>63rnd Anniversary of Burma’s Union Day held at Korea, Soule with Overseas Burmese

>

ကိုရီးယားတွင် ကျင်းပ ခဲ့သည့် ၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနား မြင်ကွင်း

ကိုဝိုင်း(မိုးညှင်း)
ဖေဖော်ဝါရီ ၁၃ ၊ ၂၀၁၀ ဆိုးလ်

လွတ်လပ်ရေးကိုအတူတူယူကြမည်

ဟို လွန်ခဲ့သော ၆၃ နှစ် ၁၉၄၇ ဇန်နဝါရီလ ၆ ရက်နေ့ ကဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ လန်ဒန်သို့သွား၍ ဗြိတိသျှ ဝန်ကြီးချုပ် အက်တလီ ခေါင်းဆောင်သော ဗြိတိသျှကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးကြသည်။ ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်း နှင့်ပြည်မ ပူးပေါင်းလျက် ပြည်ထောင်စု ပုံသဏ္ဌာန် လုံးဝလွတ်လပ်ရေးပေးရန် တောင်းဆိုသည်။
ယင်းသို့ နှစ်ဖက်ဆွေးနွေးနေချိန် တွင် ရှမ်းပြည်နယ်မှ စော်ဘွားနှစ်ဦး အမည်ဖြင့် ‘အောင်ဆန်းသည် ရှမ်းပြည် ကို ကိုယ်စားမပြု ပြည်မမှ မြန်မာ ခေါင်းဆောင်တစ်ဦးသာဖြစ်သည်’ ဟူသော ကြေးနန်းရောက်လာရာ စာချုပ်ချုပ် ဆိုနိုင်ရေး အခက်တွေ့ခဲ့သည်။
သို့သော် နှစ်ရက်အကြာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ် အပါအဝင် တောင်တန်းဒေသအားလုံး ကို ကိုယ်စားပြုကြောင်း၊ တောင်တန်း ဒေသမှ တိုင်းရင်းသားပြည်သူများ အတွက် အရေးဆိုရန် အကြွင်းမဲ့ထောက် ခံကြောင်း၊ တောင်ကြီးမြို့တွင်ကျင်းပ သော လူထုအစည်းအဝေကြီးက တစ်ခဲနက် ထောက်ခံဆုံးဖြတ်ကြောင်း ရေးသားထားသော ကြေးနန်းတစ်စောင် ထပ်ရောက်ရှိလာရာ ဆွေးနွေးပွဲအဆင် ပြေချောမွေ့သွားပြီး မြန်မာ့လွတ်လပ်ရေး အတွက်အရေးပါသော အောင်ဆန်း-အက်တလီစာချုပ်ကို ၁၉၄၇ ဇန်နဝါရီလ၂၇ ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
ယင်းစာချုပ်တွင် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးသည့်အခါတွင် တောင်တန်း နယ်ဒေသများကိုပါ တစ်ပါတည်းထည့် သွင်းပေးရေးနှင့်ပတ်သက်၍ ၊ တောင်တန်း ဒေသနေ ပြည်သူများ၏  သဘောထား ကို လေ့လာရန်လိုအပ်ကြောင်း ၊ ယင်းတို့၏ သဘောထားကို လေ့လာရန် ကျင်းပရန် လျာထားသည့် ပင်လုံဆွေးနွေးပွဲတွင် ဖြစ်စေ၊ သီးခြားခေါ်ယူသော အစည်းဝေး တွင်ဖြစ်စေ လေ့လာရန်ဟူသော အချက် တစ်ချက်ပါဝင်သည် ။
ဒုတိယ ပင်လုံညီလာခံ
ဗိုလ်ချုပ်အောင်ဆန်းသည် ယင်း ကိစ္စကို အဆောတလျင် ဆောင်ရွက်ခဲ့သည် ။ ပူပူနွေးနွေး ကျင်းပရန်ရှိသည့် ဒုတိယ ပင်လုံညီလာခံသို့ ကိုယ်တိုင်တက်ရောက်ခဲ့သည် ။ ဗိုလ်ချုပ်နှင့် ဦးအောင်ဇံဝေတို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပင်လုံသို့ စတင်ထွက်ခွာသွားကြသည် ။ ပင်လုံညီလာခံကြီးကို ရှမ်းပြည် နယ်၊ ကချင်ပြည်နယ်၊ ချင်းဝိသေသတိုင်း၊ ကရင်နှင့် ကရင်နီ(ကယား) တို့တက်ရောက်ကြသော်လည်း ဦးဆောင်ဆွေးနွေးသူများမှာ ရှမ်းနှင့် ကချင်တို့သာဖြစ်သည်။ တောင်တန်းသားများညီညွတ်ရေးကောင်စီအမည်ဖြင့် တောင်းဆိုချက်များပါသော စာတမ်းရှည် တစ်စောင်ကိုတင်သွင်းခဲ့သည်။
ယင်းတောင်းဆိုချက်များကြောင့်ဆွေးနွေးညှိနှိုင်းမှု ပျက်စီးမည့် အခြေ အနေသို့ ရောက်ရှိခဲ့သော်လည်း ဗိုလ်ချုပ်ပြန်ရန် လေယာဉ်မှာလိုက်ပြီဆိုသော သတင်းပျံ့သွားသဖြင့် ကျောင်းသားများနှင့်  မြို့နယ်အဖွဲ့အစည်းများက ‘လွတ်လပ်ရေးချက်ချင်းပေး’၊ ‘ရှမ်း-ဗမာပူး ပေါင်းပါ’ စသည့် ကြွေးကြော်မှုများဖြင့် ဆူပူမှုများ ပေါ်ပေါက်လာရာမှ နှစ်ဖက်အလျှော့အတင်းများဖြင့် ညှိနှိုင်းသည့် အဆင့်ကို ပြန်လည်ရောက်ရှိခဲ့သည်။ ယင်းသို့ဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီတွင် မြန်မာ့သမိုင်း-ပြည်ထောင်စုနေ့အဖြစ် အသိအမှတ်ပြုခဲ့သော ပင်လုံစာချုပ်ကို မြန်မာအစိုးရဖက်မှ ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်း ဒေသ ကိုယ်စားလှယ် ၂၁ ဦးတို့ လက်မှတ်ရေးထိုးခဲ့ကြသည် ။
ပည်ထောင်စုနေ့
တိုင်းရင်းသား သွေးစည်းမှု အဆောက်အအုံကို တည်ဆောက်ပေးသည့် စာချုပ် ၊ တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းဖို့ သဘောတူညီခဲ့ကြသည့် စာချုပ်ကြီးဖြစ်သည် ။ ထိုစာချုပ်ကြောင့်ပင် ဗြိတိသျှအစိုးရလည်း ၄င်း၏ ကတိအတိုင်း ပြည်မကြီးရော တောင်တန်းဒေသများပါ တစ်ပြိုင်တည်း လွတ်လပ်ရေးပေးဖို့ သဘောတူညီခဲ့ရသည် ။
ယင်းသို့ တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော နေ့ကို ‘‘ပြည်ထောင်စုနေ့’’ဟူ၍  မြန်မာနိုင်ငံတော် အစိုးရက သတ်မှတ်ခဲ့ပြီး ၊ ‘‘ပြည်ထောင်စုနေ့’’ အခမ်းအနားကိုလည်း နှစ်စဉ်နှစ်တိုင်း ကျင်းပ လာခဲ့ကြသည် ။ ၁၉၄၈ နှင့် ၄၉ ခုနှစ်များတွင် ‘‘ပြည်ထောင်စုနေ့” သဘင်ကို ပင်လုံမြို့တွင် ကျင်းပခဲ့ပြီး ၊ ၁၉၅၀ ပြည့်နှစ်မှ စ၍ ရန်ကုန်မြို့တွင် ကျင်းပခဲ့ပါသည် ။
၁၉၅၄ ခုနှစ်မှစတင်၍ ထူးခြားချက်မှာ ပြည်ထောင်စု အလံတော်ကို အလှည့်ကျရာ ပြည်နယ်အသီးသီးမှ ပြည်ထောင်စုနေ့သဘင် ကျင်းပချိန်အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်း သယ်ယူစေခြင်းဖြစ်သည် ။ ထိုနှစ်တွင် တိုင်းရင်းသား လူမျိုးစုတို့ ပူးပေါင်းသွေးစည်းရာ ပင်လုံမြို့မှ ပြည်ထောင်စုအလံတော်ကို ပြည်ထောင်စုနေ့အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်း သယ်ယူလာပြီး နိုင်ငံတော်ဝန်ကြီးချုပ်လက်သို့ ပေးအပ်ခဲ့ပါသည် ။

၆၃နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား

ထိုမှ ၆၃နှစ် ကြာခဲ့ပြီဖြစ်သည့် ယခု နှစ်တွင် ၄င်း အစဉ်အလာအတိုင်း ၊ ကိုရီးယားနိုင်ငံရောက် မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ စုပေါင်းပြီး အထိမ်းအမှတ်အခမ်းအနားအဖြစ် အစဉ်အလာမပျက် ဆင်ယင် ကျင်းပခဲ့ကြပါသည် ။ ပြည်ထောင်စုနေ့အဖြစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပရန်ဖြစ်သော်လည်း ၊ ကိုယ့်မြေကိုယ့်ရေမဟုတ်သဖြင့် အထိမ်းအမှတ်အခမ်းအနားအဖြစ်သာ အခြေအနေ ပေးခဲ့သည် ။
နေ့ရက်မှာ၂၀၁၀ပြည့်နှစ် ဖေဖော်ဝါရီလ ၇ ရက် ။
အချိန်မှာ နေ့လည် ၂ နာရီမှ ညနေ ၅ နာရီ ။
နေရာမှာ မြန်မာအသင်း (ကိုရီးယား) တည်ရှိရာ ဘူချောန်း နိုင်ငံခြားသား အလုပ်သမားများ ရိပ်သာ(Bucheon Migrant Workers’ House) ။
ဦးဆောင်ကျင်းပခဲ့သည်မှာ ညီညွှတ်သော မြန်မာတိုင်းရင်းသားများ အစည်းအရုံး (ကိုရီးယား) (United Myanmar Ethnic Organization in Korea).
ပြည်ထောင်စုအလံသယ်ယူစိုက်ထူအလေးပြု
အခမ်းအနားစလျင်စချင်း ၊ ပြည်ထောင်စု အလံတော်အား ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသားတိုင်းရင်းသူ စုံတွဲ ၁၄ ဦးတို့က လက်ဆင့်ကမ်း သယ်ဆောင်လာပြီးနောက် ၊ ညီညွှတ်သော မြန်မာတိုင်းရင်းသားများ အစည်းအရုံး (ကိုရီးယား) ဥက္ကဌလက်သို့ အပ်နှင်းလိုက်သည် ။ ဥက္ကဋ္ဌ စိုင်းမောင်မောင်ဝိုင်းက လက်ဆင့်ကမ်း သယ်ဆောင်၍ စင်မြင့်ပေါ်ရှိ ငွေဖလား၌ စိုက်ထူပါသည်။ အလံတော်သယ်ယူစဉ် နိုင်ငံတော်သီချင်းတီးလုံးကို ငြိမ့်ငြောင်းငြင် သာစွာ ဖွင့်လှစ်ထားပြီး ၊ ပရိသတ်များက မတ်တပ်ရပ်၍ ငြိမ်သက်စွာ ရှုမောခဲ့ကြသည်။
၎င်းနောက် အခမ်းအနားအစီအစဉ်အရ တက်ရောက်လာကြသော တိုင်းရင်းသားညီအကို မောင်နှမများနှင့် အတူ ပြည်ထောင်စု အလံတော်အား အလေးပြုကြသည် ။  ၄င်းနောက် မြန်မာ့သမိုင်းအဆက်ဆက်တွင် အဖနိုင်ငံတော်အတွက် အသက်စွန့်လှူသွားကြသော ပြည်သူ့သားကောင်း သူရဲကောင်း အပေါင်းတို့အား အလေးပြုကြပါသည်။ ၄င်းနောက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများက တို့ပြည်ထောင်စု သီချင်းကို စုပေါင်းသီဆိုကြခြင်းဖြင့် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြသည် ။
အဖွင့်အမှာစကားနှင့် ဂုဏ်ပြုသဝဏ်လွှာများ


အဖွင့်အမှာစကားနှင့် ပြည်ထောင်စုနေ့ သမိုင်းအကျဉ်းကို စိုင်းမောင်မောင်ဝိုင်းက ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ ဥက္ကဌ ဦးအောင်မြင့်ဆွေနှင့်

မြန်မာအရေး လှုပ်ရှားမှု မြှင့်တင်ရေးကော်မတီ (ကိုရီးယား) ဦးစီးအဖွဲ့ဝင် ဦးဘိုဘိုတို့က ဂုဏ်ပြုစကားများ ပြောကြားသည် ။ မြန်မာအသင်း (ကိုရီးယား) ဥက္ကဌ ဦးခင်မောင်ရင် ၊

 မြန်မာ့ရေး လှုပ်ရှားမှုအဖွဲ့ (ကိုရီးယား) ကိုယ်စား  ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်ဦးတို့က ၎င်း၊

မြန်မာ့ ကလေးသူငယ်များ၏ ပညာရေး ကူညီထောင်ပံ့ရေး ပရိုဂရမ် ကိုယ်စား အကြံပေး ဦးဝင်းမြင့်ဦး ၊
ဆောင်နမ် မြန်မာ လူမှုရေးအသင်း ကိုယ်စား ဥက္ကဌ ဦးသောင်းထွန်းနှင့် အန်ဆန်း ရှီဟွာ မြန်မာ လူငယ်အသင်း ကိုယ်စား ဦးအောင်နိုင်ဝင်းတို့က ၎င်း
သ၀ဏ်လွှာများ အသီးသီး ဖတ်ကြားကြပါသည်။
ဖျော်ဖြေရေးနှင့် ယဉ်ကျေးမှုအစီအစဉ်

ဖျော်ဖြေရေးအစီအစဉ်တွင်မူ ရခိုင်အသင်း(ကိုရီးယား)မှ ရခိုင် လှပျိုဖြူတစ်ဦးက မဟာနွယ်သီချင်းနှင့် ရခိုင်ရိုးရာ ဆီမီးအကဖြင့်လည်းကောင်း ၊ ကရင် မိတ်သဟာယအဖွဲ့(ကိုရီးယား)မှ ကရင်လူငယ်များက ကရင်ဒုံးယိမ်းအကဖြင့်လည်းကောင်း သီဆို ကပြ ဖျော်ဖြေကြသည် ။

ရှမ်းလူမှုရေးအသင်း(ကိုရီးယား)မှ စိုင်းသိန်းထွန်းနှင့် စိုးလျန်တို့က ရှမ်းမှတ်မိနေပါသေးတယ်ဟု အဓိပ္ပါယ်ရှိသော ရှမ်းရိုးရာ တေးသီချင်းများနှင့် ရှမ်းအကတို့ဖြင့်လည်းကောင်း ၊ မွန်အသင်း(ကိုရီးယား)မှ နိုင်တင်မွန်နှင့် အဖွဲ့ကလည်း မွန်ရိုးရာ တေးသရုပ်ဖော်အကဖြင့်လည်းကောင်း သီဆိုကပြ ဖျော်ဖြေကြသည် ။

ထို့နောက် ချင်းကွန်မြူနီတီ(ကိုရီးယား)မှ ထောင်အိုင်ချွန်း ခေါ် ကိုဂျုံးဂျုံးကလည်း ချင်းရိုးရာတေးသီချင်းဖြင့်လည်းကောင်း ၊ ကချင်အမျိုးသား ကိုဇော်ရာနှင့် စုံတွဲကလည်း ငြိမ်းချမ်းပါတယ် ကချင်မြေဟု အဓိပ္ပါယ်ရသော ကချင်သီချင်းဖြင့် လည်းကောင်း ၊ ကယားအမျိုးသား ကိုမျိုးကလည်း သာဓု ခေါ်ပါတယ်ဟု အဓိပ္ပါယ်ရသည့် ကယားရိုးရာ ကျေးလက်တေးဖြင့်လည်းကောင်း တင်ဆက်ခဲ့ကြသည် ။

          ကိုရီးယားနိုင်ငံရောက်  မြန်မာတိုင်းရင်းသား ညီအစ်ကိုများဖြင့် ဖွဲ့စည်းထားသော ရိမ်းဘိုးတီးဝိုင်းမှ တိုင်းရင်းသား ညီအစ်ကိုများကလည်း မိုးလုံးမှိုင်း ၊ တောင်ကြီးသူ ၊ ဒုံးယိမ်းည  အဆိုအတီး အကများဖြင့် ပျော်ပျော်ပါးပါး တင်ဆက်ဖျော်ဖြေကြပါသည်။

အထူးအစီအစဉ်

အခမ်းအနားတွင် အထူးအစီအစဉ်အဖြစ် ထောင်စုပြတင်းသတင်းဂျာနယ် အယ်ဒီတာချုပ် (ဦး) ဝင်းပေါ်မောင်က ပြည်ထောင်စုတိုင်းရင်းဘာသာစကားများဇာတိနှင့်အနာဂတ်နိဒါန်းခေါင်းစဉ်ဖြင့် တိုင်းရင်းသားဘာသာစကားများ မပျောက်ပျက်အောင် မည်ကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်ရမည့် အကြောင်း ယူနက်စကိုမှ ၂၀၀၉ခုနှစ်က ထုတ်ပြန်ထားသည့် အစီရင်ခံစာကို အခြေခံလျက် ပရီဇင်တေးရှင်းပရိုဂရမ်ဖြင့် ပြည့်ပြည့်စုံစုံတင်ပြသွားရာ ပရိသတ်များက အထူးချီးမွမ်းအားပေးကြသည် ။ ကိုရွှေအိုးစည်ကလည်း မြန်မာတိုင်းရင်းသားညီအစ်ကိုမောင်နှများ မြန်မာစကား ပြောကြရာတွင် လေယူလေသိမ်း ကွာခြားကြပုံကို ၊ ဟာသနှော၍ အသောလုပ်ခဲ့ရာ ပရိသတ်များ ဘဝင်လေဝှေ့ ချမ်းမြေ့စွာ အားပေးကြသည် ။

အခမ်းအနားရုပ်သိမ်း

အခမ်းအနားဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီအားပေးခဲ့ကြသူများကို ကျေးဇူး အထူးတင်ရှိကြောင်း နှင့် ဝမ်းမြောက်ကြောင်း နှုတ်ဆက်စကားကို အစည်းအရုံး အတွင်းရေးမှူး နိုင်တင်မွန်က ပြောကြားသည် ။ ထို့နောက် ၊ ပြည်ထောင်စုဖွား တိုင်းရင်သားအချင်းချင်း အပြန်အလှန် နားလည်ညီညွတ်မှုတည်ဆောက်နိုင်ရေး  ၊ ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ငြိမ်းချမ်းမှု အဓွန့် ရှည်စေရေး ၊ စစ်မှန်ပြီးတန်းတူ ညီမျှရှိမည့် ဖယ်ဒရယ် ပြည်ထောင်စုစနစ် အမြန်ဆုံး လက်တွဲ အကောင်အထည်ဖော်နိုင်ရေး  ကြွေးကြော်သံ  ၃ ရပ် ကြွေးကြော်ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည် ။
အခမ်းအနားမှူးသို့ ပရိသတ် ၁၂၀ ကျော် တက်ရောက်ခဲ့ကြပြီး ၊ ဦးကျော်မိုးလွင်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သည် ။ အခမ်းအနားအပြီးတွင် အမှတ်တရ မှတ်တမ်းဓါတ်ပုံရိုက်ကူးကြပြီး ၊ ကော်မတီက တည်ခင်း ဧည့်ခံသည့် ရှမ်းရိုးရာ ခေါက်ဆွဲကို အတူတကွ မြိန်ရည်စွာ သုံးဆောင်ခဲ့ကြသည် ။
ယူအမ်အီးအို (ကိုရီးယား)
ပြည်ထောင်စုနေ့ ၊ ညီညွှတ်သော မြန်မာတိုင်းရင်းသားများ အစည်းအရုံး(ကိုရီးယား)ကို ကိုရီးယားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညီအစ်ကိုမောင်နှမများဖြင့် ၂၀၀၉ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းခဲ့ကြကြောင်း ၊ မြန်မာ တိုင်းရင်းသား ညီအစ်ကိုမောင်နှများအချင်းချင်း ယိုင်းပင်းကူညီကြရန် ရည်ရွှယ်ချက်ဖြင့်  ဖွဲ့စည်းထားခြင်း ဖြစ်သည် ။ အမှုဆောင်အဖွဲ့ကိုလည်း အလှည့်ကျ စနစ်ဖြင့် တာဝန်ယူသွားကြမည်ဟုဆိုပါသည် ။

အမြဲတမ်းပြည်ထောင်စုနေ့

ညီညွှတ်သော မြန်မာတိုင်းရင်းသားများအစည်းအရုံး(ကိုရီးယား)က ဦးဆောင်ကျင်းပခဲ့သည့် ၆၃နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားကား ပြီးဆုံးခဲ့ပါပြီ ။ နောင်နှစ်များတွင်လည်း
ကျနော်တို့တစ်တွေ ၊ ပြည်ထောင်စုနေ့ကို တနှစ်တခါ ကျင်းပနေရုံနှင့် ကျနော်တို့ ကျေနပ်နေကြဖို့မဟုတ် ၊ ကျနော်တို့ အားလုံးသော တိုင်းရင်းသားညီအစ်ကိုမောင်နှမတို့ရဲ့ ကိုယ်စီ နှလုံးအိမ်ထဲမှာ ပြည်ထောင်စုစိတ်ဓါတ်ကို နက်နက်ရှိုင်းရှိုင်း ကိန်းဝပ်နေစေပြီး ၊ ပြည်ထောင်စုနေ့ကို အမြဲတမ်းကျင်းပနေကြဖို့ လိုအပ်မှာဖြစ်ကြောင်း
တိုက်တွန်းသွားသည့် အဖွင့်အမှာစကားဖြင့်ပင် ဤသတင်းဆောင်းပါးကို နိဂုံးချုပ်အပ်ပါသည် ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts