ခရီးသွား ဆောင်းပါး မောင်ရင်ငတေ

မောင်ရင်ငတေ – ဘဝထဲက လူသား … ခါးဘုရင်မလေးများ

မောင်ရင်ငတေ – ဘဝထဲက လူသား … ခါးဘုရင်မလေးများ
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၅

ဒီတခါ မောင်ရင်ငတေပြောပြချင်တာကတော့ ပါရီမြို့တော်ရဲ့ နာမည်ကျော် ခါးဘုရင်မလေးတွေရဲ့အကြောင်းပါ။ ခါးဘုရင်မ လေးတွေဆိုလိုက်လို့ လူဝီဘုရင်တွေခေတ်က လက်ကျန်မျိုးနွယ်ဖွားတွေလို့တော့ မထင်လိုက်ပါနဲ့။ သူတို့လေးတွေရဲ့ ဘဝဇာတ်ကြောင်းတွေ အတိတ်အဟောင်းတွေကိုသာ မသိရင်နေကြပါမယ်၊ ပါရီမြို့ကို လည်ပတ်ဖူးကြသူတိုင်းတော့ ထိ တွေ့ဖူးကြမှာပါ။ ကြားဖူးကြမှာပါ။

ခါးဘုရင်မလေးများလို့ တင်စားလိုက်ရတဲ့အကြောင်းရင်းက သူတို့တတွေထဲကအများစုက ငယ်ငယ်ရွယ်ရွယ် နုနုလေးတွေ မို့ပါ။ တချို့ဆိုရင် မော်ဒယ်ဂဲလ်လေးတွေအလားပါ။ အဲဒီလို နုနုငယ်ငယ်လေးတွေရဲ့ဝင်ငွေက ကြောက်ခမန်းလိလိမို့ ဘုရင် မအဖြစ်တင်စားပြီး သူတို့အလုပ် ** ခါးပိုက်နှိုက် ***  အလုပ်ဘွဲ့နဲ့ ပေါင်းစပ်လို့ ခါးဘုရင်မလေးများလို့ တင်စားလိုက်ရခြင်းပါ။

အဲဒီ Pickpockets . . …. .. . ……. Pickpockets  ဆိုတဲ့ ခါးလောကကို သတိပေးတဲ့အသံတွေက အီဖယ်မျှော်စင်ထိပ်မှာ ကြားရသလို တခြားသောခရီးသွားဧည့်သည်တွေ စိတ်ဝင်တစားသွားကြတဲ့ Musée du Louvre, Musée d’Orsay, Château de Versailles တိုလို့ နာမည်ကြီးနေရာတွေမှာပါ ကြားရဖန်များလို့ မောင်ရင်ငတေကတော့ ရိုးလို့တောင်နေပြီ ပြောရင်ရပါ တယ်၊

 HELLO “YOU SPEAK ENGLISH”  (ဓါတ်ပုံ မရငတ)

ခါးဘုရင်မလေးများရဲ့ အရိုးဆုံး လုပ်ကွက်တကွက်ပါ။ သူတို့လေးတွေ စတင်မေးနေကြမေးခွန်းကတော့ “YOU SPEAK ENGLISH” ပါ။ အဲဒီကနေမှတဆင့် စိတ်ဝင်စားသူများ (သို့မဟုတ်) သူတို့လေးတွေရဲ့အထာကို မသိကြသူများ ရှိလာခဲ့ရင် တော့ သူတို့ကိုင်ဆောင်လာတဲ့ စာရွက်ဖိုင်လေးတွေကိုထိုးပြပြီး လက်မှတ်ထိုးခိုင်းမှာပါ။ လက်မှတ်ထိုးပြီး အလှူငွေတောင်း ခံပါလိမ့်မယ်။ အခုတလောမှာ သူတို့တွေဟာ အဲသလိုလက်မှတ်ထိုးသူတွေကို အငိုက်ဖမ်းပြီး ပါလာတဲ့ပစ္စည်း ပိုက်ဆံအိပ် တွေပါ အလစ်သုတ်တာမျိုးကို ပိုမိုလုပ်လာလေ့ ရှိပါတယ်။

ဒီကနေ့ ပြင်သစ်ပြည်ကြီးကို အလည်အပတ်ခရီးအပန်းဖြေခရီး ရောက်လာကြသူတွေ အလုပ်ကိစ္စနဲ့ ရောက်လာကြသူတွေ တနှစ်တနှစ်ကို သန်း ၈၀ ကျော်ရှိတဲ့အနက် အများစုက ပါရီမြို့ကို ဖြတ်သန်းသွားကြသူများပါ။ အဲဒီလို သန်းပေါင်း ရှစ်ဆယ်ထဲမှာမှ မောင်ရင်ငတေတို့ရဲ့ မဟာအာရှက ခရီးသွားလက်သစ် ပေါက်စနနိုင်ငံများဖြစ်တဲ့ ဟောင်ကောင် တိုင်ဝမ် ကိုရီးယား စင်ကာပူနဲ့ အာဆီယံဒေသအပါအဝင် တရုတ်ပြည်မကြီးက ခရီးသည်အသစ်တွေက တနှစ်ထက်တနှစ် ပိုပို များလာပါတယ်တဲ့။

အဲဒီလို မဟာအာရှခရီးသွားသူများ ဥရောပခရီး အသွားအလာများလာတဲ့ ကာလတွေမှာ တိုက်ဆိုင်လာတာကတော့ ခေါင်း ထောင်ထလာတဲ့ ဥရောပရဲ့ ခါးလောကပါ။ အဲဒီလို တိုက်ဆိုင်တယ်ပြောရင် ရမလားတော့ မသိပါဘူး။ ပါရီမြို့တော်က ခါးဘုရင်မလေးများရဲ့ အဓိက ပစ်မှတ်ထားတဲ့ လူမျိုးတွေ ကလည်း မောင်ရင်ငတေတို့ရဲ့ ဆွေမျိုးပေါက်ဖော် ရုပ်မျိုးတွေကိုသာ ထားပါတယ်တဲ့။ အဲဒီလိုထားရခြင်းအကြောင်းရင်းကတော့ အဲဒီရုပ်ပိုင်ရှင်တွေဟာ အိပ်ကပ်ထဲမှာ အသပြာငွေစက္ကူတွေ ခပ်ထူထူ ပါရှိနေတတ်လို့ပါတဲ့။ တခြားသော ဥရောပအမေရိက လူဖြူဘိုတွေ အင်္ဂလိပ်တွေကတော့ အိပ်ကပ်ထဲမှာ အကြွေး ကဒ်ပြားတွေနဲ့ ကျပ်တန်ခပ်နွမ်းနွမ်းလောက်သာ ဆောင်ထားတတ်ကြတာမို့ သူတို့က သိပ်စိတ်မဝင်စားပါဘူးတဲ့ခင်ဗျာ။ အဲ အိုင်ဖုန်းတို့ အိုင်ပက်တို့ အိုင်တက်ပလက်တို့လို ပြန်ရောင်းစားနိုင်တဲ့ ဈေးကွက်ကြီးကြီးရှိပါရင်လည်း သူတို့ ခါးဘုရင်မလေး များရဲ့ ပစ်မှတ်ထဲ ဝင်ပါတယ်တဲ့။

ဥရောပမြို့တော်တွေထဲက မောင်ရင်ငတေ လက်ရှိနေနေပါတဲ့ ပါရီမြို့တော်ရဲ့ … *ခါးလောက** တနည်းအားဖြင့် ခါးပိုက နှိုက် အလစ်သုတ်သမားတွေရဲ့လောကက အတော်လေးကို ကျယ်ဝန်းလှပါတယ်။ ဒီပြဿနာက လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ် လောက်ကစပြီး အတော်ကို လူပြောများလာခဲ့တဲ့ကိစ္စပါ။ ပြင်သစ်အုပ်ချုပ်ရေး အာဏာပိုင်များကလည်း ဒီကိစ္စမျိုးတွေနဲ့ ပတ်သက်ပြီးတော့ ဘာလုပ်ရမှန်းမသိ ရေငုံနှုတ်ပိတ် လက်ရှောင်ကြ နောက်လူ ရှင်းစတမ်းလုပ်နေကြတာပါ။

ဥရောပရဲ့ ခါးလောက ပါရီရဲ့ ခါးလောကတွေကို ကြီးစိုးထားသူများက လူမျိုးများများ မရှိပါဘူး။ သူတို့အားလုံးလိုလိုက ဥရောပအရှေ့ပိုင်းနိုင်ငံတွေက ရွှေ့ပြောင်းလာကြသူတွေပါ။ မူလနေထိုင်ရာ မွေးဖွားခဲ့ရာ နေရာဒေသတွေသာ ကွာခြားရင် ကွာခြားပါမယ်၊ အသားအရောင် ရုပ်ဆင်းသဏ္ဍန်တွေအတူတူသာပါ။ သူတို့ လူမျိုးတွေကို အကြမ်းအားဖြင့် Roms သို့မဟုတ် Romani သို့မဟုတ် ဂျစ်ပစီလူမျိုးလို့ ခေါ်ဝေါ်ကြပါတယ်၊ သူတို့တတွေဟာ ဟိုးအရင်ကတည်းက အတည်တကျ နေထိုင်လေ့ မရှိတဲ့ လူမျိုးတွေပါ။ တနေရာပြီးတနေရာ လှည့်လည်သွားလာ နေထိုင်ကြသူတွေပါ။ အဲဒီလိုအချက်မျိုးတွေက သူတို့အ တွက် အကာအကွယ်ရနေစေသလား ဆိုတာကတော့ သူတို့တွေသာ ပိုသိမှာပါ။

 ပါရီ တိုးရစ်စန်တာမှ ဂျစ်ပစီလူမျိုးများ (ဓါတ်ပုံ မရငတ)

အဲဒီလို ပါရီမြို့တော်မှာ လွန်ခဲ့တဲ့လေးငါးနှစ်ကနေ တစတစ ပိုမိုဆိုးရွားလွန်းလာတဲ့ Pickpockets ပြဿနာကို ဒီ လပိုင်း တွေမှာတော့ သက်ဆိုင်ရာ ပါရီမြို့အာဏာပိုင်တွေက La France déclare la guerre aux pickpockets parisiens. ဆိုပြီး ကြေညာချက်တွေ ထုတ်လို့လာပြီး ပြည်သူရဲအင်အား နှစ်သောင်းခွဲကိုသုံးလို့ ဖြိုခွင်းပါတော့မယ် ဆိုပါတယ်။ အဲဒီလိုနဲ့ မကြာမီမှာ သူတို့ထဲက နာမည်ကြီး အဓိက မိန်းကလေးနှစ်ယောက်ကို တရားရုံးမှာစစ်ဆေးတဲ့ သတင်းတွေ ပါလာပါတယ်၊ အမှုတွဲတွေ ကတော့ ဘယ်လောက်များလာမယ် မသိပေမယ့် အခု လက်ရှိသတင်းတွေကတော့ အသက် ၃၀ ဝန်းကျင် မိန်းမပျိုလေးနှစ်ဦးကို အဓိကထား စစ်ဆေးနေပါတယ်တဲ့။

သူတို့ နှစ်ယောက်ရဲ့ ထွက်ဆိုချက်တွေမှာပါတာကတော့ ဟုတ်သလား မဟုတ်သလား ခွဲခြားနိုင်ဖို့ မလွယ်ပါဘူး၊ တယောက် ကများဆို သိပ်မကြာခင် လေးငါးဆယ်ပတ်အတွင်း သူမရှာဖွေရရှိထားတဲ့ (နှိုက်ထားတဲ့ ငွေများ) (သူမ တယောက်တည်းလား အဖွဲ့လိုက်လားကတော့ မရှင်းပါဘူး) ငွေလွှဲပို့ခဲ့ပါတယ်တဲ့။ ပို့လိုက်တဲ့နိုင်ငံကတော့ ရူမေးနီးယားနိုင်ငံပါ။ ယူရိုငွေ တသိန်း ခွဲလောက် ရှိပါတယ်တဲ့။ နောက်ထပ်တယောက်ကတော့ သူမပေးပို့ထားတဲ့ ငွေတွေနဲ့ သူမရဲ့ဇာတိမြေ ရူမေးနီးယားနိုင်ငံမှာ တိုက်အိမ်ဆောက်လုပ်ထားတာ နှစ်လုံးရှိနေပါပြီတဲ့။ မောင်ရင်ငတေ စိတ်ထင် ဒီပြဿနာက အဲဒီအမျိုးသမီးလေးနှစ်ဦးနဲ့ မပြီးပါဘူး၊ သူတို့ရဲ့ နောက်ကွယ်မှာ လက်မည်းကြီးတွေ များစွာရှိနေသလို တခြားပြဿနာတွေကလည်း သမိုင်းကြောင်းနဲ့ချီပြီး အရှုတ်အပွေတွေ တထွေးကြီးပါ။ သူတို့တတွေ အခုလို လက်ရဲဇက်ရဲနဲ့ ဗြောင်ကျကျ နှိုက်နေတာက မောင်ရင်ငတေတို့ ရန်ကုန်ဘတ်စ်ကားစီးစဉ် တွေ့ကြုံဖူးတာတွေထက် ဆယ်ဆမက ဆိုးဝါးလွန်းလှပါတယ်။ အဲဒီလောက် ဆိုးဆိုးဝါးဝါး ဖြစ် လို့နေတာကို သက်ဆိုင်သူတွေကလည်း အခြေအနေအကြောင်းကြောင်းကြောင့် လက်ရှောင်နေချင်ကြသူတွေက အများစု ပါ။  အခုတော့ မဖြစ်မနေ လုပ်ရမယ့်အချိန်ကို ရောက်လာပြီ ထင်ပါရဲ့။

စစ်ဆေးမေးမြန်းတာတွေတော့ မောင်ရင်ငတေတို့ရဲ့ ပြင်သစ်အာဏာပိုင်တွေက အဲလို လုပ်ဆောင်နေပါပြီ။ ဘယ်လောက် အတိုင်းအတာအထိ အောင်မြင်အောင် ဆောင်ရွက်နိုင်မနိုင် ဆိုတာကတော့ ရှည်ရှည်ဝေးဝေး ဖတ်စရာ နားထောင်စရာ မလိုပါဘူး။ မောင်ရင်ငတေဆီကို လာလည်ကြတဲ့ အသိမိတ်ဆွေ အပေါင်းအသင်းများကို လိုက်ပို့ပေးခိုက်မှာ လွတ်လွတ် လပ်လပ် စကားတွေပြော တော်ကီတွေပွား အိပ်ကပ်တွေ အိပ်တွေကို ဂရုစိုက်စရာမလိုတော့ဘူးဆိုရင်တော့ သိပါပြီ။ အဲလို အချိန်မျိုးရောက်လာရင် အဲဒီအတွက် ကျေးဇူးတင်ကြောင်း စာတစောင်ရေးဖို့ကိုလည်း စဉ်းစားထားပါတယ်။

 ရှားရှားပါးပါး တွေ့ရတဲ့ ပလက်ဖောင်းပန်းချီသမား မိသားစု (ဓါတ်ပုံ မရငတ)

သူတို့ လူမျိုးတွေထဲမှာ ဒီလိုမျိုး ပလက်ဖောင်းပန်းချီမျိုးတွေ ရေးဆွဲပြီး ပိုက်ဆံရှာတဲ့ အလုပ်တွေကို လုပ်နေကြသူကတော့ အတွေ့ရနည်းပါး လွန်းလှပါတယ်။ စာပေသင်ယူကြခြင်း ဓလေ့ကလည်း မရှိကြဘူးလို့ ဆိုကြပါတယ်၊ ကလေးမွေးဖွားနှုန်း ကတော့ ကမ္ဘာအဆင့်တစ် ဖြစ်နိုင်ဖွယ် ရှိပါတယ်။

မောင်ရင်ငတေကတော့ သူတို့တွေရဲ့ ဘဝပေးဖြစ်ရပ်တွေကို နားလည်စာနာစိတ်ထားပြီး တတ်နိုင်သမျှ အကောင်းမြင်နဲ့ ဝေးဝေးကရှောင်ပါတယ်။ မောင်ရင်ငတေ့မှာကလည်း သူတို့စိတ်ဝင်စားတတ်ပါတဲ့ အိုင်ဖုန်းတို့ အိုင်ပက်တို့ မရှိပါဘူး၊ ချမ်း သာသမျှသော ယူရိုငွေလေးတွေကို သူတို့ကို လှူဒါန်းဖို့ဆိုတာကလည်း မဖြစ်နိုင်လေတော့ သွားသတိ လာသတိနဲ့ နေတတ် နေပါပြီ။ လာလည်သမျှသော ဧည့်ပရိသတ်တွေကိုလည်း လှူဒါန်းချင်စိတ်များရှိကြက လှူဒါန်းနိုင်ကြပါကြောင်း ကြိုတင်သ တိပေး ပြောဆိုထားပါတယ်ခင်ဗျာ၊ လှူဒါန်းပြီးသွားကြ သူများလည်း သာဓုအနုမောဒနသာ ခေါ်ကြပါကုန်။ ဘာလို့လဲ ဆိုတော့ကာ . . . . … …. လှူဒါန်းပြီးသွားပါတဲ့ ပစ္စည်းများ ပြန်ယူရရိုး ထုံးစံမရှိဘူးလေ။

HELLO “YOU SPEAK ENGLISH”  (Photo OKKA PM)

ခါးပိုက်နှိုက်ခြင်း ယဉ်ကျေးမှုနဲ့ အသားကျပြီးသားဖြစ်တဲ့ မောင်ရင်ငတေတို့ ရွှေပြည်တော်သားတွေအတွက် သူတို့ဘယ်လို ဘယ်ပုံ နှိုက်တယ်ဆိုတာတွေကို မိချောင်းမင်းရေခင်းပြ အသေးစိတ် မပြော တော့ပါဘူး၊ ဇာတ်ဆောင်နေရာက ကိုယ်တိုင် ခံစားခဲ့ရဖူးသော ရွှေပြည်တော်သူ ရွှေပြည်တော်သား ကိုကို မမတွေလည်း အတော်များများ ရှိနှင့်နေပြီမို့ ဖြစ်ရပ်မှန် ကိုယ်တွေ့ ဇာတ်လမ်းတွေကို ပြောပြစေလိုကြောင်းပ ခင်ဗျာ၊ နောင် ပါရီကို လာလည်မယ့်သူတွေလည်း သတိပြုနိုင်တာပေါ့ ခင်ဗျား။

မောင်ရင်ငတေ ၀၅၀၉၂၀၁၅

(ဓါတ်ပုံများကို သူတို့ ရုပ်ရည်ပေါ်အောင် ဖော်ပြလိုက်ရကြောင်းပါ။ အင်တာနက် စာမျက်နှာများမှာလည်း အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ကြောင်းပါ)

Surnommée la “Reine des Voleuses” ** ခါးဘုရင်မလေး ***
http://www.msn.com/fr-fr/actualite/france/pickpockets-dans-les-mus%C3%A9es-par


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts