>tight security in Hlaing Tha Yar

>

လှိုင်သာယာ စက်ရုံအလုပ်သမား ဆန္ဒပြမှု လုံထိန်းအင်အား အများအပြားချထား
မိုးမခ အထောက်တော်၊ ရန်ကုန်
ဖေဖေါ်ဝါရီ ၁၀၊ ၂၀၁၀ လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတခု မြင်ကွင်း (ဓာတ်ပုံ – မိုးမခ)
တနင်္လာနေ့မှ စတင်သည့် လုပ်ခတိုးပေးရေးနှင့် အလုပ်ခွင်အခြေအနေ တိုးတက် ကောင်းမွန်ရေး အတွက် တောင်းဆို ဆန္ဒပြမှုမှာ အပြီးတိုင် ပြေလည်သည့် သတင်းများ မကြားသိရသေးဘဲ လုံထိန်းရဲကား အင်အားများစွာ ချထားခြင်းကိုသာ မြင်တွေ့ခဲ့ရသည်ဟု ဆန္ဒပြသည့်နေရာသို့ သွားရောက် ကြည့်ရှုခဲ့သူ တဦးက ပြောသည်။
အိုပယ် () အထည်ချုပ်စက်ရုံရှေ့ကို နေ့ခင်း ၁နာရီလောက်က ရောက်သွားတယ်။ စက်ရုံရှေ့ ဖြတ်တဲ့ လမ်းကို အတားအဆီး အနေနဲ့ သုံးတဲ့ ဆေးဖြူနီ သစ်သား ဆူးကြိုးတန်း နှစ်ခုနဲ့ လမ်းကျဉ်းအောင်ပဲ ပိတ်ထားတယ်။ လုံးဝတော့ မပိတ်ထားဘူး။ စက်ရုံအပြင်ဘက်မှာ ဘာမှတော့ မတွေ့ရဘူး။
စက်ရုံအ၀မှာ စက်ရုံ လုံခြုံရေးနဲ့ အတူ အရပ်ဝတ်ရဲတွေ လုံခြုံရေးတွေလည်း မြင်တွေ့ရတယ်။ သူတို့ရဲ့ ဆိုင်ကယ်တွေလည်း ၄၊ ၅စီး ရပ်ထားတယ်။ ဧရာဝတီတိုင်းဘက် ထွက်တဲ့ လှိုင်သာယာ လမ်းမကြီး ပေါ်မှာတော့ အဲဒီစက်ရုံ မရောက်ခင်ကတည်းက လမ်းဘေး နှစ်ဘက်နှစ်ချက်မှာ ဒိုင်းတွေဘေးမှာ ထိုးထားတဲ့ လုံထိန်း ထရပ်ကား ၄၊ စီးဆို ရဲအချုပ်ကား၊ မီးသတ်ကား တစီးစီ အုပ်စုလိုက် အားလုံး အစီးရေ ၃၀နဲ့ ၄၀ အကြား ရှိလိမ့်မယ်။ နောက်တော့ ရဲ ကွပ်ကဲရေး ဒဗယ်ကက်ပစ်ကပ်ကားလည်း သုံးလေးစီး တွေ့တယ်။
လုံထိန်းတွေ မီးသတ်တွေက ကားဘေးမှာ ထိုင်နေတာ၊ တချို့လည်း သေနတ်တွေ ကိုင်ပြီး စောင့်နေတာတွေ တွေ့ခဲ့ရတယ်။ ညနေ ၂နာရီ တိတိ လောက်မှာတော့ လုံထိန်းရဲကားတွေရော မီးသတ်ကားတွေပါ အားလုံး ပြန်ကုန်ကြတယ်
ဟု သူက ထိုနေရာမှ မြင်ကွင်းကို ပြန်လည် ပြောပြသည်။
ယခုလို ဆန္ဒပြမှုဖြစ်ပွားသည့် လှိုင်သာယာ စက်မှုဇုန် ဘက်တွင် အရပ်ဝတ်နှင့် စကားပြောစက်ကိုင် လုံခြုံရေးများ ဆိုင်ကယ်ဖြင့် ခြေရှုပ်လျက်ရှိပြီး နေ့ခင်းတွင် အိုပယ် () စက်ရုံထဲသို့ ရဲတပ်ဖွဲ့မှ ဓာတ်ပုံသမားများ ၀င်သွားသည်ကို တွေ့မြင်ရသည်ဟု အနီးအနားရှိ ဈေးဆိုင်များထံမှ သိရသည်။
ယခုနှစ် ဇန်န၀ါရီလကုန်တွင် အစိုးရ၀န်ထမ်းများ တလ ၂သောင်းကျပ် စတင် ရရှိပြီးနောက် ပုဂ္ဂလိကပိုင် လုပ်ငန်းများမှ ၀န်ထမ်းများကလည်း မြင့်တက်လာမည့် ကုန်ဈေးနှုန်းအား ခံသာစေရေးအတွက် လစာ တိုးမြှင့်ရန် လိုလားလျက် ရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် လုပ်ငန်းခွင် အခြေအနေ ဆိုးဝါးပြီး အလုပ်ချိန် ရှည်လျားသည့် လှိုင်သာယာ စက်မှုဇုန်မှ အလုပ်သမားများကလည်း လစာ သောင်းကျပ် နှင့် လုပ်ငန်းခွင် အခြေအနေ ကောင်းမွန်လာစေရေး အတွက် တောင်းဆို ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ယခုနှစ်ပိုင်းတွင် မြန်မာ ကျပ်ငွေနှင့် အမေရိကန် ဒေါ်လာငွေလဲနှုန်းများ သိသာစွာ မြင့်တက်ခြင်း မရှိသော်လည်း အခြေခံ လူနေမှု ကုန်ကျစရိတ်များ ဖြစ်သည့် စားသောက်ကုန်၊ သွားလာစရိတ်၊ ဆေးဝါး ကုသစရိတ်တို့မှာမူ တဖြည်းဖြည်း မြင့်တက်လာလျက် ရှိသည်။
အာဏာပိုင်တို့သည် အလုပ်သမား အခွင့်အရေး တောင်းဆိုမှုများအား အစိုးရ ဆန့်ကျင်သည့် နိုင်ငံရေး လှုပ်ရှားမှု သဖွယ် ရှုမြင်ကြသည်။
        ယခင်နှစ်များကလည်း လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများ၊ ဖိနပ်စက်ရုံများတွင် အလုပ်သမား အခွင့်အရေး တောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts