>Maung Yit – Long Live Maung Swan Yi

>

ဆရာစွမ်း ရှည်ပါစေသော်ဝ် သက်တော်ရာကျော်
မောင်ရစ်
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၀
ဖေဖော်ဝါရီ ၁၇ မှာ ဆရာစွမ်း သက်တော် ၇၃ ပြည့်တယ်။ တခါဖူးကမှ ကျနော့်မှာ မွေးနေ့တွေ စာမရေးဖူးဘူး။ မိုးမခမှာ နာရေးတွေ၊ နှစ်ပတ်လည်တွေအတွက် သတင်းတွေ၊ စာတွေ ရေးနေကြဖြစ်နေတော့ မွေးနေ့အတွက် မရေးတတ်တာ ခွင့်လွှတ်ပါဗျာ။ ပြီးတော့ ဆရာစွမ်းမွေးနေ့ကို နှစ်တိုင်းမှာ နောက်ကျပြီးတော့မှ သတိရတယ်။ နောက်ကျပြီးမှ သတိရတဲ့အကြောင်းကတော့ အခြား နေ့ထူး နေ့မြတ်ကြီးတွေနဲ့ ကပ်လျက်ဖြစ်နေတာကြောင့်ပါ။ ပြည်ထောင်စုနေ့၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နဲ့ ဗယ်လင်တိုင်းနေ့တွေက ရှေ့ကခံနေတာကြောင့် အဲသည်အတွက် စာမူတွေ၊ စာတွေ ပြင်ဆင်နေရတာက များတာကိုးလေ။
ဒီနေ့မှာတော့ မမေ့တော့ပါဘူးရယ်လို့ သတိထားနေတဲ့ကြားက ဆရာစွမ်းနဲ့ မွေးနေ့ချင်းနီးသူ ပုဂ္ဂိုလ်ကြီးတယောက်အတွက် တပ်မတော်ခေါင်းဆောင်တွေက တခဲနက် မွေးနေ့ပွဲ ဆင်နွဲကုန်ကြတဲ့သတင်းနောက် ကောက်ကောက်ပါအောင် လိုက်မိပြန်တာနဲ့ စွမ်းမွေးနေ့ကို အချိန်မီ မထည့်မိတာ ခွင့်လွှတ်ပါခင်ဗျား။ မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင်ဂျုံအီးကလည်း ဆရာစွမ်းနဲ့ မွေးနေ့ချင်း ကပ်နေတာကိုး။
အာဏာရှင်များက နိုင်ငံနယ်နမိတ်တွေတောင် ကျော်ပြီး အချင်းချင်း ချစ်ခင်ရိုင်းပင်းနေချိန်မှာ စာပေနဲ့ စာနယ်ဇင်းမိသားစုတွေထဲက မောင်စွမ်းရည်ဆိုတဲ့ မိုးမခရဲ့ အကြံပေးနာယကကြီးကို မောင်ရစ်တို့တွေက သတိတောင် ရဖော်မရဖူးဆိုတာ ရှက်ဖွယ်လိလိလို့ မပြောချင်ပါ။
ကင်ဂျုံးအီကို ဘုန်းတော်ဘွဲ့တွေ ရေးသလိုတော့ မောင်ရစ်က မရေးတတ်။ အံမယ် – မြောက်ကိုရီးယားကောင်းကင်ယံမှာ မီးရှူးမီးပန်းတွေ လှလှပပ ဖောက်ခွဲနိုင်သူ ကျေးဇူးရှင်ကြီးလို့ ကြံဖန် ချီးကျုးခံရသူလိုမျိုး ဆရာစွမ်းကိုလည်း ဘယ်လိုလုပ်ကြံရမည်လည်း မောင်ရစ်က ကလောင်စွမ်း မရှိတာကို ၀န်ခံရမှာပဲ။ သို့သော် ဆရာစွမ်းရဲ့ ဝေဖန်ရေးကလောင်ဒါးချက်များက မြန်မာစာပေရဲ့ ကောင်းကင်ယံမှာ လွန်ခဲ့သည့် အနှစ် ၃၀ ကျော်ကတည်းက တ၀င်းဝင်း တလက်လက်ဖြစ်ခဲ့တာကိုတော့ မှတ်မိနေဆဲ ဖြစ်ပါတယ်။
ဆရာမောင်စွမ်းရည်ကို မှတ်မိနေတာကတော့ ၁၉၈၀ ခုနှစ်များက သောင်းပြောင်းထွေလာမဂ္ဂဇင်းတွေထဲက စာပေဝေဖန်ရေး ဆောင်းပါးတွေ ဖြစ်ပါတယ်။ အလွန်စွာတဲ့ စာပေဝေဖန်ရေးဆောင်းပါးတွေမို့ စာဖတ်သင်စ မောင်ရစ်လို သူငယ်နှပ်စားကလေးများအတွက်ကတော့ အလွန်ကို မြင်ပြင်းကပ်ချင်စရာလို့ မှတ်မိခဲ့ပါတယ်။ မောင်ရစ်တို့ နှစ်သက်တဲ့ စာရေးဆရာတွေရဲ့စာတွေကို ဝေဖန်ထောက်ပြ ပိုင်းဆစ်ပြလေ့ရှိတာမို့ ကိုယ့်ချစ်တဲ့သူတွေကို ဝေဖန်ရကောင်းလားလို့ အရေပြားပါးခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်း မှတ်မိနေသလောက်ကတော့ ဆရာဟာ လူကြီးတွေ လူငယ်တွေကို အလွန်ချစ်ခင် ဂရုစိုက်ပြီး သေးသေးမွှားမွှားက အစ ဝေယျဝစ္စတာဝန်ကျေသူ ဖြစ်နေတာ ဖြစ်ပါတယ်။ ဒေါ်ခင်မျိုးချစ်တို့ ဦးခင်မောင်လတ်တို့လို လူကြီးတွေကို အနွံတာခံပြီး ၀င်ထွက်သွားလာသူ၊ လိုအပ်မယ်ထင်တဲ့ စာပေလက်ဆောင်တွေက စလို့ သွားရည်စာလက်ဆောင်တွေအထိ ရှာဖွေ စုဆောင်းပေးသူ တဦးလည်း ဖြစ်နေပါတယ်။ ပြီးတော့ မြင်ရာစာရွက်လွတ်တွေမှာ ဟိုပုံဆွဲ၊ ဒီပုံဆွဲချင်သူ ကလေးသူငယ်တွေကိုလည်း သင့်တော်ရာ နေရာဋ္ဌာနတွေမှာ ဆွဲခေါ်ပြီး ကာတွန်းလေးတွေ ရုပ်ပုံလေးတွေ ဆွဲခိုင်းပြီး လက်သင်ခွင့်ပေးပါတယ်။ ဒါကြောင့် ဆရာ့ရဲ့ ပညာရေးသုတေသနပရိုဂျက်တွေမှာ မောင်ရစ်လည်း သရုပ်ဖော်စာအုပ်ကလေးတွေ ရေးဖူးခဲ့ပါတယ်။
ကိုယ်တိုင်က အပြောအဆိုခံပြီး အနွံတာခံပြီး ဝေဖန်သူ၊ ဝေဖန်ခံရရင်လည်း ခံနိုင်ရည်ရှိသူမို့ သူနဲ့ ဆက်ဆံတဲ့ မိတ်ဆွေတွေကိုလည်း အဲသည်စိတ်ရင်းအတိုင်း အားမနာတမ်း ဝေဖန်ပြောဆို ထောက်ပြတတ်တာမို့ ဝေဖန်ရေးဆရာဟာ ထုံးစံအတိုင်း လူချစ်လူခင်နည်းလေ့ရှိတာကို ၀န်ခံရလိမ့်မယ် ထင်ပါရဲ့။ ဆရာနဲ့ လွန်ခဲ့ပြီဖြစ်သူ ဆရာ(ဦး) တင်မိုးတို့ သူငယ်ချင်း ၂ ဦးရဲ့ ဘ၀ခရီးလမ်း၊ စာပေခရီးလမ်းမှာ အတူတကွ လက်တွဲသွားလာခဲ့ကြပေမယ့် ဆရာတင်မိုးဆိုရင် အများမျက်စိထဲမှာ ပြုံးနေတဲ့ မျက်လုံးတွေနဲ့ မြင်ယောင်မိကြလိမ့်ပေမယ့် ဆရာစွမ်းကတော့ မထီတရီအပြုံးနဲ့ ခပ်ဟက်ဟက် ရယ်သံနဲ့ စူးတဲ့ အကြည့်ကို သတိအရင် ရကြလိမ့်မယ် ထင်ပါရဲ့။
မိုးမခမှာ စာလုံး အကျပေါက်၊ စာလုံးပေါင်း အမှားအယွင်းတွေ တဆံချည် အလွဲမခံ မြင်တာနဲ့ ပိုးပိုးပေါက်ပေါက်ပြောလွန်းလို့ အခုလို မြန်မာပြည်စာနယ်ဇင်း ၀ဲသြဃကြီးထဲ မျက်စိလည်ပြီး နစ်မွန်းနေသူ မောင်ရစ်လို ဂျစ်ပစီမိုးတိမ်နဲ့ မောင်စွမ်းရည်ဆိုတာ မိုးမခတသက် တကျက်ကျက်နဲ့ ကျနော်တို့ ချစ်ခင်ခဲ့ကြရတာ ဖြစ်ပါတယ်။
ဆရာရဲ့ ကဗျာတွေဟာ ဝေဖန်ရေးလက်စောင်းထက်သလိုမျိုးနဲ့ အလားတူစွာပဲ သရော်သံစွက်တဲ့ ရသတွေ၊ အလင်္ကာတွေနဲ့  ထက်မြလှပါတယ်လို့ ဆိုချင်ပါတယ်။ အမေ့ခေါ်သံလို ကဗျာမှာ ကျောင်းဆရာကဗျာစာဆိုတယောက်ရဲ့ ရင်ခုန်သံအဖြစ် –
အိမ်ကထွက် ရွာဘက်ကခွာ
မြို့ကိုတက် ပညာရှာ
နှစ်သုံးဆယ် ကြာတော့
ပညာပါမက ကြင်ယာပါမက
ရင်အနာပါ ရခဲ့ပေါ့။
အသက်က လေးဆယ်လွန်
မျက်မှန်တစ်လက် ဂုဏ်နဲ့စက်ပြီး
မနက်က၀ယ်လာ ညနေမှာတပ်
ရပ်ရွာကိုတွေး စာကိုရေးတော့
ကလေးကလားနဲ့ သားရဲ့ဝါသနာ
(ခွင့်လွှတ်ပါ)
အမေ့ဖို့စာ ကဗျာနဲ့ပဲ ရေးမိတယ် … တဲ့။
အဲသည်လိုပါပဲ။ ကျနော်တို့အားလုံးတွေရဲ့ အိပ်မက်တွေ၊ စိတ်ကူးနဲ့ လက်တွေ့တွေကို သူတို့တွေ ကြိုပြီးများ ရေးထားခဲ့လေသလားရယ်လို့ တွေးမိချင်စရာပါ။ အဲသည်လိုမျိုးကဗျာတွေ စာတွေနဲ့ အမြင်မတော်တာကို ကလော်၊ အားမရတာတွေကို သရော်၊ အနာဂတ်ကို မျိုးဆက်သစ်တွေနဲ့ အတူတူ လက်ချင်းချိတ်လို့ မျှော်ချင်သူ ကဗျာဆရာဆိုတာ တင်မိုးတို့ မောင်စွမ်းရည်တို့ပါ။ အဲသလိုမျိုး စိတ်အကြည်ဓာတ်မျိုး ကျနော့်ရင်ထဲမှာ ခံစားခွင့်ရလို့ သူတို့ကိုလည်း ကျေးဇူးတင်မိပါရဲ့။
မောင်ရစ်က ကျေးဇူးတင်တယ်ဆိုတာ – မြောက်ကိုရီးယားခေါင်းဆောင်ကြီးကို သူတို့ပြည်သူတွေက တသက်လုံး ဆပ်လို့ မကုန်အောင် ကြီးမားလေးလံတဲ့ ကျေးဇူးတင်ပုံမျိုး မဟုတ်ပါကြောင်းလို့တော့ ကြိုပြောလိုက်ပါမယ်။ ဆရာစွမ်းတို့ကိုယ်တိုင်ကလည်း သူတို့တတွေ သက်တမ်းရှည် တတ်နေနိုင်သမျှလေးမှာ သူတို့နိုင်တဲ့ စာပေ၀န်ကို ထမ်းနေတာဆိုတဲ့ ယုံကြည်ချက်နဲ့ အသက်ရှုနေတာမို့ အဲသလို ကျေးဇူးကြီးပါပေ့လို့ ပြောတာကို ဆတ်ဆတ်ခါ ငြင်းပယ်မှာ ဖြစ်ပါတယ်။
သူတို့စိုက်သမျှ သူတို့ ရိတ်ကြရတဲ့ နေရာမယ် ရလာတဲ့ အရိပ်အောက်မှာ ကျနော်တို့ ခိုခွင့်ရတာကို ကျနော်ကတော့ ၀မ်းသာမိတာပါပဲ။ ရခဲ့ဖူးတဲ့ မိသားစုဘ၀တွေမှာ ဆရာမကြီးခင်မျိုးချစ်က ပြောဖူးပါတယ်။ ငါတို့က မချစ်မနှစ်သက်သောသူတွေနဲ့ မပေါင်းသင်းရဘဲ၊ ချစ်ခင်နှစ်သက်သူတွေပဲ ပေါင်းသင်းရတဲ့ ဆုတောင်းကို တောင်းပါတယ် တဲ့။ အဲသည်လို မိတ်ဆွေကောင်းတွေနဲ့ ဆုံရ ကြုံရတာကို ၀မ်းသာပါတယ် တဲ့။
သူတို့ပြပေးခဲ့တဲ့ အလင်းရောင်လမ်းအောက်ကနေ တွေ့ဆုံပေါင်းသင်းရတဲ့ မိတ်ဆွေကြီးတွေ၊ ဆရာတွေဟာ ဆရာဦးတင်မိုးတို့၊ ဆရာစွမ်းတို့ ဖြစ်ပါတယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ ဘယ်လိုပဲ စိတ်ဝမ်းတွေ ကွဲလို့ သဘောထားချင်း မတိုက်ဆိုင်ပါစေ၊ မိတ်ဆွေတွေဆိုတာ ချစ်ခင်ညီညွတ်စွာ သဘောထားကွဲပြီး ခရီးတခုတည်း အတူသွားကြတာပဲဆိုတာကို ဆရာတို့နဲ့ တွေ့တော့ ပိုသဘောပေါက်ပါတယ်။
ဘယ်လိုပဲ ခရီးမိုင်တွေ ဝေးဝေး၊ ကွဲကွာခွဲခွာနေရသည် ဖြစ်စေ သူတို့ယုံကြည်တဲ့ အမှန်တရားနဲ့ သစ္စာဟာ ပြောင်းမသွားတဲ့အတွက်  ပြန်လည်ဆုံတွေ့ချိန်မှာ တစိမ်းတွေ ဖြစ်မသွားဖူး။ တလမ်းတည်း တဖြောင့်တည်း မောင်စွမ်းရည်ကတော့ သူသွားရမယ့်လမ်းကို ကလောင်ထမ်းပြီး သွားနေမှာပဲဆိုတာကို ယုံကြည်မိပါတယ်။ ဆရာစွမ်းဆိုတာ စစ်အာဏာရှင်က မျက်စကလေး တချက်ပစ်ပြတာ မြင်မိလို့ဆိုပြီး တခါတည်း ကျားရှေ့ မှောက်ယက်ပြေး ဦးနှိမ်လို့ ဒူးထောက်ပေးမယ့်သူ မဟုတ်ဘူးဆိုတာကိုတော့ စာရင်းကြိုတို့ထားလိုက်ချင်ပါရဲ့။
ဒီနေ့က သူ့ကို ဖုံးဆက်ပြီး မွေးနေ့အတွက် နှုတ်ဆက်ပါတယ်။ သက်တူရွယ်တူ လူကြီးတွေ ဖိတ်ပြီးတော့ ဆွမ်းကျွေး တရားနာဖြစ်တယ်လို့ ပြောပါတယ်။ ကျနော်တို့မိုးမခက သူ့စာမူတွေကို အင်တာနက်လေး ဘာလေး အဆင်ပြေတဲ့အခါမှာ ပြန်ပြီး ဖတ်ဖြစ်တယ်လို့ ပြောပါတယ်။ စာမူတွေကတော့ လက်ထဲမှာ ရေးနေဆဲပဲ။ အဆင်ပြေရင် လက်ရေးစာမူတွေကို ကော်ပီကူး၊ စာတိုက်က ပို့ဖို့ကလည်း အမြဲ အဆင်သင့်ပါပဲ။ အဲ … ပြီးတော့ သူရေးခဲ့တဲ့ ကဗျာတွေထဲက ဦးတင်ဦးနဲ့ ဗိုလ်ချုပ်ကျော်ဇောတို့အတွက် ကဗျာတွေ ပြန်ထည့်ပါဦးလားတဲ့။ အခုအချိန်မှာ ဂုဏ်ပြုရမယ့် ဂုဏ်ယူရမယ့် လူကြီးတွေ၊ ရှေ့ဆောင်တွေကို စာဖတ်ပရိသတ်ရှေ့မှာ အမြဲရှိနေဖို့ ကြောင့်ကြနေလိုက်ပါသေးတယ်။
အင်း … အဲသည်မှာတော့ ကင်ဂျုံအီးနဲ့ မောင်စွမ်းရည်တို့ ကွာပါသေးသကောဗျာ။ မြောက်ကိုရီးယားခေါင်းဆောင်ကြီးက သူ့ကျေးဇူးကြီးပုံတွေ၊ ဘုန်းတော်ဘွဲ့တွေကို သူများတွေဆီက ကြားချင်ရှာတာပါ။ အဲသည်ကျေးဇူးတွေနဲ့ တိုင်းပြည်ကြီးကို မွန်းနေအောင် ဖိထားတဲ့ကြားမှာ မြန်မာပြည်က ဗိုလ်ချုပ်တွေဆီကလည်း မွေးနေ့ကိတ်မုန့်ကြီး တမျှော်မျှော်နဲ့။ ရန်ကုန်မှာလည်း မွေးနေ့ပွဲ ကျင်းပရသေးသတဲ့။ အမြင်ကပ်လို့ ဝေဖန်မိသူတွေကိုလည်း အရေပြားပါးတော့ ချက်ချင်းဖမ်းပြီး အကျဉ်းစခန်းတွေ ပို့တဲ့သူ။
မောင်စွမ်းရည်ဆိုတဲ့ လူကတော့ သူများမွေးနေ့တွေ၊ သေနေ့တွေဟူသမျှ မမေ့လျော့သူ၊ ဂုဏ်ပြုထိုက်၊ ပူဇော်ထိုက်သူ မြန်မာပြည်သူတွေကို ပြည်မ တောင်တန်းမခွဲခြားဘဲ ကလောင်စွမ်းနဲ့ ဆောင်းပါး ကဗျာတွေနဲ့ မပျက်မကွက် အမြဲထုတ်ဖော် ရေးသားသူပါ။ သူ့မွေးနေ့ကို မေ့နေကြရကောင်းလားလို့ တခါဖူးကမှ ဆူဆောင့် ရန်သူ ရှာဖွေသူတဦး မဟုတ်ပါ။ မောင်စွမ်းရည်ကတော့ ကလောင်စခန်း၊ ကဗျာလမ်းနဲ့ မြန်မာပြည်ကြီးကို ကျေးဇူးစကား ဆိုမြဲ ဆိုနေသူ သာမန်လူသားတဦးမို့ မောင်ရစ်ကတော့ မွေးနေ့စာ မရေးစဖူး အရေးထူးပြီးတော့ ဆုရိုးရိုးတခုသာ တောင်းလိုက်ချင်တာပါ။
ဆရာစွမ်း ရှည်ပါစေသော်ဝ် သက်တော်ရာကျော် ပေါ့။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts