>Mar Mar Aye – 304

>ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ် ၃ဝ၎

မန္တလေးဘွဲ့
မာမာအေး
ဇန်နဝါရီ ၂၃၊ ၂ဝ၁ဝ
(photo: Pyjama)


သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်၊ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – ပြီးခဲ့တဲ့ အစီအစဉ်မှာ မာအေးတို့ မြန်မာရွှေနန်းရှင် ဘုရင် မင်းတုန်းမင်း တရားကြီးက အမေရိကန်သမတမင်းဆီကို ၁၈၅၇ ခုနှစ်မှာ အမေရိကန်လူမျိုး ဆရာကင်းကိတ်က တဆင့် စာပေးပို့ အပ်နှံလိုက်တဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ပြန်ဆိုရေးသားထားတာလဲ တွေ့ရ ဖတ်ရပါတယ်။ ဒါပေမယ့် ကိုယ်က ဘိုလို ပြောနေတာမှ မဟုတ်တော့ ဖတ်ပြဖို့ မလိုဘူးပေါ့နော။

ခုအချိန်ဟာ ကိုယ့်နိုင်ငံရဲ့ အမျိုးသား အောင်ပွဲနေ့ ၀န်းကျင် ဖြစ်နေတော့ ကိုယ့်လူမျိုးများ အားကျစရာ ရှေးအခါ ကတည်းက နိုင်ငံတကာနဲ့ အဆက်အသွယ် ရှိခဲ့တာလို့ ကိုယ့်ခေတ်နဲ့ အနီးဆုံး ဘုရင်မင်းတုန်းခေတ်က စာကို ထုတ်ပြရတာပေါ့ရှင်။ မာအေး ငယ်စဉ်ကတော့ ဟိုနေ့က ဖတ်တဲ့ မင်းတုန်းမင်းကြီးရဲ့ စာမျိုးကို ကိုယ် ဇာတ်စင်ပေါ်မှာ ၀န်ကြီးအ၀တ်နဲ့ သရုပ်ဆောင် ကပြတဲ့ သူတွေ ရွတ်ဖို့ရာ ရေးထားတဲ့ ‘ဇာတ်စာ’ လို့ ထင်ခဲ့တာကလား။ ကိုယ့်ချစ်ဆွေတွေလဲ အဲဒီလို မှတ်နေမှာ စိုးလို့။

အဲဒီစာကို ဖတ်မယ် ကြံတော့ အချိန်အခါတွေ မှန်မမှန် တိုက်ဆိုင် လိုက်ရှာ လုပ်ရပြန်တာကိုး။ ကင်းကိတ် ဆိုတဲ့ အမေရိကန်က ဆရာ တဲ့။ ဆေးဆရာ ဒေါ်ဆင် ဆိုတဲ့ တယောက်တောင် ပါသေးတယ်။ သူတို့ဟာ ၁၈၅၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ ထီးဘုရားကို မြန်မာရေးဘာသာ ရာဇ၀င်၊ ဂဏန်းတွက်ပုံ စာအုပ်တွေ လာပြီး ဆက်သခဲ့တာမို့ မင်းတရားကြီးက ငွေဒင်္ဂါး အပြား ၃၀၀ စီ ဆုအဖြစ် ပေးသနားတယ်လို့ မှတ်တမ်းရှိနေပါတယ်ရှင်။ ပြင်သစ်လူမျိုးတချို့လဲ ၀န်ထမ်းစာရင်းမှာ ပေါက်နေခဲ့ပါပြီ။ ဗြိတိသျှတို့နဲ့တော့ နာမည်ကျော် ရန္တပိုစာချုပ်တောင်မှ ချုပ်ဆိုခဲ့ပြီး ဖြစ်ပါတယ်။ တရုတ်သံတို့နဲ့လဲ ပုလဲနံပ သင့်ကြလို့ မြန်မာဘုရင် ချီးမြှင့်တဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေ လက်ဆောင်တွေနဲ့ ဗန်းမော်မြို့ကတဆင့် တရုတ်ပြည် ဥဒည်မင်း ရှိရာ ပဲ့ကျဉ်မြို့ ကို ပြန်တဲ့အခါ မြန်မာသံအကြီးတွေလဲ ထည့်လွှတ်ပါသတဲ့။

သာသနာ အဓွန့်ရှည်စေမယ့် ပဉ္စမသင်္ဂါယနာ တင်မှု ပြုခဲ့တဲ့ မင်းတုန်းမင်းတရားဟာ မင်းဧကရာဇ် ဖြစ်လိုတဲ့ လောဘ သက္ကာယ ရှိလှတာ မဟုတ်ပါဘဲနဲ့ နောင်တော်ဘုရင် ပုဂံမင်းထံ လုပ်ကြံ တင်လျှောက်ကြတဲ့ အမှုအခင်း ဂုံးစကား ဆင်သူ မကောင်းတဲ့ အမှုထမ်းတွေကြောင့် ကိုယ်အပါအ၀င် ရှင်မိဖုရား သားသမီး ဆွေကြီးတွေ နောက်လိုက်အားလုံး အသက်ဆုံးနိုင်မယ့်အရေး ကာကွယ်ပေးဖို့ ညီတော် ကနောင်မင်းက ဦးဆောင် လျှောက်ခဲ့တာမို့ အောင်မြေ ရွှေဘိုကို ညီနောင် နှစ်ပါး ထွက်ချီပြေးသွား ထောင်ထားခဲ့ရသူတွေ ဖြစ်ပါတယ်ရှင်။

သာယာဝတီမင်းလိုပဲ မင်းတုန်းမင်းဟာ သူ့နောင်တော်ကို သစ္စာ စောင့်ခဲ့တဲ့ ညီပါပဲ။ သူ့ညီတော် အရင်း ကနောင်မင်းသားကိုလဲ ကူညီခဲ့တဲ့ ကျေးဇူးကို ထောက်လို့ အိမ်ရှေ့မင်း အရာ မြှောက်စားတော်မူခဲ့ပါတယ်။

ညီတော် ကနောင်မင်းသားဘက်ကိုလဲ ကြည့်ပါဦး။ နောင်တော် မင်းတုန်း မင်းဖြစ်ဖို့ရာ သူပဲ ရှေ့ဆောင် ရှေ့ရွက် နန်းသိမ်းပေးခဲ့တာပါ။ အကိုတော်ကို လုပ်ကြံ၊ နန်းလုမယ် ကြံကြတဲ့ အခါမှာလဲ ကာကွယ် တားဆီးပေး အသက်ပါ စတေးလိုက်တော့တာ ဒီလို သစ္စာနဲ့ ချစ်ကြတဲ့ ညီအကိုတွေရဲ့ နမူနာ မယူထိုက်ပါလားရှင်။ ညီနောင် နှစ်ပါး ပြည်တိုးပွားအောင် ဆောင်ရွက်ခဲ့တာတွေက ခေတ်နောက်မကျပါဘူး။

ဘ၀ရှင် မင်းတုန်းမင်း ၁၂၂၁ ခုနှစ်က ဖန်ဆင်း တည်ဆောက်ခဲ့တဲ့ အုတ်ကျစ်ကျော်အေး မန္တလေး နေပြည်တော် အကျော်ဒေယျ ထွန်းကားတာတွေမှာ ကိုယ်နဲ့ဆိုင်တာ ပြောရရင် မဟာဂီတ၀င် တေးသီချင်းတွေ အထွန်းကားဆုံးခေတ် လို့ပဲ ဂီတ အမိ အဖတို့ စကား ဆက်ယူသွားရမှာပါရှင်။ မန္တလေးမြို့ဘွဲ့တွေ၊ ဘုန်းတော်ဘွဲ့တွေ၊ ဘိုးသိကြားရဲ့ ဝေဇယန် ဗိမ္မာန်တို့ ရာဇဂြိုဟ်တို့နဲ့ ပမာနှိုင်းတု ဂီတပြုခဲ့တာတွေ ရှိနေလို့ပါပဲ။ အများကြားဖူးတဲ့ မန္တလေးမြို့ဘွဲ့လေးတော့ အလွမ်းပြေ တပိုဒ်လောက် ဆိုကြည့်ရသေးတာပေါ့နော်။

xxx မန်းတော်လက်ျာ၊ ဘုန်းနေလ နှုန်းလေ တေဇာ ဝေဖြာ၊ ၀င်း – ထိန်လို့ဝါ၊ (များစွာဗိုလ်ခြေ ဝေနေပေါင်း)၂ xxx (ကောင်းအောင်ခု) ၂ xxx ဗုဒ္ဓင်လောင်းမို့ မြို့နန်းတည်ထောင် (မင်းမြတ်နောင် ကုန်းဘောင် နေညွန့်သွေး) ၂ xxx (ဒီပါ မြေပေါ် ကျော်နှံ့ရေး)၂ xxx ဘုန်းတော်ဟုန် ခြောက်ဘုံနတ်ရွာ၊ လွန်ပျံ့မွှေးလို့ ဘေးတော် မြေးမှန် (ထီးရာစံ နတ်သံ ခိုခရေး)၂ xxx ရွှေဘုန်းတော် နေလာ ဝေဖြာ၊ မန်းလက်ျာ နတ်ရွာရေသို့အေး xxx (ဒုမ္မာလေ ဒုမ္မာ ကြိုင်ပျံ့မွှေးတယ် မွှေးတယ် မွှေးတယ်လေး နန္ဒာ ကန်သာရေမြ အေးတယ် အေးတယ် အေးတယ်လေ)၂ xxx (ဟိုရှေးလေ ရာဇဂြိုဟ်ပြည်လို စည်တော်ဗဟိုရ်တော်က ဟိန်းတာမို့)၂ xxx (ဘေးရန်ခပ်သိမ်းလေတွေတို့)၂ xxx (ငြိမ်းလေ ငြိမ်းလေပါလှ)၂ xxx ကြာတံဆိပ်နဲ့ ဗျာဒိပ်တော်လာ၊ မိန့်ခွန်းလေ ခွန်းလေ ချိုမြသာ xxx [မန်းတော်လက်ျာ ယိုးဒယားမှ]


[ မူရင်း – BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် www.bbcburmese.com]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts