>Maung Yit – New Age Variety of Politics


>

ခေတ်သစ်နိုင်ငံရေးအမျိုးအစားပေါင်းစုံ ဉာဏ်မီသလောက်

မောင်ရစ်
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၀
၂၀၀၉ မှာ အမေရိကန်မှာ သမ္မတအသစ်တဦး တက်လာပါတယ်။ တိုင်းတပါးက (ပြည်ပနေလူဖြူတွေအောက်ကနေ ပြည်တွင်းနေ လူဖြူတွေက ပြန်တော်လှန်ပြီး ရလာတဲ့)  လွတ်လပ်ရေးရခဲ့တဲ့ သက်တမ်း ၂၃၄ နှစ်သာရှိသေးတဲ့ ပြည်ထောင်စုနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၁၅၀ ကမှ လူဖြူတွေ လက်အောက်ကလွတ်မြောက်လာတဲ့ ငွေဝယ်ကျွန်လူမည်းတွေရဲ့ မျိုးနွယ်စုဝင်တဦးက သမ္မတဖြစ်လာတယ်။ လူဖြူဝါဒီတွေက သဘောထားကြီးကြီးနဲ့ ဒီလူမည်းကို သမ္မတအဖြစ် လက်ပိုက်ကြည့်နေကြပါ့မလားလို့ အမေးဟာ အခု ၂၀၁၀ မှာ သူတို့တွေ လက်ပိုက်ကြည့်နေခဲ့ကြတယ်ဆိုတာ ထင်ရှားလာပါတယ်။ အကောင်းလက်ပိုက်ကြည့်နေသလား၊ ပေစောင်းစောင်းနဲ့ လက်ပိုက်ကြည့်နေသလားဆိုတာကတော့ လက်ရှိ သတင်းခေါင်းစဉ်တွေကနေ ကြည့်သာ ဆုံးဖြတ်ကြပေတော့လို့ ပြောရတော့မှာပဲ။
          အဲသည်မှာ တွေ့ရတဲ့ နိုင်ငံရေးမျိုးစုံကို ပြောပြသွားချင်တာပါပဲ။ ဘာလဲဟဲ့ နိုင်ငံရေးပေါ့။
          အစက မောင်ရစ်တို့ လူပိန်းတွေ ဉာဏ်မီသလောက်တွေးမိတဲ့ နိုင်ငံရေးဆိုတာက ရွေးကောက်ပွဲနိုင်ငံရေး နဲ့ အာဏာရှင်နိုင်ငံရေး ဆိုတာလောက်ပါ။ ရွေးကောက်ပွဲစနစ်သာ ကောင်းတယ်။ အာဏာရှင်စနစ်က မကောင်းဘူး။ ဒါပဲ။ အာဏာရှင်တွေကို ဖြုတ်ချ၊ ရွေးကောက်ပွဲစနစ်ကို ထူထောင်ကြ။ အဲသည်အတွက် ပြည်သူတွေက ရွေးကောက်ပွဲမှာ ရဲရင့် တည်ကြည်စွာ မဲပေးကြပေါ့။ သို့သော်လည်း ရွေးကောက်ပွဲတွေ လုပ်ပေးတိုင်း၊ မဲဆန္ဒရှင်တွေက မဲတွေ ဖိပေးကြတိုင်း မျှော်လင့်သလို မဖြစ်တာ အီရတ်၊ အာဖဂန်၊ အီရန် ရွေးကောက်ပွဲတွေ ဖြစ်ပါတယ်။
          အစိတ်စိတ်အမွှာမွှာ စိတ်ဝမ်းကွဲနေသူတွေကြားမှာ၊ သေနတ်မောင်းတံပေါ်က လက်ကို မချနိုင်တဲ့ လက်နက်ကိုင်တွေ ကြားမှာ ရွေးကောက်ပွဲဆိုတာ ပြည်သူတွေအတွက်လား၊ နိုင်ငံရေးကစားပွဲသက်သက်ပဲလားဆိုတာ ပဟေဠိဖြစ်လာပါတယ်။
          ထားပါတော့။ အမေရိကန်ပြည်ထဲမှာပဲ ၂၀၀၉ အတွင်း တွေးမိသမျှ နိုင်ငံရေးမျိုးစုံ ထကြွလှုပ်ရှားလာတာကိုပဲ မြင်သလောက် ပြောပါတော့မယ်လေ။
မဲဆန္ဒရှင်နိုင်ငံရေး
၂၀၀၈ မှာ မဲဆန္ဒရှင်ပြည်သူတွေက အမေရိကန်မှာ တခဲနက် ထကြွပြီး မဲပေးကြတယ်။ အဲဒီမဲတွေက တိုင်းပြည်အုပ်ချုပ်တဲ့သူကို ပြောင်းပေးမယ်၊ တိုင်းပြည်ကို အပြောင်းအလဲတခု ဖြစ်စေမယ်လို့ မျှော်လင့်တယ်။ သူတို့ မျှော်လင့်သလို ဖြစ်တယ်လို့ မထင်တဲ့အခါ သူတို့တတွေ စိတ်ကျလွယ်၊ စိတ်ပြောင်းလွယ် ဖြစ်ကြတော့တာပါပဲ။ အဲသည်မှာ ပုံမှန်မဲပေးနေသူတွေက နောက်သက်တမ်းတွေမှာ မဲဆက်ပေးကြဖို့ တက်ကြွလေ့ရှိကြပေမယ့် လူငယ်နဲ့ လူရွယ် စိတ်ပြောင်းလွယ်၊ စိတ် တက် ကျလွယ်သူတွေက မဲဆက်ပေးဖို့ မစဉ်းစားတော့ပြန်ဘူး။ 
အမြဲတမ်း ပုံမှန် မဲပေးသူတွေက လူကြီးတွေ၊ စီးပွားရေး၊ လူမှုရေး တည်ငြိမ်သူတွေ ဖြစ်ကြပြီး၊ မဲပေးခြင်းကို စိတ်ခံစားမှုနောက်လိုက်ကြသူတွေက လူငယ်တွေ၊ လူရွယ်တွေ၊ ရုန်းကန်နေကြသူတွေ ဖြစ်နေတတ်ပါတယ်။ အဲသည် စိတ်အပြောင်းအလဲမြန်သူတွေ၊ စိတ်လှုပ်ရှားတက်ကြွလူတွေရဲ့ မဲနဲ့ တက်လာတဲ့ သမ္မတသာဆို ရေရှည်မှာ ဘယ်လို ရပ်တည်မှာလဲ။ စဉ်းစားပါပဲ။
အရင်းရှင်နိုင်ငံရေး
          အရင်းရှင်ကြီးတွေရဲ့ ဘဏ်လုပ်ငန်းတွေ၊ ငွေကြေးလုပ်ငန်းတွေကို ကယ်တင်မှ တိုင်းပြည်ကြီးနဲ့ ကမ္ဘာကြီး မပြိုလဲမှာဖြစ်တယ်။ စီးပွားပျက်ကပ်ကြီးကို ကာကွယ်ဖို့ သူတို့ကို အရင် ကယ်တင်မှ ဖြစ်မယ် ဆိုတာလည်း နိုင်ငံရေးတခုပါပဲ။ အဲသည်လို ကယ်တင်လိုက်မိတဲ့အခါ အရင်းရှင်ကြီးတွေက အမြတ်တွေ ထွက်ကုန်လို့ အစိုးရကူငွေတွေက အချိန်မီ ပြန်အမ်းနိုင်ခဲ့ကြပါ သတဲ့။
သူတို့ကသာ အမြတ်ထွက်လို့ ဘောနပ်စ်တွေ ပေးနိုင်တယ်သာ ဆိုတယ်၊ ဘဏ်တွေနဲ့ ငွေကြေးလုပ်ငန်းတွေက သူတို့ဖောက်သည် စားသုံးသူတွေ၊ လုပ်ငန်းရှင်တွေအတွက် ပြန်လည် မျှဝေတာ၊ ပြန်လည်ငွေချေးငှားတာ၊ ကူညီအားပေးတာတွေ ထိရောက်အောင် မလုပ်လို့ စီးပွားရေးလည်ပတ်တာ၊ အလုပ်အကိုင်တွေ ပေါ်ထွန်းတာ မမြင်ရပါဘူးလို့ ဆိုပါတယ်။
          သည်တော့ အစိုးရလုပ်တဲ့သူက စီးပွားရေးနလံမထူနိုင်သေးသူ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေဆီ တိုက်ရိုက် ကူညီအားပေးရမယ့် စီမံကိန်းတွေကို ဒီနှစ်ထဲ ပြန်လည် စဉ်းစားရပြီ ဖြစ်ပါတယ်။
ပါတီနိုင်ငံရေး
          တပ်မတော်ကြီးက ပြည်သူတွေကို နားသွင်းနေသလိုပါပဲ။ ပါတီနိုင်ငံရေးဆိုတာ တိုင်းပြည်မျက်နှာကို မကြည့်ဘူး ဆိုတာလို ဟောသည်ကအမေရိကန်မှာ ပါတီတခုကလူများစုနဲ့ အာဏာရသွားတဲ့အခါ လူနည်းစုဖြစ်သွားတဲ့ အခြားပါတီက အပေါ်အမတ်၊ အောက်အမတ်တွေ (ကွန်ဂရက်နဲ့ ဆီးနိတ်ကို ဆိုလိုတာပါ) နည်းမျိုးစုံနဲ့ အတိုက်အခံတွေ လုပ်ကြ၊ အချိန်ဆွဲ အတားအဆီးတွေ ဖန်တီးဖို့ ကြိုးစားတာကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ရပါတော့တယ်။
          ဥပမာအားဖြင့် တိုင်းပြည်မှာ လူတိုင်း ကျန်းမာရေးအာမခံခွင့် ရှိဖို့၊ ကျန်းမာရေးအာမခံ မရှိတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေနဲ့ ဆေးကုသဖို့ မတတ်နိုင်သူတွေကို စောင့်ရှောက်ဖို့ ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ရေး စီမံကိန်းဟာ ၂၀၀၉ တနှစ်လုံး တရွတ်တိုက်ဆွဲလာတာ ခုချိန်ထိ မပြီးပြတ်နိုင်သေးတာကို ကြည့်နိုင်ပါတယ်။ ကျန်းမာရေးအာမခံလိုအပ်သူ သာမန်ပြည်သူတွေရဲ့ အသံထက် စီးပွားရေးလုပ်ငန်းရှင် ကျန်းမာရေးအာမခံလုပ်ငန်းကြီးတွေရဲ့ သြဇာက နှစ်ဖက်သော ပါတီက အမတ်တွေအပေါ်လွမ်းလိုက်တဲ့အခါ “ကျန်းမာခြင်းဟာ လာဘ်တပါး”ဆိုတာ လက်တဆုပ်စာ လူတန်းစားအတွက်ပါလားလို့ စဉ်းစားချင်စရာ ဖြစ်လာပါတယ်။
အဲသည်နိုင်ငံရေးဟာလည်း – “ကျန်းမာရေးအာမခံနိုင်ငံရေး” လို့ အမည်ထပ်ပေးရဦးမလို ဖြစ်နေပါတယ်။ ခုချိန်မှာတော့ ကျန်းမာရေးအာမခံလုပ်ငန်းတွေက စီးပွားရေးကျတာကို အကြောင်းပြပြီး တဦးချင်းစီတွေရဲ့ ကျန်းမာရေးအာမခံစာရိတ်တွေ မတန်တဆ မြှင့်တင်လာတဲ့အခါ အစိုးရက လက်ပိုက်လို့၊ ပြည်သူက ခါးထောက်လို့သာ ကြည့်နေရုံသာ ရှိတော့တဲ့ ပုံပါပဲ။
လွှတ်တော်နိုင်ငံရေး
          သူတို့တိုင်းပြည်မှာ သမ္မတနဲ့ သူတို့အစိုးရအဖွဲ့ ၄ နှစ်တခါ လဲပါတယ်။ ပြီးတော့ သူတို့က သက်တမ်း ၂ ကြိမ်ထက် ပိုပြီး အရွေးခံခွင့် မရှိပါဘူး။ သို့သော် စိတ်ဝင်စားစရာကတော့ သူတို့ အောက်လွှတ်တော် (ကွန်ဂရက်)နဲ့ အထက်လွှတ်တော် (ဆီးနိတ်)က အမတ်မင်းများကတော့ သူတို့ မဲဆန္ဒနယ်တွေ၊ သူတို့ပြည်နယ်တွေမှာ လူထုကသာ လက်ခံနေလို့ကတော့ သက်တမ်း အကန့်အသတ်မရှိ ၀င်ပြိုင်၊ ၀င်ရွေး၊ ရာသက်ပန်အမတ်ကြီးတွေ လုပ်နိုင်ပါသတဲ့။
          အဲသည်လို သက်တော်ရှည် အမတ်ကြီးတွေ အများအပြားနဲ့ သူတို့လွှတ်တော်ကြီးတွေမှာ ပြုပြင်ပြောင်းလဲရေးတို့၊ အပြောင်းအလဲတို့ဆိုတာကို လုပ်နိုင်ဖို့၊ အဆိုတင်သွင်းဖို့၊ ထောက်ခံအတည်ပြုနိုင်ကြဖို့ဆိုတာ ၄ နှစ် တခါ ၈ နှစ် တခါ လဲရရှာတဲ့ သမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်မှုချည်းသက်သက်နဲ့ ဖြစ်နိုင်ပါ့မလား ဆိုတာ စဉ်းစားချင်စရာ အချက်တခုပါပဲ။
          အခုဆိုရင် လွှတ်တော်မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ၊ ဆွေးနွေးပွဲတွေ ကြုံရချိန်မှာ လွှတ်တော်အမတ်မင်းများက သူတို့ရေရှည်ရပ်တည်နိုင်ရေး မျက်နှာကို ငဲ့ ငဲ့နေတာက အပြောင်းအလဲတွေ၊ အလှည့်အပြောင်းတွေကို စိန်ခေါ်ရဲဖို့ အားနည်းစေပါတယ်။
တတိယအုပ်စုနိုင်ငံရေး
          အပြောင်းလဲဖြစ်ချင်သူတွေကိုယ်တိုင်ကော၊ အရင်အတိုင်းနေလိုတဲ့ ရှေးရိုးဆန်သူအုပ်စုတွေဟာ အစိုးရအဖွဲ့အတွင်းကို၊ လွှတ်တော်အတွင်းကို သြဇာမလွှမ်းနိုင်ဘူးဆိုပြီး အားမရတဲ့အခါမှာ တတိယအုပ်စုတွေအဖြစ် ပေါ်ထွန်းလာလေ့ရှိတာပါပဲ။ အမေရိကန်မှာတော့ လက်နက်ကိုင် သူပုန်ထတာတို့၊ ဗုံးဖောက်တာတို့၊ အကြမ်းဖက်တာတို့ မလုပ်တော့ပါဘူး။ လမ်းပေါ်ထွက် ဆန္ဒပြကြ၊ မီဒီယာတွေကနေ အကျယ်လောင်ဆုံး အော်ဟစ်အသံပြုကြတာ ဖြစ်ပါတယ်။
          ထင်ရှားတဲ့ ဥပမာတခုကတော့ သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်သူ ဒုတိယသမ္မတ ဆာရာပေလင်ဆိုတဲ့ အမျိုးသမီးဟာ မိခင်ပါတီ ရီပါလဘလီကင်ပါတီက နှုတ်ထွက်ပြီးတော့ ရှေးရိုးဆန်သူများရဲ့ အစည်းအရုံးကြီးတခုဖြစ်တဲ့ တီးပါတီ (ကိုလိုနီခေတ်က ဗြိတိသျှတွေကို သပိတ်မှောက်တဲ့ လှုပ်ရှားမှုကို အစွဲပြုတဲ့အဖွဲ့) နဲ့ ပူးတွဲပြီး အစိုးရနဲ့ ပါတီ ၂ ရပ်စလုံးကို ဝေဖန် စိန်ခေါ်တော့တာပါပဲ။ အဲသည်မှာ စိတ်ဝင်စားစရာက လူမည်းသမ္မတနဲ့ သူ့အစိုးရအဖွဲ့ကို ဝေဖန်ရှုတ်ချနေသူတွေက ရှေးရိုးဆန်သူ အမေရိကန်လူမျိုးကြီးဝါဒီတွေက အများစု ဖြစ်နေပြန်တာက အံသြစရာပေပဲလား ဆိုတဲ့အချက်။
ဥပဒေဘောင်တွင်းနိုင်ငံရေး
          နိုင်ငံရေးကို ပြဋ္ဌာန်းတာက နိုင်ငံနဲ့ ပြည်သူဆိုတာထက် အဲသည်က ဥပဒေတွေဖြစ်ပါတယ်။ နိုင်ငံရေးကို မောင်းနှင်တဲ့ ဥပဒေတွေ စည်းမျဉ်းဘောင်တွေကလည်း နိုင်ငံရေးကို ကစားပြန်တော့တာပါပဲ။
ဥပဒေတခု စည်းမျဉ်းတခု ချမှတ်နိုင်ဖို့ အမတ်တွေ၊ အစိုးရမင်းတွေအချင်းချင်း မဲခွဲကြရင် အများဆန္ဒဆိုတာ ၅၀ % ထက် ကျော်ရုံနဲ့တင် မဟုတ်ပြန်ဘူး။ ၃ ပုံ ၂ ပုံ ကျော်မှ ဆိုတဲ့ ပြဋ္ဌာန်းချက် ရှိနေရင် အငြင်းပွားဖွယ်ရာ၊ အရေးပေါ်ဆုံးဖြတ်ချက်တွေကို အကြိတ်အနယ် သူတင်ကိုယ်တင် ရွေးချယ်မှုတွေကို အဲသည်လူတွေ ဘယ်လို ချမှတ်နိုင်ကြမည်လဲ။ စီးပွားပျက်ကပ်မှာ အစိုးရတွေ လိုငွေပြနေတာကို ချေနိုင်ဖို့ လူတွေဆီက အခွန်တိုးကောက်ရမယ် ဆိုတဲ့အခါ အခွန်တိုးကောက်နိုင်ဖို့ မဲ ၆၅ % မရနိုင်ရင် တခြားဘယ်နည်းနဲ့ ဖြေရှင်းမှာလဲ။
ဥပဒေတခု၊ စည်းမျဉ်းတခုကို ပြဋ္ဌာန်းနိုင်ဖို့ အမတ်တွေ၊ အစိုးရမင်းတွေကို စောင့်နေစရာ မလိုဘူး၊ ရွှေနားတော်သွင်းနေစရာမလိုဘူး။ မဲဆန္ဒရှင်တွေဆီက လက်မှတ်ပေါင်း ၃ သိန်းလောက် စုနိုင်ရင် ဥပဒေ စည်းမျဉ်းတခုဖြစ်လာစေဖို့ အဆိုပြုခွင့်ရှိတယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်အခြေခံဥပဒေမှာ ဆိုထားတဲ့အခါ – လက်မှတ်တွေ စုလာလိုက်၊ ကြားဖြတ်ဆန္ဒခံယူပွဲတွေနဲ့ အဆိုပြုချက်တွေ တင်သွင်းလာလိုက်၊ စိတ်ဝင်စားသူတွေကပဲ မဲတွေပေးကြ၊ စိတ်မ၀င်စားသူတွေက မဲမပေးကြတော့ စာရင်းအရ ထောက်ခံမဲဆိုတာက ပြည်နယ်လူဦးရေကို ကိုယ်စားမပြုပဲ၊ အဲသည်လက်တဆုပ်စာရဲ့ ထောက်ခံမဲနဲ့ အဲသည်အဆိုပြုချက်တွေက ပြည်နယ်လွှတ်တော်တွေတွေဆီ ခရီးပေါက်လာကြပါတော့တယ်။့ အဲသလို ဥပဒေကို ကစားနေကြပုံများကလည်း အသည်းယားစရာပေပဲလား မသိပါဘူးခင်ဗျား။
          အများပြည်သူက နားမလည်တာက နိုင်ငံရေးမဟုတ်ဘူး၊ အဆင့်ဆင့်ပြဌာန်းလာကြတဲ့ မျက်စိရှုပ်၊ နားရှုပ်ဖွယ် ဥပဒေ စည်းမျဉ်း လက်တလုံးခြားတွေ ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူများက စွတ်စွဲလာကြတာ ဖြစ်ပါတယ်။
          အဲသည်လိုမှ မဟုတ်ဘဲ၊ လွှတ်တော်အတွင်းက အမတ်တွေ၊ ကော်မတီတွေကို ပြောနိုင်ဆိုနိုင်ရင်၊ ရွှေနားတော် သွင်းနိုင်ရင် လိုရာ ဥပဒေ၊ စည်းမျဉ်းတွေကို အတည်ပြုနိုင်အောင် ကြိုးစားနိုင်တယ် ဆိုတာကြောင့် ၀ါရှင်တန်ဒီစီလို မြို့တော်ကြီးမှာ ကင်ပိန်းတို့၊ လော်ဘီတို့စတဲ့ အဖွဲ့ကြီးတွေဟာ အမြဲတမ်းအခြေချပြီးတော့ လှုပ်ရှားနေကြရတော့ပေါ့ခင်ဗျား။
နိုင်ငံရေး၊ နိုင်ငံရေး – သူ သူ ကိုယ် ကိုယ် နိုင်ငံရေး တိမ်တောင်များ
          ကဲ သည်လောက် ဖြစ်ညှစ်ပြီး ရေးမိတာကိုတောင်မှ စိတ်ညစ်လာပါတယ်။ အများစု နိုင်ငံရေး၊ လူတစုနိုင်ငံရေး၊ သွေးခွဲ အပုပ်ချနိုင်ငံရေး၊ ပုဂ္ဂိုလ်ရေး ဘာသာရေး ရှေ့တန်းတင် နိုင်ငံရေး စသည်ဖြင့် ချဲ့မိချင်ရင် ချဲ့သလောက် ဆွဲဆန့်နိုင်တဲ့ နိုင်ငံရေးတွေကို အခုတလော မြင်မိတွေးမိနေတာကို အတတ်နိုင်ဆုံး တိုတို တင်ပြလိုက်ပါရဲ့။
          အော် နိဂုံးမချုပ်ခင် တခုလောက် ခေါင်းစဉ်တပ်ခဲ့ချင်တာကတော့ ကျနော်တို့နဲ့ နီးစပ်တဲ့နိုင်ငံရေးတခု ဖြစ်တဲ့ မီဒီယာနိုင်ငံရေး ပါပဲ။ မည်သို့ပင်ပြောကြပါစေ၊ မီဒီယာကြီးတွေကလည်း  ဘက်လိုက်ပါတယ်။ နိုင်ငံရေးလုပ်ပါတယ်။ သူတို့ကို ကြိုးကိုင်တဲ့ ထောက်ပံ့တဲ့ လုပ်ငန်းသို့မဟုတ် အုပ်စုတွေရဲ့ အာဘော်တွေနောက်ကို လိုက်ရတာပါ။
သူတို့စာမျက်နှာတွေကတဆင့် ပရိသတ်တွေကို သူတို့အထင် အမြင်တွေကို ဖြန့်ချိသတင်းပို့နေတော့တာပါပဲ။ သတင်းတွေ အချက်အလက်ဆိုတာတွေကတော့ မီဒီယာတိုင်းမှာ ပါဝင် ဖော်ပြကြပေမယ့် တင်ပြပုံ တင်ပြနည်းတွေက မတူကြတာကို တွေ့ရမှာပါ။ အဲတာကြောင့် စာဖတ်သူတွေဟာ သတင်းစာတစောင်နဲ့တင် မတင်းတိမ်ဘဲ သတင်းစာမျိုးစုံ ဖတ်ကြလေ့ရှိသလို၊ စာဖတ်သူတချို့မှာလည်း သူတို့စွဲလမ်းတဲ့ သတင်းစာတမျိုးကိုပဲ စွဲစွဲလမ်းလမ်းဖတ်ပြီးတော့သာ ကျေနပ်နေကြတာကို တွေ့နိုင်ပါတယ်။
နိုင်ငံရေးဆိုတာ နိုင်ငံအရေး၊ ပြည်သူ့အရေးပါတဲ့။ လူတစုအရေး၊ အုပ်စုတစုအရေး မဟုတ်ဘူးလို့ စာတွေထဲ ဖတ်ဖူးပေမယ့် ခုချိန်မှာတော့ ဘယ်သူက ဘယ်အတွက် နိုင်ငံရေးလဲ ဆိုတာကတော့ တွေးရင်း တွေးရင်း ခေါင်းမှာ ချာချာလည်လာပါတယ်။ သို့သော်လည်း သတင်းပို့စရာ ရှိတာကတော့ ဆက်ပို့နေဦးမှာပါပဲ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts