မောင်ရင်ငတေ

Maung Yin Nga Tay – Articles

ရောက်တတ်ရာရာ အတိုအစများ
မောင်ရင်ငတေ 
ဇွန် ၂၂၊ ၂၀၁၃

နွေယဉ်စွန်းချိန် Summer Solstice
Illumination of Earth by Sun on the day of summer solstice on northern hemisphere.

 

● နွေယဉ်စွန်းချိန် ဂျွန်နှစ်ဆယ့်တစ်
ဒီကနေ့ ဂျွန်လ ၂၁ ရက်နေ့ကို Summer Solstice နွေယဉ်စွန်းချိန် သို့မဟုတ် နွေရာသီရဲ့ အစဦး ပထမနေ့လို့ သတ်မှတ်ထားပါတယ်၊ တနှစ်မှာ သုံးရာသီရှိတဲ့ အာရှဒေသတို့ အမေရိကတို့နဲ့တော့ ထပ်တူ မဟုတ်ဘူးလို့ ထင်ပါတယ်၊ ဥရောပမှာ ပြင်သစ်မှာတော့ နွေရာသီအဝင်နေ့အဖြစ် ပြောကြ ဆိုကြ ရေးသားကြတာကို တွေ့ရှိရပါတယ်၊ ယေဘူယျအားဖြင့် ဂျွန်လ ၂၁ ရက်ကို သတ်မှတ်တယ် ဆိုပေမဲ့ အတိအကျဆိုလို့ မရတဲ့ သဘာဝတရားကြောင့် အချိန်နာရီကိုတော့ တိတိကျကျ ပြောလို့ မရနိုင်ပါဘူး၊ ပြင်သစ်မှာတော့ နွေရာသီ အစဦးရက် ဆိုပေမဲ့ မိုးသည်းသည်းမည်းမည်း ရွာနေတာ နှစ်စဉ်လိုပါဘဲ၊ ဒီနှစ်လည်း ဒီကနေ့မှာ မနက်ပိုင်းထဲက မိုးကရွာလိုက်တိတ်လိုက်ပါဘဲ၊ သိပ်များများ ရွာတာတော့ မဟုတ်ပါဘူး၊ နွေအဝင်ဆိုပြီး နေကျဲကျဲတော့ မပူပါဘူး။
● Fête de la musique ဂျွန်နှစ်ဆယ့်တစ်  
ပြင်သစ်ပြည်မှာတော့ ဒီကနေ့ နွေရာသီဦးနေ့ကို ကြိုဆိုကြတဲ့အနေနဲ့ တမြို့လုံးအနှံ့ အပျော်တမ်း ဂီတပွဲလေးတွေကို ကျင့်ပခဲ့တာ နှစ်ပေါင်းသုံးဆယ် ကျော်ခဲ့ပါပြီ၊ ၁၉၈၁ ခုနှစ်မှာ ဆိုရှယ်လစ်သမတ François Mitterrand ဖရန်ဆွာမီထရောင်း (၁၉၁၆-၁၉၉၆) အာဏာရရှိလာပြီးနောက် သူ့ရဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနဝန်ကြီး Jack Lang (၁၉၃၉ -…) နဲ့ ဂီတအကဒါရိုက်တာ Maurice Fleuret (၁၉၃၂-၁၉၉၀) တို့ကနေ ဦးစီးပြီး La Fête de la musique ဂီတပွဲတော်ကို ၁၉၈၂ ခုနှစ်ဂျွန်လ ၂၁ ရက်နေ့မှာ ကျင့်ပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်၊ ပထမဦးစွာ ဒီပွဲကိုကျင့်ပဖို့ အကြံရခဲ့သူကတော့ Radio France အသံလွှင့်ဌာနရှိ France Musique ဌာနခွဲမှာ အလုပ်လုပ်နေသူ Lute ခေါ် ရိုးရာဗျပ်စောင်း တူရိယာ ပညာရှင် အမေရိကန်လူမျိုး Joel Cohen (၁၉၄၂-…) ဆိုသူဘဲ ဖြစ်ပါတယ်၊ ဒီနေ့ဒီရက်ကို ရွေးချယ် ပြုလုပ်ရခြင်း အကြောင်းရင်းကတော့ နွေရာသီ ပထမနေ့ဖြစ်တာရယ် ရာသီဥတုသာယာ ခြေခင်းလက်ခင်းကောင်းမွန်တဲ့ အချိန်အခါဖြစ်တာရယ်ကြောင့်လို့ ဆိုကြပါတယ်၊ အခုအခါမှာတော့ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၀ ကျော်က မြို့ကြီးပေါင်း ၄၅၀ ကျော်မှာ ဒီနေ့ကို World Music Day အဖြစ် ကျင့်ပနေပါပြီ၊ ပါရီမြိ့မှာတော့ တနှစ်ထက်တနှစ် ဒီပွဲတော်ကျင့်ပခဲ့တာ ကြီးကျယ်ခမ်းနားမလာဘဲ အဖြစ်သဘောသာ ပြုလုပ်လာကြတာကို တွေ့နေရပါတယ်။
La Fête de la musique à Paris 1er arrondissement, vendredi 21 juin 2013.
Red Indian Musicians Playing the Flute
ဒီလိုမျိုး မူရင်းအမေရိက Red Indians လူမျိုးတွေရဲ့ ဘယ်တော့မှ မရိုးနိုင်တဲ့ လမ်းဘေးတေးဂီတ အဖွဲ့တွေကတော့ ဒီဂီတပွဲတော်နေ့မှာ မပါမဖြစ် ပါရှိရမှာပါ၊ သူတို့တတွေရဲ့ တေးဂီတဝိုင်းတွေက ဒီနေ့လိုနေ့မျိုး မဟုတ်ခဲ့ရင်တောင်မှ လမ်းဘေးကွက်လပ်တွေမှာ ဒီလိုဘဲ လေမှုတ်တူရိယာတွေကို တီးမှုတ်ပြီး အသက်မွေးဝမ်းကျောင်းကြတာက သူတို့ရဲ့ဓလေ့ထုံးစံလို့ဘဲ ထင်ပါတယ်၊ ဒါပေမဲ့ ဒီနေ့မှာတော့ သူတို့တီးဝိုင်းတွေလည်း သိပ်များများစားစား မတွေ့ခဲ့ရပါဘူး။
● ဂျွန်နှစ်ဆယ့်တစ်မှာမွေးဖွားသူ ယွန်းပေါလ်ဆတ်ထ်
ဒီနေ့ ဂျွန် ၂၁ ရက်နေ့ကတော့ ကမ္ဘာ့ဂီတပွဲတော်နေ့ရယ် နွေအဝင်ပထမနေ့ရယ် ဖြစ်သလို ပြင်သစ် နိုင်ငံ ပြင်သစ်လူမျိုးတွေရဲ့ ၂၀ ရာစုခေတ် စာပေသမိုင်းမှာ ထင်ရှားကျော်ကြားခဲ့သူ တဦးဖြစ်သူ Jean-Paul Sartre ယွန်းပေါလ်ဆတ်ထ် (၁၉၀၅-၁၉၈၀) ရဲ့၁၀၈ နှစ်မြောက်မွေးနေ့ဘဲ ဖြစ်ပါတယ်။
ယွန်းပေါလ်ဆတ်ထ်က ပါရီမြို့မှာ မွေးဖွားခဲ့ပြီး ပါရီမြို့မှာဘဲ ကွယ်လွန်ခဲ့တဲ့ ပါရီမြို့သားစစ်စစ်တဦး ဖြစ်ပါတယ်၊ သူ့ရဲ့ အလုပ်အကိုင်နဲ့ ဂုဏ်ပုဒ်တွေကတော့ များပြားလွန်းလှပါတယ်၊ ဒဿနပညာရှင် ဖြစ်တည်မှုပဓာနဝါဒသမား ဝေဖန်ရေးသမား အဘိဓမ္မာဆရာ ဇာတ်ညွှန်းရေးဆရာ ဝတ္ထုရေးဆရာ ပြဇာတ်ရေးဆရာ အတ္ထုပ္ပတ္တိရေးဆရာ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ကွန်မြူနစ်ပါတီမဝင်သူ မတ်စ်ဝါဒီ စာပေနိုလ်ဘယ်ဆုငြင်းပယ်ခဲ့သူ တဦးဖြစ်ပါတယ်၊ ယွန်းပေါလ်ဆတ်ထ်ဟာ အရပ်ငါးပေ သာသာ ၁၅၃ စင်တီမီတာသာ ရှိပေမဲ့ လူကောင်က သေးသလောက် စိတ်ဓါတ်ရေးရာမှာတော့ ပြတ်သားလှသူတဦးပါ၊ ၁၉၆၄ ခုနှစ်က သူ့ကိုပေးအပ်ခဲ့တဲ့ စာပေဆိုင်ရာ နိုလ်ဘယ်ဆုကို ရဲရဲဝံ့ဝံ့ ငြင်းဆိုခဲ့သူပါ၊ သူဟာသူ့ကိုပေးအပ်ခဲ့တဲ့ ဆုများကို ငြင်းပယ်ခဲ့ယုံမျှမက ဂုဏ်ပြုပွဲတွေကိုလည်း ခပ် ဝေးဝေးက ရှောင်လေ့ရှိသူ တဦးပါ။
ယွန်းပေါလ်ဆတ်ထ် နဲ့ ဆီမွန်ဒဘိုးဗွား
၁၉၂၉ နှစ်မှာ ယွန်းပေါလ်ဆတ်ထ်ဟာ ပါရီမြို့သူ စာရေးဆရာမ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ သဘောတရားရေးပညာရှင် ဆီမွန်ဒ ဘိုးဗွား (၁၉၀၈-၁၉၈၆) နဲ့တွေ့ဆုံခဲ့ပြီးနောက် သူတို့နှစ်ဦးဟာ သေဆုံးခဲ့သည့်တိုင် လက်တွဲခဲ့သော်လည်း တရားဝင်ဆိုပြီး လက်ထပ်ခဲ့ခြင်း မရှိပါဘူး၊ ဝါသနာတူ စိတ်တူကိုယ်တူ ရှိကြတဲ့သူတို့နှစ်ဦးဟာ သေလွန်ကြသည်အထိ အတူတူတတွဲတွဲရှိခဲ့ကြသလို အခု အခါမှာလည်း သူတို့နှစ်ဦးဟာ ပါရီမြို့လယ် ဆယ့်လေးရပ်ကွက်က နာမည်ကျော် မွန့်ထ်ပါးနပ်စ် သုဿန်မှာ Cimetière du Montparnasse အတူတကွ လဲလျှောင်းလျှက် ရှိကြပါတယ်။
Simone de Beauvoir et Jean-Paul Sartre y ont résidé entre 1937 et 1939.
« Je trichais quand je disais : on ne fait qu’un. Entre deux individus l’harmonie n’est jamais donnée, elle doit indéfiniment se conquérir. »

« I cheated when I said there is one. Harmony between two individuals is never given, it must be conquered indefinitely.

La Force de l’âge. SIMONE DE BEAUVOIR (1908-1988)

« Mais il est une chose qui ne change point, ni ne peut changer, c’est que quoi qu’il arrive et quoi que je devienne, je le deviendrai avec vous. »

« But there is one thing that does not change or can not change, is that whatever happens and whatever I become, I will become with you. »

Lettre au Castor. JEAN-PAUL SARTRE (1905-1980)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts