>Htain Linn – Politics and Literature 55

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၅၅) 
ကျောင်းသားလှုပ်ရှားမှုသမိုင်းနှင့် ကိုအောင်ထွန်း
ထိန်လင်း
ဖေဖော်ဝါရီ ၂၂၊ ၂၀၁၀
      ပြီးခဲ့တဲ့အပတ်က ကျောင်းသားလှုပ်ရှားမှုများအကြောင်းနဲ့ ကျောင်းသားလှုပ်ရှားမှုသမိုင်း ပြုစုလို့ အကျဉ်းချခံခဲ့ရတဲ့ ကိုအောင်ထွန်းအကြောင်း တင်ပြခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ စက်တင်ဘာလ ၁၈ ရက်နေ့မှာ အာဏာပိုင်တွေက ကိုအောင်ထွန်းကို အကျဉ်းထောင်က ပြန်လွှတ်ပေးခဲ့ပါတယ်။ မဆလ ခေတ်နှောင်းပိုင်းကနေ နောက်ပိုင်းကာလ တလျှောက်လုံး ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ကိုအောင်ထွန်းဟာ စုစုပေါင်း ၁၁ နှစ် ၇ လ ၂၁ ရက် အကျဉ်းချခံခဲ့ရပါတယ်။ လက်ရှိ စစ်အစိုးရ လက်ထက်မှာ ၂ ကြိမ် အကျဉ်းချခံခဲ့ရပြီး ၁၉၉ဝ ပြည့်နှစ်ကလည်း ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။
      သူပြုစုတဲ့ သမိုင်းစာအုပ်မှာ ဘယ်လိုအချက်အလက်တွေ ပါဝင်လို့ ဒီလို နှစ်ရှည် ထောင်ချခံခဲ့ရပါသလဲ။ တကယ်တော့ ကိုအောင်ထွန်း ပြုစုခဲ့တဲ့ သမိုင်းစာအုပ်မှာ ကိုလိုနီခေတ်ကနေ တော်လှန်ရေးကောင်စီ ခေတ်အတွင်းက သမိုင်းတွေပဲ ပါဝင်ခဲ့တာပါ။ လက်ရှိစစ်အစိုးရနဲ့ ပတ်သက်တယ်လို့ ပြောနိုင်လောက်စရာက နိဂုံးမှာ ဖော်ပြထားတဲ့ ကိုအောင်ထွန်းရဲ့ ကဗျာတစ်ပုဒ်ပဲ ရှိပါတယ်။
      ‘ကျနော် အရေးချင်ဆုံးစာအုပ်လို့ အမည်ပေးခဲ့တဲ့ ကိုအောင်ထွန်းရဲ့ ‘မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်း စာအုပ်ထဲမှာ ဘယ်လိုအကြောင်းအရာတွေ ပါဝင်တယ်ဆိုတာကို အကျဉ်းထောင်က လွတ်မြောက်လာတဲ့ ကိုအောင်ထွန်းက အခုလို ပြောပြပါတယ်။
      “တကယ့်တကယ် ဒီစာအုပ်ထဲမှာ ပါလာတဲ့အကြောင်းအရာထဲမှာ ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေးမှာ နိုင်ငံရဲ့သမိုင်းက နိုင်ငံရေးလှုပ်ရှားမှုမှာ ဝိုင်အမ်ဘီအေ က စတာ မဟုတ်ဘဲ ၁၉ဝ၃ ခုနှစ်မှာ စိန့်ပေါလ် ကျောင်းသားတွေနဲ့ စင်ထရယ် ကျောင်းသားတွေက ‘ရှိခိုးပြဿနာဆိုပြီး ဗြိတိသျှနယ်ချဲ့ကို ဆန့်ကျင်လိုက်တဲ့ ပြဿနာကနေ မြန်မာနိုင်ငံ နိုင်ငံရေးစာမျက်နှာကို စ ဖွင့်လိုက်တယ် ဆိုတဲ့အကြောင်း၊
နောက်ပြီးတဲ့အခါကျတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင်တွေ ဖြစ်သွားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဦးကျော်ငြိမ်းတို့၊ ဦးဗဆွေတို့၊ နောက် စာရေးဆရာဖြစ်သွားတဲ့ ဦးမြသန်းတင့်တို့၊ ဦးကျော်အောင်တို့၊ ဦးနတ်နွယ်တို့၊ နောက် ဒီဘက် နဝတ ခေတ်မှာတောင် ရှေ့နေချုပ် လုပ်သွားတဲ့ ဦးသာထွန်းတို့၊ စာရေးဆရာ မောင်စူးစမ်းတို့က အစ ကျောင်းသားသမဂ္ဂ ဖြတ်သန်းမှုတွေ၊ စာရေးဆရာကြီး ဒဂုန်တာရာ၊ လူထုဒေါ်အမာ၊ ဒေါ်ခင်မျိုးချစ်၊ ဦးခင်မောင်လတ် အဲဒီလူတွေက အစ၊ ‘ငရဲခွေးကြီးလွတ်နေပြီဆောင်းပါးရေးတဲ့ ဦးညိုမြတို့က အစ သူတို့ရဲ့ ကျောင်းသားသမဂ္ဂ ဖြတ်သန်းမှုသမိုင်း၊ အဲဒီအချိန်က လူတွေအားလုံးက ဖဆပလခေတ် ၁၉၆၂ ကျောင်းသားသမဂ္ဂအဆောက်အဦးကြီး အဖြိုမခံရမီအထိ ဒီဘက်ခေတ်ပိုင်းအထိ နာမည်ရှိနေတဲ့ စာရေးဆရာတွေ နိုင်ငံရေးသမားအားလုံးဟာ ကျောင်းသားသမဂ္ဂဆိုတဲ့ Students’ Union ပလက်ဖောင်းကို ဖြတ်သန်းဖူးတဲ့ အတွေ့အကြုံ ရှိတယ်ဆိုတဲ့အကြောင်းနဲ့
အဲဒီခေတ်က နယ်ချဲ့ဆန့်ကျင်ရေးရော၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးရော၊ လွတ်လပ်ရေးကြိုးပမ်းမှုတွေရော ဖဆပလခေတ် ဒီမိုကရေစီစည်းရုံးရေးကာလရယ် ဒီမိုကရေစီရရှိဖို့အတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်တဲ့ ကာလတွေရော ၆၂ ခုနှစ်အထိပေါ့လေ အဲဒီမှာ ကျောင်းသားသမဂ္ဂက မိဘတွေရော ပြည်သူတွေရော အမှန်တရားတွေရောဘက်မှာ အမြဲတမ်း ရပ်တည်ခဲ့တယ်ဆိုတဲ့အကြောင်း
ဒီခေတ် မျိုးဆက်တွေရော၊ သမိုင်းရေးဆရာတွေရော၊ စာအုပ်တွေ ဝယ်ယူစုဆောင်းထားတဲ့ စာကြည့်တိုက်နဲ့ ဖတ်ချင်တဲ့လူတွေအားလုံးအတွက် ရည်ရွယ်ပြီးတော့ ကျနော် ဒီစာအုပ်ကို ရေးလိုက်တာပါ
      ဗကသများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) က ထုတ်ဝေတဲ့ အဲဒီစာအုပ်က မြန်မာမဂ္ဂဇင်း အရွယ်ထက် နည်းနည်းကြီးတဲ့အရွယ်ဖြစ်ပြီး စာမျက်နှာပေါင်း ၈၅ဝ လောက် ရှိပါတယ်။ ၁၉ဝ၃ ခုနှစ်မှ ၁၉၄၂ အထိ ပထမတွဲ နဲ့ ၁၉၄၅ ခုနှစ်မှ ၁၉၆၂ ဒုတိယတွဲ ဆိုပြီး ၂ တွဲ ခွဲပြီး ပြုစုခဲ့ပေမယ့် ဒီစာအုပ်မှာ ၂ ခုစလုံး ပုံနှိပ်ထားတာမို့ ၁၉ဝ၃ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိ ကျောင်းသားလှုပ်ရှားမှုသမိုင်းကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ခုနှစ်အလိုက် အခန်းပေါင်း ၂၅ ခန်း ခွဲခြားထားပြီး နှစ်အလိုက် အဖြစ်အပျက်တွေကို အသေးစိတ် ဖော်ပြထားပါတယ်။
ဒီလို ဖော်ပြတဲ့အခါ ဖြစ်ရပ်အကြောင်းအရာတွေအပြင် လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေအကြောင်း၊ တချိန်တည်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ ခေတ်ပြိုင်စာပေတွေကိုပါ ထည့်သွင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် သမိုင်းဝင် ဓာတ်ပုံတွေ၊ သမိုင်းဝင် စာရွက်စာတမ်းတွေကိုလည်း ဖော်ပြထားပါတယ်။ ရည်ညွှန်းကိုးကားခဲ့တဲ့ စာအုပ်ပေါင်း ၂ဝဝ နီးပါးရဲ့စာရင်းကို နောက်ဆက်တွဲမှာ ဖော်ပြပေမယ့် တွေ့ဆုံမေးမြန်းခဲ့သူတွေကိုတော့ ဖော်ပြမထားပါဘူး။
ဒါပေမယ့်လည်း လွတ်လပ်ရေးတိုက်ပွဲအဆက်ဆက်မှာ ပါဝင်ခဲ့ပြီး ဒီကနေ့ထိ မြန်မာပြည်လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရေးအတွက် ဆောင်ရွက်နေဆဲဖြစ်တဲ့ အဘ တိုးတက်ရေး သခင်အုန်းမြင့် ကိုတောင် ဒီစာအုပ်ပြုစုရေးမှာ ကူညီလို့ အကျဉ်းချခဲ့တာဆိုတော့ သမိုင်းမှတ်တမ်းတွေ ပြောပြခဲ့သူတွေ ရှိခဲ့မှာ သေချာပါတယ်။
သမိုင်းအချက်အလက်ဆိုတာ လွတ်လပ်မှုတွေ ဆိတ်သုဉ်းတာနဲ့အမျှ ပျောက်ကွယ်ပျက်စီးမှုတွေ ပိုပြီး ရှိတတ်ပါတယ်။ ဒါကြောင့် မှတ်တမ်းတွေ တတ်နိုင်သလောက် ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ဒါဟာ အားလုံးမှာ တာဝန်ရှိပါတယ်။ ကိုအောင်ထွန်းကတော့ ဒီလို စုဆောင်းပြုစုမိလို့ နှစ်ရှည်အကျဉ်းချ ခံခဲ့ရပါတယ်။ ခေတ်ကလည်း ဒီလိုစာအုပ်မျိုး လက်ဝယ်ရှိသူကိုတောင် အကျဉ်းချနိုင်တဲ့ခေတ်ဖြစ်နေပါတယ်။ ဒီတော့ စာအုပ်ပြုစုတဲ့အချိန်မှာ ဒီလောက် အန္တရာယ်ရှိမယ်လို့ မယူဆဘူးလားလို့ မေးကြည့်တော့ ကိုအောင်ထွန်းက အခုလို ပြောပြပါတယ်။
 “ကျနော်က ပထမဦးဆုံး စပြီးတော့ ရေးတဲ့အချိန်ကတော့ ဒီလိုပဲပေါ့ဗျာ ကျောင်းသားသမဂ္ဂအကြောင်းကို ကျောင်းသားသမဂ္ဂမှာ လုပ်ဖူးတဲ့လူတစ်ယောက်က ဟုတ်တယ်နော်၊ ရုပ်ရှင်အကြောင်းကို ရုပ်ရှင်မင်းသား မင်းသမီး လုပ်ဖူးတဲ့လူတစ်ယောက်က ရေးတယ်ဆိုရင် ‘Just for Data’ ပေါ့ဗျာ Data ပေးတဲ့ အပြင်လူတစ်ယောက် ရေးတာထက်စာရင် ဘောလုံးအကြောင်းကို ဘောလုံးသမားတစ်ယောက်က ရေးတာ အပြင်လူတစ်ယောက်က ရေးတာထက်စာရင် .. အဲဒီမှာပါတဲ့ ကျောင်းသားတွေရဲ့ ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုမှာ သူ့ရဲ့ စိတ်ရယ်၊ ဖီလင်ရယ်၊ ခံစားမှုရယ် ပေါင်းစပ်ပြီးတော့ အဲဒါမျိုး ပိုပြီးတော့ Data အချက်အလက်နဲ့ ထောင့်စေ့စေ့နဲ့ ထောင့်ပေါင်းစုံ ရေးနိုင်တာပေါ့။ အဲဒါမျိုး ရေးဖို့လည်း တိုက်တွန်းတဲ့လူကလည်း တိုက်တွန်းခဲ့တော့ ကျနော်လည်း ရေးဖြစ်ခဲ့တယ်။ အန္တရာယ် ရှိတယ် မရှိဘူးဆိုတာတော့ ကျနော်နဲ့တော့ မသက်ဆိုင်ဘူးနော်၊ ကျနော့်ကို ထောင်ချတဲ့ အဖွဲ့အစည်းနဲ့ပဲ သက်ဆိုင်တယ်။ Freedom of Act ဆိုတဲ့ ပုံစံပေါ့ဗျာ။ Freedom of Act ဆိုတာက လွတ်လပ်စွာ ရေးပိုင်ခွင့် ရှိတာကိုး
      အာဏာရှင်တွေရဲ့ အကျဉ်းထောင်ဆိုတာက စာရိတ္တပြုပြင်တဲ့နေရာမဟုတ်ဘဲ နိုင်ငံရေးအယူအဆတွေ စွန့်လွှတ်အောင်၊ ခံယူချက်နဲ့ ယုံကြည်ချက်စိတ်ဓာတ်တွေကို မဖော်ထုတ်ရဲအောင် အတင်းအဓမ္မ ဖျက်ဆီးချိုးနှိမ်တဲ့ နေရာတွေသာဖြစ်ပါတယ်။ ဒီတော့ စာအုပ်ပြုစုတာနဲ့ ဒီလောက်အကျဉ်းချခဲ့တဲ့အပေါ်မှာ နောင်တရတဲ့ စိတ်မျိုး၊ မှားတယ်လို့ ယူဆတဲ့စိတ်မျိုး ရှိခဲ့ပါသလားလို့ ကျနော်က မေးတော့ ကိုအောင်ထွန်းက အခုလို ဖြေပါတယ်။
      “မရှိပါဘူး။ ကျနော် ဂုဏ်ယူပါတယ်၊ မျိုးဆက်အတွက်ရော အနာဂတ်မျိုးဆက်အတွက်ရော သမိုင်းအတွက်ရော အမှန်တရားအတွက်ရော။ အဲဒီစာအုပ်မှာ ပါဝင်တဲ့ Data နဲ့ အကြောင်းအရာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လမ်းကြောင်းအတွက် အသုံးဝင်မယ့် အသုံးဝင်တဲ့ လူထုလှုပ်ရှားမှု နိုင်ငံရေးလှုပ်ရှားမှု ဒီမိုကရေစီ လှုပ်ရှားမှုအတွက် ရဲဘော်တွေအားလုံးအတွက် ကျနော် ဂုဏ်ယူပါတယ်
      တကယ်တော့ ဘယ်တိုင်းပြည်မှာမဆို ဘယ်သူ့ကိုမှလည်း မထိပါးတဲ့ ဒီလို သမိုင်းစာအုပ်တွေကို လွတ်လွတ်လပ်လပ် ပြုစု ထုတ်ဝေခွင့်ရှိဖို့လိုအပ်သလို၊ စာဖတ်သူတွေကလည်း ကိုယ်ဖတ်ချင်တဲ့စာအုပ်ကို လွတ်လွတ်လပ်လပ် စုဆောင်းသိမ်းဆည်း ဖတ်ရှုခွင့်တွေ ရှိရမှာပဲဖြစ်ပါတယ်။ ။ 
ထိန်လင်း (၂၃၊ ၉၊ ၂ဝဝ၉) 
      ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts