>Local Job hunting agency

>

ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းများအား ဥပဒေနှင့်မညီဟုဆိုကာ တားမြစ်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဖေဖေါ်ဝါရီ ၈၊၂၀၁၀ အလုပ်အကိုင် အေဂျင်စီ ကြော်ငြာများ


ပြည်တွင်း အလုပ်အကိုင် ရှာဖွေသူနှင့် ၀န်ထမ်းလိုအပ်သည့် ကုမ္ပဏီများအကြား ၀န်ဆောင်မှု ပေးလျက်ရှိသည့် ပုဂ္ဂလိက လုပ်ငန်းများအား ထိုသို့ လုပ်ကိုင်ခြင်းသည့် ဥပဒေနှင့်မညီဟု ဆိုကာ ဆက်လက် လုပ်ကိုင်ခြင်း မပြုရန် အလုပ်သမားဝန်ကြီးဌာနက တားမြစ် လိုက်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် သောကြာ (ဖေဖော်ဝါရီ ၅ရက်) နေ့က ရန်ကုန်မြို့တွင် သက်ဆိုင်ရာ မြို့နယ်အလိုက် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး လုပ်ကိုင်လျက်ရှိသည့် အေဂျင်စီများအား ခေါ်ပြီး ၁၉၅၃ခုနှစ်တွင် အတည်ပြုထားသည့် အလုပ်သမား အက်ဥပဒေ အရ ပြည်တွင်း အလုပ်အကိုင်ရှာဖွေပေးသည့် ၀န်ဆောင်မှုလုပ်ငန်းကို နိုင်ငံတော်ကသာ လုပ်ပိုင်ခွင့်ရှိပြီး ပုဂ္ဂလိကလုပ်ငန်းများက လုပ်ကိုင်နေခြင်းမှာ တရားမ၀င်ဟု ပြောဆိုခဲ့သည်။

ထိုသို့ခေါ်ယူပြောဆိုရာတွင် အလုပ်သမားဝန်ကြီးဌာန အနေဖြင့် အရေးယူမှု မပြုရလေအောင် လုပ်ငန်းများကို ရပ်တန့်စေလိုသည်ဟု ပြောဆိုခဲ့သည်ဟု ၀န်ကြီးနှင့် တွေ့ဆုံခဲ့သည့် အမည် မဖော်လိုသူ လုပ်ငန်းရှင်တဦးက ပြောသည်။

ဗိုလ်တထောင် မြို့နယ်တွင်ပင် ပြည်တွင်း အလုပ်အကိုင်ရှာဖွေပေးသည့် လုပ်ငန်း ၇ ခု ရှိနေခဲ့ပြီး ရန်ကုန်တမြို့လုံးတွင် လုပ်ငန်းပေါင်း ၃၅ ခု ကျော် ရှိသည်ဟု သိရှိရသည်။

ပြည်တွင်းအလုပ်အကိုင် ရှာဖွေပေးသည့် ၀န်ဆောင်မှုလုပ်ငန်းသည် ဈေးကွက်စီးပွားရေး စနစ်သို့ ပြောင်းလဲပြီးနောက်ပိုင်း အလုပ်အကိုင် ရှာဖွေသူနှင့် ၀န်ထမ်းလိုအပ်သည့် ကုမ္ပဏီများအကြား အခကြေး ငွေယူကာ ၀န်ဆောင် ဆက်သွယ် ပေးလျက်ရှိသည်။ သို့ရာတွင် အစိုးရ အလုပ်သမား ဥပဒေအရ အလုပ်သမား ရုံးမှ လုပ်သား မှတ်ပုံတင် ပါမှသာ ကုမ္ပဏီများက အလုပ် ခန့်အပ်ရမည် ဆိုသည့်အချက် ပါရှိသည်။ ထို့အချက်ကြောင့် အစိုးရ၏ အလုပ်သမားမှတ်ပုံတင်ကို အသုံးပြုခြင်း နည်းပါးသော်လည်း အလုပ်ခေါ်ကြော်ငြာများတွင် အလုပ်သမားမှတ်ပုံတင် နှင့်တကွ ဆိုသည့် စာသားကို ထည့်သွင်း ကြော်ငြာလေ့ ရှိကြသည်။

ကျောက်တံတားမြို့နယ်တွင် ဖွင့်လစ်ထားသည့် အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းရှင်တဦးက “ဈေးကွက်စီးပွားရေး စနစ်၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးတွေလည်း အခုတလောလုပ်နေတယ်၊ ဒါပေမယ့် ဘာလို့ အခုလို ပုဂ္ဂလိက လုပ်ငန်းကို တားမြစ်တာလဲ ဆိုတာ နားမလည်နိုင်ဘူး၊ အစိုးရရဲ့ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ဆိုတာ ဘယ်သူမှလဲ အားမကိုး၊ အားကိုးလောက်အောင်လည်း အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် မရှိဘဲ ဘယ်လို ဒီလုပ်ငန်းကို လုပ်မလဲ ဆိုတာ နားမလည်နိုင်ဘူး” ဟု ဆိုသည်။

ပြည်တွင်း အလုပ်အကိုင်နှင့် ပတ်သက်သည့် ၀န်ဆောင်မှု ကြော်ငြာများကို အပတ်စဉ်ထုတ် ဂျာနယ်တချို့ဖြစ်သည့် အခွင့်အလမ်း၊ မြန်မာတိုင်းမ်၊ ဈေးကွက်၊ အကျိုးဆောင်တို့တွင် ဖော်ပြလျက်ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ရန်ကုန်စီးတီး FM ကပင် ည၉နာရီ နောက်ပိုင်းတွင် အခကြေးငွေယူကာ ထုတ်လွှင့်ပေးလျက် ရှိသည်။

ပြည်ပ အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းကိုမူ လိုင်စင်ဖြင့် လုပ်ကိုင်ခွင့် ပြုထားပြီး တရားဝင် လိုင်စင် ယူထားသည့် လုပ်ငန်းပေါင်း ရာနှင့်ချီရှိပြီး စစ်မှုထမ်းဟောင်းအဖွဲ့ကလည်း ရွှေအင်းဝကုမ္ပဏီ တည်ထောင်ကာ မလေးရှား၊ ကိုးရီးယား၊ ဂျပန် စသည့် နိုင်ငံများသို့ အလုပ်သမားများ ပို့ပေးလျက်ရှိပြီး ပုဂ္ဂလိက ကုမ္ပဏီများ မရရှိသည့် အထူးအခွင့်အရေးများကို ရွှေအင်းဝ ကုမ္ပဏီက ရရှိထားသည်ကိုလည်း တွေ့ရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts