>TheGeek – To Ko Zarganar – Let’s buy Bogyoke Market

>

ကိုဇာဂနာဖတ်ဖို့ ဟာသ
ဗိုလ်ချုပ်ဈေးကြီး ၀ယ်ပေးမယ်
ပျော်တော်ဆက်သာဂိ
ဖေဖော်ဝါရီ ၁၁၊ ၂၀၁၀
  
ကိုဇာဂနာရေ … စာရေးလိုက်ပြန်ပြီဗျာ။ နေကောင်းရဲ့ မဟုတ်လား။ အကယ်ဒမီပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပပြီးသွားပြီတဲ့ဗျာ။ ကျနော်ကတော့ ခင်ဗျားကိုများ အကယ်ဒမီတွေ ဘာတွေ ပေးလေမလားလို့ မီးစက်ထွန်းပြီး တီဗီကနေ စောင့်ကြည့်နေမိတာပေါ့လေ။ မင်းသားမင်းသမီးတွေကလည်း အပူရုပ်ကို ဟန်လုပ်ပြီး ပွဲတက်လာကြတာကို တွေ့ရတယ်။ ရန်ကုန်မြိ့တော်ကြီးကနေ ပျဉ်းမနား ကြပ်ပြေး နေပြည်တော်ကို ကမန်းကတမ်းပြေးလာပြီး ပွဲတက်ရတာဆိုတော့ ခရီးပမ်းတဲ့ ရုပ်တွေက သနားစရာပါဗျာ။ ဗိုလ်သန်းရွှေကို နောက်မှ အီးမေးပို့ပြီး အကြံပေးရဦးမယ်။ မင်းသား မင်းသမီးတွေနဲ့ ရုပ်ရှင်လောကသားတွေ အားလုံးအတွက် ကြပ်ပြေး ရုပ်ရှင်ကျေးရွာကြီး တခုထောင်ပေးပြီး ခေါ်ထားလိုက်ပါ … လို့။
ကြပ်ပြေးရွှေမြို့တော်ကြီးမှာ ရန်ကုန်မှာ မရှိတဲ့ မီးတို့၊ ရေတို့၊ တယ်လီဖုံးတို့၊ တိရစ္ဆာန်ရုံတို့ အစုံရှိသတဲ့ဗျာ။ သို့သော် သူတို့မှာ ကျီးနဲ့ ဖုတ်ဖုတ် ဖြစ်နေတာဆိုတော့ လိုနေတာက လူပရိသတ်တွေ မဟုတ်လားဗျာ။ ရုပ်ရှင်လောကသားတွေကို အကယ်ဒမီတင်သာမကဘူး၊ ကျေးရွာတွေ ဆောက်ပေးပြီး မြေတွေ၊ အိမ်တွေ၊ စတူဒီယိုတွေနဲ့ မင်းမိန့်နဲ့ ဆင့်ခေါ်ပြီးသာ ခေါ်ထားလိုက်ပါဗျာ။ စည်ကားလိုက်မယ့် ဖြစ်ခြင်းနော် … ကိုဇာဂနာ။
ခင်ဗျားရဲ့ မိတ်ဆွေကြီး အကယ်ဒမီကိုကျော်သူကို အကယ်ဒမီပေးပွဲမှာ မတွေ့ရဘူးဗျ။ အို အဲဒီမှာ မင်းသားတွေ၊ မင်းသမီးတွေထက် အက်တင်တွေ၊ ဒိုင်ယာလော့တွေနဲ့ အသုံးတော်ခံသွားတာက ဗိုလ်ကျော်ဆန်းတဲ့ဗျာ။ ကျနော်ကတော့ ဗဟိုရုပ်ရှင်ရဲ့ မှတ်တမ်းတင်ကားများတွေထဲက စစ်အစိုးရသတင်းစာရှင်းလင်းပွဲမင်းသားကြီးများဖြစ်တဲ့ ဗိုလ်ကျော်ဆန်း၊ ဗိုလ်မောင်ဦး၊ ဗိုလ်ခင်ရီ တို့များ အကယ်ဒမီများ ရသွားလေမလားလို့ ရင်မပြီး ကြည့်နေတာပါ။ အော် တော်သေးတာပေါ့ … ဗိုလ်ကျော်ဆန်းက ယခုနှစ် အကယ်ဒမီဆုရှင်ကတော့ ကျနော် ဗိုလ်ကျော်ဆန်း – အကယ်ဒမီမောင်ကျော်ဆန်းပါပဲ ခင်ဗျား ဟီးဟီး ဟီးဟီး လို့ မပြောဘဲ၊ ၂၀၁၀ ရွေးကောက်ပွဲကြီးကို ဆက်လက်ပြီး အားပေးကြဖို့၊ ထောက်ခံကြဖို့၊ အရွေးမမှား၊ အပေးမမှားကြဖို့ ကြော်ငြာထိုးသွားတာကိုး ကိုဇာဂနာရယ့်။
လျို့ဝှက်တဲ့ ထောက်လှမ်းရေးသတင်းတခုကတော့ ၂၀၁၀ ရွေးကောက်ပွဲကြီးက နီးသထက် နီးလာတယ်သာ ဆိုတယ် လွှတ်တော်တက်မယ့် အမတ်မင်းတွေက ခုထိ မိတ်ကပ်လိမ်း၊ ပန်းပန်ပြီး စင်ပေါ် တက်မလာကြသေးဘူး ဆိုတော့ – ဗိုလ်ကျော်ဆန်းက ဗိုလ်သန်းရွှေကို ကြိတ်ပြီး အကြံကောင်းတခု ပေးထားတယ် ဆိုပဲ။ မြန်မာပြည်မှာ မြန်မာလူထုပရိသတ်ကြား အမြဲခေတ်စားပြီး ထောက်ခံမှု ရနေတဲ့ သူတွေကို စည်းရုံုးပြီး အမျိုးသားဒီမိုကရက်တစ်တပ်မတော်အဖွဲ့ချုပ်ပါတီကြီးကို ထူထောင်ဖို့ တင်ပြလိုက်သတဲ့။
အခု ကျင်းပလိုက်တဲ့ အကယ်ဒမီပွဲမှာ ဘယ်ဂျာနယ်ဇင်းသမားတွေကိုမှ ပ,စားမပေးဘဲ တပ်မတော်ကင်မရာသမားတွေနဲ့ ရုပ်ရှင်မင်းသား မင်းသမီးတွေကို အနီးကပ်ရိုက် မှတ်တမ်းတင်ပြီး ဗိုလ်သန်းရွှေကို ရုပ်သံပေါ်မှာ ထိုးပြပြီး အဲသည် အကယ်ဒမီ မင်းသား မင်းသမီးတွေကို တပ်မတော်ပါတီ (အမျိုးသားဒီမိုကရက်တစ်တပ်မတော်အဖွဲ့ချုပ် – အင်န်အယ်ဒီတီ) ရဲ့ အမတ်လောင်းများအဖြစ် အမည်စာရင်း တင်သွင်းဖို့ ရွေးချယ်ခိုင်းနေတယ် ဆိုပဲ။
စဉ်းစားကြည့်ပေါ့ ကိုဇာဂနာရယ် … မောင်စူးစမ်း၊ သခင်တင်မြ၊ သခင်အောင်ကြီး၊ ဦးချစ်လှိုင်၊ စတဲ့ စတဲ့ ဘယ်ဖက် ကိုယ်စားပြုမှန်း မသိသူတွေကို မြန်မာပရိသတ်ကြီးက သူတို့မဲဆန္ဒနယ်တွေမှာ ရွေးချယ်မယ့်အစား ဟော … အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ ခင်မို့မို့အေး၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ မို့မို့မြင့်အောင်တို့တတွေနဲ့ အခြား အကယ်ဒမီရှင်ကြီးငယ်မဟူတို့က ကြပ်ပြေး မဲဆန္ဒနယ် အမှတ် ၉၉၉၉ တို့ ၈၈၈၈ တို့၊ ဒီပဲယင်း မဲဆန္ဒနယ်အမှတ် ၇၇၇၇၊ ရွှေဂုံတိုင် မဲဆန္ဒနယ် ၃၆၇၊ တက္ကသိုလ်ရိပ်သာလမ်း မဲဆန္ဒနယ် ၉၄၅၆ တို့တွေကနေပြီး တပ်မတော်အဖွဲ့ချုပ်ပါတီကြီး ကိုယ်စားပြုရွေးချယ်ခံကြမယ်ဆိုရင် ဘယ်သူပြိုင်လို့ လှပါတော့နိုင်ပေါ့ ကိုဇာဂနာကြီးရယ်။ ဟုတ်စ။
အမေရိကန်မှာဆိုရင် ရော်နယ်ရီဂင်တို့ အာနိုးတို့တောင် နိုင်ငံရေးသမားတွေ ဖြစ်ကြသေးတာ ဆိုတော့ ဗိုလ်ကျော်ဆန်းက ဗိုလ်သန်းရွှေကို နားချနေပုံက သူတို့ အကယ်ဒမီတွေကိုသာ တပ်မတော်အဖွဲ့ချုပ်ပါတီကြီးက သိမ်းသွင်းပြီး လွှတ်တော်ကို ရောက်အောင် မြေတောင်မြှောက်ပေးလိုက်ရရင် သူတို့အဖို့ စိတ်ကြိုက် တိုင်းပြည်ကို စစ်သား တမတ်၊ အကယ်ဒမီ တမတ်၊ ဟိုမရောက် ဒီမရောက် တမတ်နဲ့ ၃ မတ်ဖိုးကြီးများနဲ့ အာဏာကို သိမ်းပိုက်ချယ်လှယ်လို့ ရနေဦးမတဲ့။ ဗိုလ်ကျော်ဆန်းတို့ အကြံပိုင်သော ငခွေး လုပ်နေပုံများ ပြောပါတယ်။ (ကျန်တဲ့ တမတ်က ဟို နေရှယ်နယ်လိဂ် ဘောလုံးအသင်းက ပရိသတ်အသည်းကျော် မြန်မာဘောလုံးသမားတွေ တဲ့ ကဲ … သူတို့ကိုလည်း တပ်မတော်အဖွဲ့ချုပ်ပါတီရဲ့ အမတ်တွေပဲ တဲ့)
အဲသည်အကြောင်းကို အနုပညာရှင်တွေက တပ်မတော်အစိုးရမင်းများရဲ့ ပက်စက်တဲ့ အကြံဆိုးကို ကြိုတင်သိနေကြတော့ ရုပ်ရှင်နဲ့ ဗီဒီယိုတွေမှာ ပရိသတ်ချစ်အောင်၊ အဆင့်တန်းတွေ မြင့်သည်ထက် မြင့်အောင် ကြိုးစားပြီး မရိုက်ကြတော့ဘဲ တမင် ညံ့သည်ထက် ညံ့အောင် သရုပ်ဆောင်နေကြတာကိုး ကိုဇာဂနာကြီးရဲ့။ ဒါကြောင့် မြန်မာရုပ်ရှင်တွေ ညံ့တယ် ညံ့တယ်လို့ ပြောတိုင်း နားမယောင်ပါနဲ့ အကိုရယ်။ သူတို့က တမင် ညံ့ချင်ယောင် ဆောင်နေကြတာပါ။ တော်ကြာ ထင်ပေါ်လို့ စင်တော်ကောက်ပြီး တပ်မတော်အဖွဲ့ချုပ်ပါတီကြီးရဲ့ အမတ်အလောင်းတွေ ဖြစ်ကုန်မှာ စိုးရိမ်ကြလို့ အမျှော်အမြင်ကြီးနေကြတာပါ ခင်ဗျာ။ (မြန်မာဘောလုံးသမားတွေလည်း ခပ်ညံ့ညံ့ပဲ ကစားတော့တယ်လေ။ သူတို့လည်း ကြောက်လို့ နေမှာပေါ့။ တော်ကြာ – အကယ်ဒမီ မျိုးလှိုင်ဝင်း၊ ကြုံတိုင်းအမတ်လောင်း လုပ်နေမှ … သနားစရာ)။
ဒါကြောင့်လည်း ရန်ကုန်မြို့တော်ကြီးကို လက်ညိုးထိုးပြီးေ၇ာင်းစားပစ်နေကြတာပေါ့လေ။ နောင်လာမယ့် အစိုးရဆိုတာ သူတို့အိတ်ထဲက စစ်အစိုးရစိတ်တိုင်းကျပဲဆိုတာ သေချာနေမှတော့ သူတို့ရဲ့ ကြပ်ပြေးနေပြည်တော်ကြီး စည်ကားသည်ထက် စည်ကားစေဖို့ ရန်ကုန်မြို့တော်ကြီးကို ပြည်သူတွေ လက်ထဲက လုပြီး သူတို့ရဲ့ နောက်တော်ပါ ကျေးတော်မျိုး၊ ကျွန်တော်မျိုး ဆွေစဉ်မျိုးဆက်၊ စီးပွားဖက်တွေ၊ စစ်တိုက်ဖက်တွေလက်ထဲကို အမွေပေးသလို၊ ထီပေါက်သလို ထိုးရောင်းနေတော့တာပေါ့ ကိုဇာဂနာရယ်။ ခေါင်းထဲမှာ ဦးနှောက်ကလေးများ ရှိရင် လယ်ပြင်ထဲ ဆင်သွားသလို ထင်ရှားပါတယ်။
ဟိုးတုန်းက အဆိုတော်တယောက် သီဆိုခဲ့သလို (ကော်ပီရိုက်နဲ့ ငြိမှာ စိုးလို့ဗျာ … အတိအကျ မပြောရဲပေါင်) နင်လိုချင်ရင် ဗိုလ်ချုပ်ဈေးကြီး ၀ယ်ပေးပါ့မယ် … စာသားလိုပေါ့ဗျာ။ လက်ညိုးထိုး ရောင်းစားနေလိုက်တာများ တက္ကသိုလ်တွေ၊ ကျောင်းတွေ၊ ဈေးတွေ၊ အစိုးရအဆောက်အဦတွေ အကုန်လုံး စာရင်းနဲ့တကွ ချရောင်းနေလိုက်တာများဗျာ … ကိုဇာဂနာတယောက်ကို မြင်စမ်းစေချင်ပါရဲ့။ ဗိုလ်ချုပ်ဈေးကြီးကို ချရောင်းလိုက်ရင် ကျနော်တို့ ဘယ်များသွားပြီး ကြာဇံဟင်းခါးတို့၊ အသုတ်စုံတို့ ခုံပုကလေးတွေနဲ့ စားရပါလိမ့်မလဲနော်။ ခင်ဗျားတို့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ရောယောင်ပြီး ရောင်းစားမိမှာစိုးလို့ နယ်စွန်နယ်ဖျားက ထောင်တွေကို ပို့ထားတာဆိုပဲ။
အေးဗျ။ ထင်ရှားတဲ့အခြားသက်သေတခုကတော့ ရန်ကုန်မြို့တော်ကြီးကို မီးဖြတ်၊ ရေဖြတ်ပြီး မြေတွေ၊ အိမ်တွေ၊ လမ်းတွေ၊ တံတားတွေကို ခွဲခြမ်း ပိုင်းဖြတ်ပြီး တစစီ အမဲဖျက် ချရောင်းလို့ ကြပ်ပြေးနေပြည်တော်ကြီး စည်ကားသည်ထက် စည်ကားအောင် လုပ်နေချိန်မှာ၊ သူတို့ရဲ့ အမျိုးသားဒီမိုကရက်တစ်တပ်မတော်အဖွဲ့ချုပ်ပါတီကြီး အင်အားကြီးအောင် ကြိတ်ပြီး ကြံစည်နေချိန်မှာ ဘယ်လိုပြော ပြော ၊ ဘယ်လို တောင်းတောင်း ခေါင်းမာမာနဲ့ ငြင်းဆန်ပြီး ဆုတ်ကိုင်ထားတာကတော့ အင်းစိန်ထောင်ကြီးနဲ့တကွ ခင်ဗျားတို့ ကျနော်တို့ရဲ့ အကျဉ်းထောင်ကြီးများပဲ ဖြစ်ပါတယ် ခင်ဗျား။
ဟုတ်တယ်လေ ကိုဇာဂနာ …။ ထောင်တွေတော့ ရောင်းစားလို့ မဖြစ်ဖူးလေ။ ၂၀၁၀ မှ မဟုတ်ဘူး။ နောင်လည်းပဲ တပ်မတော်အဖွဲ့ချုပ်ပါတီကြီး အာဏာရချိန်မှာလည်း တလျှောက်လုံးက ခင်ဗျားတို့ နိုင်ငံရေးအကျဉ်းသားတွေကို ထည့်ပြီး သိမ်းဆည်းထားဖို့ အကျဉ်းထောင်တွေကတော့ အမြဲထာဝရ ဆက်လက်လိုအပ်နေဦးမှာပဲကိုးလေ။
ကဲ … မည်သို့ပင်ဖြစ်စေကာမူ … (ထုံးစံအတိုင်း) ဟိတ် ! အရေးတော်ပုံ အောင်ရမည်ပဲပေါ့။
အရေးတော်ပုံ အောင်ရမည် … (ဘယ်တော့လဲသာ မသိတာပါလေ၊ အဟိ)။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts