကြိုးပမ်းလုပ်ကိုင်ဆောင်ရွက်နေတာဟာ လူ့တန်ဖိုးလို့ ယုံကြည်ကြခြင်းပဲ ဖြစ်ပါတယ်။ ယုံကြည်သလို လက်တွေ့လည်း ကျင့်ကြံ ရှင်သန်ကြသူတွေဖြစ်ပါတယ်။
ဦးလေးလှက စည်းကမ်းပိုကြီးပါတယ်။ နေ့စဉ် အကွက်စေ့အောင် ရေးဆွဲထားတဲ့ လုပ်ငန်းဇယားနဲ့ လှုပ်ရှားပါတယ်။ ဦးလေး ငယ်စဉ်ကတည်းက ကျန်းမာရေးနဲ့ အားကစားကို ကိုယ်ကိုယ်တိုင်လည်း လိုက်စားလေ့ကျင့် သူများကိုလည်း ရှင်းပြစည်းရုံး ဆိုတာတွေ စဉ်ဆက်မပြတ် ကျင့်ကြံလုပ်ဆောင်ခဲ့ပြီး အဲဒီလိုလုပ်ဆောင်ရာမှာ စာပေအနုပညာကို အဓိကအားဖြင့် လက်နက်အဖြစ် အကောင်းဆုံးနဲ့ အကျယ်ပြန့်ဆုံး အသုံးချခဲ့သူဖြစ်ပါတယ်။ ကိုယ်တိုင် စာတွေအများကြီး ရေးတယ်။ သတင်းစာဂျာနယ် လုံးချင်းစာအုပ်တွေ မပြတ်ထုတ်နိုင်ဖို့ စာပေထုတ်ဝေရေးတိုက် ပုံနှိပ်တိုက်လုပ်ငန်းကို ထူထောင်တယ်၊ တချိန်ထဲမှာ ကျန်းမာရေးကို အထူးဂရုစိုက်တယ်။ ကျန်းမာရေးဆောင်ပါးတွေ အားကစားဆောင်းပါးတွေ အများကြီးရေးပြီး ပြည်သူလူထု အမြောက်အများကို အကျိုးပြုခဲ့ပါတယ်။
ဒီလို အတ္တ ပရ ညီညီမျှမျှ အကျိုးများအောင် အချိန်ရှိသမျှ လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်ပေမယ့် နိုင်ငံရေးယုံကြည်ချက် ခြားနားမှုအတွက် ဖမ်းဆီးတဲ့သူ အကျဉ်းချတဲ့သူတွေကလည်း ရှိနေသေးတာပဲ။ ဒါပေမယ့် ဦးလေးလှဟာ ရောက်တဲ့အရပ် ရသမျှအချိန်တိုင်းကို အများအကျိုး ကိုယ့်အကျိုး စီးပွားအောင် လုပ်ဆောင်တတ်တဲ့ အကျင့်ရှိလေတော့ အကျဉ်းထောင်ထဲက အချိန်နဲ့ အခြေအနေကိုပဲ အခွင့်ကောင်းတရပ်အဖြစ် အသုံးချပြီး ဘဝစာပေ စာအုပ်စာတမ်းတွေရေးဖို့ ကုန်ကြမ်းတွေ အမြောက်အများရအောင် စုဆောင်းနိုင်ခဲ့ပါတော့တယ်။
ဦးလေးလှလိုပုဂ္ဂိုလ်ကို ထောင်ချလိုက်တာဟာ စူဠလိပ်ကို ရေထဲချလိုက်သလိုပါပဲ။ အကျဉ်းထောင်ထဲကနေပြီး မြင့်မားတဲ့ စာပေဆုကို ရယူနိုင်ခဲ့ပါတယ်။ မီးပုံထဲ ပစ်ချလိုက်ရင် ခွန်အားနှစ်ဆ တိုးလာတယ်ဆိုတဲ့ Phoenix ဒဏ္ဍာရီငှက်လိုပါပဲ။ ဦးလေးလှက လူတွေကျန်းမာအောင် အစာအဟာရကို အချိန်မှန် ဘယ်လိုစားသင့်တယ်၊ ဘာတွေ စားရမယ်၊ ဘယ်လောက်သာ စားသင့်တယ် စတဲ့ကိစ္စတွေကို  အကျိုးနဲ အကြောင်းနဲ့  ပြည့်ပြည့်စုံစုံ ဆောင်းပါးတွေ ရေးသားပြီး မကြာခဏ သတိပေးနှိုးဆော်ပါတယ်။ အများပြည်သူတွေအကြားမှာ ထိရောက်မှု အကျိုးလည်း အတော်ကြီးမားပါတယ်။
ဒါပေမယ့် အဲဒီ ဆောင်းပါးတွေကို ဒေါ်ဒေါ်မာကတော့ မျက်စေ့ရှန်းသွားလေသလား “ရွာဘုရား ရွာသား မကိုးကွယ်” ဆိုတာလိုများ ဖြစ်လေသလား မပြောတတ်ပါ။ ဒေါ်ဒေါ်က မန္တလေးသူပီပီ ပုရစ်ကြော် သိပ်ကြိုက်ပါတယ်။ တခါတခါ စားရင် တထိုင်ထဲ အကောင်သုံးလေးဆယ် စားတတ်ပါတယ်၊ အဲဒီလို ဒေါ်ဒေါ်စားတာကို ဦးလေးလှကကြည့်ပြီး “သိင်္ဂိုရ်ပြည်ကို ဘီလူး ဝင်စားတာကျနေတာပဲ” လို့ ပြောပါတယ်။ ဦးလေးလှဟာ ကြမ်းတမ်းတဲ့စကား သိမ်ဖျင်းတဲ့ စကားတွေကို အလွန် ပြောခဲပါတယ်၊ ဒေါ်ဒေါ်က ဒညင်းသီး အုန်းနို့ဆမ်းတို့ ဘာတို့လည်း သိပ်ကြိုက်တော့ “တန်ဆေး လွန်ဘေး” မဟုတ်ဘဲ စားပြီဆိုရင် အလွန်အကျွံ စားတတ်ပါတယ်၊ ဦးလေးလှရဲ့တိုက်တွန်းချက် ဆန္ဒတွေနဲ့ မကိုက်ညီဘူးလို့ ဆိုလိုတာပါပဲ။
ဒါပေမယ့် ပြဿနာက ကျန်းမာရေး စည်းကမ်းတွေနဲ့ အလွန် ညီညွတ်အောင် ကျင့်ကြံနေထိုင်တဲ့ ဦလေးလှက သက်တမ်း ၇၂ နှစ်သာနေရပြီး ဒေါ်ဒေါ်မာက ၉၃ နှစ်အထိ သက်တော်ရှည် ဖွားဖွားကြီးအဖြစ် ရှင်သန်နေထိုင်သွားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ မျက်စေ့လည်မသွားဖို့ လိုပါတယ်။ ဦးလေးလှရဲ့ ကျင့်ကြံမှုက မှားနေပြီး ဒေါ်ဒေါ်ရဲ့  စိတ်အလိုလိုက်မှုက မှန်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဦးလေးလှရဲ့ အတိတ် ကမ္မာဝစရ ကုသိုလ်ကံဟာ အသက်ရှည်ရှည် မနေရဖို့ ပါလာပေမယ့် ပစ္စုပ္ပာန်ကံ ထက်သန်လွန်းတဲ့ အတွက် ၇၂ နှစ်အထိ ရှင်သန်သွားနိုင်တာ ဖြစ်ပါလိမ့်မယ်။
ဦးလေးလှက အခါအခွင့်သင့်တိုင်း စာပေဟောပြောပွဲတွေ စာတမ်းဖတ်ပွဲတွေ မဖြစ်ဖြစ်အောင် လုံးပမ်းလေ့ ရှိပါတယ်။ ဒေါ်ဒေါ်ကတော့ ပြောတာ ဟောတာ သိပ်ဝါသနာမပါပါဘူး၊ ပြောခဲပါတယ်။ ဦးလေးလှကတော့ ပြောစရာ ဟောစရာရှိရင် ဝန်မလေးတတ်ပါဘူး၊ ပြောပြီ ဟောပြီဆိုရင်လဲ စနစ်တကျ ကြိုတင်ပြင်ဆင်မှုရှိပါတယ်။ ကြိုပြီး ရေးသား ထားတတ်ပါတယ်။ စင်ပေါ်ရောက်တော့ ရေးထားတာကို ဖတ်ပြသွားတာမျိုးတော့ မဟုတ်ပါဘူး။ ရယ်စရာ မောစရာ တွေညှပ်ညှပ်ပြီး ပျော်ပျော်ပါးပါး စိတ်ဝင်စားစရာကောင်းအောင် ဟောပြောတတ်သူ ဖြစ်ပါတယ်။
ကျနော်နဲ့ ပေါ်ဦးသက်က ရံဖန်ရံခါ ပန်ချီကားတွေရေးပြီး နိုင်ငံခြားသားတွေကို ရောင်းပါတယ်။ အဲဒီလို ကျနော်တို့ ပန်းချီကားတွေ နိုင်ငံခြား ပါသွားတော့မယ့်ကိစ္စကို ဦးလေးနဲ့ ဒေါ်ဒေါ်တို့က မနှစ်သက်ပါဘူး။ ဒါ့ကြောင့် ဦးလေးနဲ့ ဒေါ်ဒေါ်တို့က တတ်နိုင်သမျှ သူတို့ ကိုယ်တိုင်လည်း ကျနော်တို့ ပန်ချီကားတွေကို ဝယ်ယူစုဆောင်းကြပါတယ်။
ပေါ်ဦးသက်က တသက်လုံး ပန်းချီပဲရေးပေမယ့် ကျနော်ကတော့ ဂီတလည်း လက်မလွှတ်၊ ကျောင်းဆရာ လုပ်လိုက်၊ ကုန်သည် လုပ်လိုက်၊ ရုပ်ရှင်ရိုက်လိုက်၊ စာရေးလိုက်ဆိုတာလို ဒေါ်ဒေါ်လိုပဲ စိတ်အလိုလိုက်ပါတယ်၊ “မောင်ဝင်းဖေရေ မင်းဟာမင်း ဘာတွေပဲ လျှောက်လုပ်နေနေ ပန်းချီကလေးတော့ ဆက်ရေးပါကွယ်” လို့ ဒေါ်ဒေါ်က လူကြုံရှိတိုင်း မှာတတ်ပါတယ်၊ သူ ကွယ်လွန်ခါနီးအချိန်တွေအထိ ကျနော့်ကို တတ်နိုင်သမျှ ပန်းချီရေးဖို့ မှာသွားရှာပါတယ်။ ဒေါ်ဒေါ်က ကျနော့်ပန်းချီကားတွေကို အတော်ကြိုက်ပုံရပါတယ်။ ကျန်းမာ ချမ်းသာကြပါစေ၊ ကျနော် ဝင်းဖေပါ။
(ဘီဘီစီ မြန်မာပိုင်းအစီအစဉ် – မှ ပြန်လည်ကူးယူဖော်ပြပါသည်)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts