>Burmese Local Intenet speed at snail pace without public explanation

>

“ မြန်မာအင်တာနှေး” – ရန်ကုန်မြို့တွင် အင်တာနက်လိုင်းများ ပြတ်တောက်လုနီးပါး ဖြစ်နေ

မိုးမခ အထောက်တော်၊ ရန်ကုန်
ဖေဖော်ဝါရီ ၃ရက်၊ ၂၀၁၀
ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ရန်ကုန်မြို့ရှိ ဘရော့ဘန်း (broad band)အင်တာနက် လိုင်းများအားလုံး သုံးစွဲ၍မရနိုင်လောက်အောင် နှေးကွေး၊ လေးလံနေပြီး မကြာခဏလည်း ပြတ်တောက် လျက်ရှိကြောင်း ရန်ကုန်မြို့ အင်တာနက် ဆိုင်များမှ ပြောဆိုသည်။
အင်တာနက် သုံးစွဲသူ တစ်ဦးက
“၁ရက်နေ့မွန်းလွဲပိုင်းကတည်းက အင်တာနက်က နှေးနေတယ်။ အဲဒီနေ့ကတော့ သုံးလို့ နည်းနည်းရသေးတယ်။ ဆိုင်ကပြောတော့ အင်တာနက် ၀န်ဆောင်မှုပေးတဲ့ ရတနာပုံတယ်လီပို့နဲ့ မြန်မာ့ဆက်သွယ်ရေးမှာ ဆာဗာ မိန်းတိန်းနင့်စ် လုပ်နေလို့တဲ့၊ မနေ့ကတော့ ပိုဆိုးလာပြီး သုံးလို့မရလောက်အောင်ပါပဲ …”
ထိုကဲ့သို့ အင်တာနက်လိုင်း များကျမည်ဆိုသည့် အချက်ကိုကြိုတင် အသိပေးခြင်း မရှိခဲ့ပဲ အင်တာနက် ဆိုင်များမှမေးမြန်းချက် အရ ၂ ရက် ၃ ရက် ကြာနိုင်သည်ဟုယမန်နေ့က ဖြေဆိုခဲ့သည်။ ယနေ့တွင်မူ ရတနာပုံ တယ်လီပို့၏ Back Bone Device ချို့ယွင်းမှုကြောင့် အင်တာနက်လိုင်းများ နှေးကွေးပြီး ရံဖန်ရံခါ ပြတ်တောက် သည်အထိဖြစ်နိုင်ကြောင်း ကြေငြာချက် ထုတ်ပြန်သည်ကိုတွေ့ရသည်။ မည်မျှကြာမြင့်မည်ဆိုသည်ကို ဖေါ်ပြထားခြင်းမရှိပဲ ပြင်ဆင်မှုများကို တတ်အားသရွှေ့စောလျင်စွာ ဆောင်ရွက်သွားပြီး ထပ်မံအသိပေးမည်ဟု သာဖေါ်ပြထားသည်ကို တွေ့ရသည်။
ကျောက်တံတား မြို့နယ်မှ အခြားသော သုံးစွဲသူတဦးကမူ
“အိမ်မှာ သုံးတဲ့အခါ DNS Server မှားနေတဲ့ သဘော အသိပေးတဲ့ စာသားတက်လာတာတွေ့ရတယ်။ အဲဒါနဲ့ အင်တာနက် ဆိုင်တဆိုင်ကိုမေးတော့ ပရောက်စီနံပါတ် 70.20.10.30 နဲ့ ပို့တ် 80 ကိုသုံးကြည့်ပါလား လို့ပြောတာနဲ့ သုံးကြည့်တာ အခုညနေတော့ နည်းနည်းလေး ကြည့်လို့ရတယ်”
ဟု ပြောဆိုသည်။
အချို့သော အင်တာနက်ဆိုင်များ၏ ပြောဆိုချက်အရ ယခုပြင်ဆင်မှုမှာ အများဆုံး တလထိကြာရှည်နိုင် သည်ဟု လည်းပြောဆိုသည်။  အင်တာနက်လိုင်းများ ကျသည့် ရက်များတွင် အင်တာနက်ဆိုင်များ အနေဖြင့် သုံးစွဲသူ သိသာစွာနည်းပါးပြီး ၀င်ငွေလျော့နည်းသွားသော်လည်း အင်တာနက် ဆားဗစ် ပရိုဗိုက်ဒါ ဖြစ်သည့် ရတနာပုံတယ်လီပို့ (ယခင် မြန်မာတယ်လီပို့) နှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် လစဉ်ကြေးကို လျော့ပေါ့ကောက်ခံခြင်းများ ပြုလုပ်လေ့မရှိဟု သိရှိရသည်။ ထိုအတွက် အင်တာနက်ဆိုင်များမှာ မကြာခဏ အရှုံးပေါ်ရသည်ဟုလည်း အင်တာနက် ဆိုင်များက ပြောဆိုသည်။
ယခုကဲ့သို့ အလားတူ အဖြစ်နှင့်ပတ်သက်ပြီး တောင်ဥက္ကလာမှ အင်တာနက် ဆိုင်ပိုင်ရှင်တဦးက
“မနှစ်က သင်္ကြန်မတိုင်မီ ပြတ်တာ ၁လနီးနီးကြာတယ်။ ၃ပတ်လောက် သုံးစွဲသူ တယောက်မှ မ၀င်၊ ဆိုင်ခန်းခနဲ့ ၀န်ထမ်းစရိတ်ပဲ အိတ်ထဲက စိုက်ထုတ်ခဲ့ရတယ်။ အဲဒီတုန်းကတောင် အင်တာနက် လစဉ်ကြေးကို ပုံမှန်အတိုင်းပဲ သွင်းခဲ့ရတယ်။ အဲဒီအတွက် ဘယ်လိုလုပ်ပေးမလဲ ဆိုတော့ ဘာအစီအစဉ်မှ မရှိဘူးလို့ပဲ ပြန်ဖြေခဲ့တာ”
ဟု ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအကုန်တွင် နယ်စပ်ဖြတ်ကျော်သည့် အလင်းဖန်မျှင်စနစ်သုံး (optical fibre) အင်တာနက် ကျောရိုးလိုင်းများ အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံမှ သွယ်တန်းပြီးစီးပြီ ဖြစ်သဖြင့် အင်တာနက် လိုင်းများယခင်ထက် ပိုမြန်လာမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြုလုပ်သည့် ရှင်းလင်းပွဲ တခုတွင် ပြောကြားခဲ့သည်။ ယခင်က မြန်မာတနိုင်ငံလုံး သုံးစွဲနေသည့် အင်တာနက် ၄၅ (45 Mbps) မက်ဂါဘစ်ပါစက္ကန့် နေရာတွင် နယ်စပ်ဖြတ်ကျော် သွယ်ယူသည့် ကျောရိုးစနစ်ကို သုံးပြီးနောက် ၄ (4 Gbps) ဂစ်ဂါဘစ်ပါစက္ကန့် မြန်နှုန်းဖြစ်လာလိမ့် မည်ဟု ထိုရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၀န်ကြီးဌါနများနှင့် အန်ဂျီအို အဖွဲ့အစည်းများ အတွက် အီးမေးလ်နှင့် အင်တာနက်ကို စတင်မိတ်ဆက်ခဲ့ပြီး ၂၀၀၂ ခုနှစ် ထိုစဉ်က ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ချုပ်ဖြစ်သူ ဗိုလ်ချုပ်ခင်ညွှန့်၏ သား ရဲနိုင်ဝင်းက ပုဂံဆိုင်ဘာတက် ကုမ္ပဏီကို အစိုးရနှင့် ဖက်စပ်တည်ထောင်ပြီး ပုဂ္ဂလိက ကဏ္ဍတွင် အင်တာနက် အီးမေးလ် အသုံးများလာအောင် ၀န်ဆောင်မှုပေးခဲ့သည်။ မြန်မာနိုင်ငံတွင် အင်တာနက် လိုင်းတလိုင်းအတွက် အမေရိကန် ဒေါ်လာ ၁၅၀၀ ကျော်မှ ၄၀၀၀ ၀န်းကျင်အထိ ပေးသွင်းရသည့် နှုန်းထားသည် ကမ္ဘာပေါ်တွင် အင်တာနက်လိုင်း ဈေးနှုန်းအမြင့်ဆုံး နိုင်ငံများအနက် တနိုင်ငံဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ဘရော့ဘန်း  အင်တာနက် လိုင်းတလိုင်းအတွက် စပေါ်ငွေ၊ တပ်ဆင်ခ ဒေါ်လာ ၂၀၊ ၃၀ ထက်ပိုပေးစရာမလိုပဲ လစဉ်ကြေးမှာ အနိမ့်ဆုံး တလ ဒေါ်လာ ၂၀ ၀န်းကျင်သာရှိပြီး၊ ထိုင်းနိုင်ငံတွင်လည်း ဒီအက်စ်အယ် လိုင်းတလိုင်းအတွက် လစဉ်ကြေးငွေမှာ ဘတ် ၅၉၀ (၁၈ ဒေါ်လာဝန်းကျင်) သာရှိသည်ကို တွေ့ရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts