>Maung Swan Yi – Ludu U Hla 100 Years

>

လူထုဦးလှ ရာပြည့်ပွဲ
မောင်စွမ်းရည်
ဇန်န၀ါရီ ၂၂၊ ၂၀၁၀
          ၁၉၈၂ သြဂုတ်လ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ ဦးလေး လူထုဦးလှရဲ့ အကြောင်းကို ပြောချင်ပါတယ်။ ၁၉၁၀ ပြည့်နှစ် ဇန်န၀ါရီ ၁၉ ရက်နေ့မှာ မွေးဖွားခဲ့တာဆိုတော့ လာမယ့် ၂၀၁၀ ပြည်နှစ်မှာ နှစ် ၁၀၀ ပြည့်ခဲ့ပါပြီ။ ဇော်ဂျီရာပြည့်၊ မင်းသုဝဏ်ရာပြည်၊ ဦးသန့်ရာပြည့် စတဲ့ ရာပြည့် ပွဲတွေ လုပ်ခဲ့ကြတဲ့ ဂျပန်ရောက် ဗမာလူငယ်များ လူထုဦးလှရာပြည့်ပွဲ လုပ်ကြမယ်လို့ ပြင်ဆင်နေကြောင်းကြားရပါတယ်။
          ဒီနေ့ လူငယ်တချို့က လူထုဦးလှဆိုတာ လူထုဒေါ်အမာရဲ့ခင်ပွန်း သတင်းစာဆရာ၊ ပုံပြင်ဆရာကြီး အဖြစ်လောက်ပဲ သိကြပါတော့တယ်။ တကယ်တော့ လူထုဦးလှလို စာရေးဆရာကြီးမျိုးဟာ ကမ္ဘာမှာတောင် ရှားတယ်လို့ ကျနော်ဆိုရဲပါတယ်။ အသက် ၂၀ ကျော်စအရွယ် ကတည်းက ကျေးလက်လူငယ်များ ကြီးပွားရေးအသင်းကို ဦးဆောင်တည်ထောင်ခဲ့ပြီး တက္ကသိုလ်ကို ဆက်တက်ခွင့်ရပါလျက် မတက်တော့ဘဲ ပရဟိတ အလုပ်တွေကို တသက်လုံးလုပ်ခဲ့ပါတယ်။ ကျောင်းမနေနိုင်တဲ့ကလေးတွေကို စာသင်ပေးတယ်။ စာဖတ်သင်းထောင်ပေးတယ်။
          လူငယ်ကလောင်မိတ်ဆွေအသင်း ထောင်တယ်။ အသက်၂၃ နှစ်မှာကြီးပွားရေးမဂ္ဂဇင်းကို ထူထောင်ထုတ်ဝေပြီး လူငယ်တွေ ဗလငါးတန် ကြီးပွားတိုးတက်ရေးကို ဆောင်ရွက်ပါတယ်။ ကိုယ်တိုင်လည်း မြူနီစပါယ် ဘောလုံးသမားအဖြစ် ဆောင်ရွက်ရင်း၊ လမ်းလျှောက်အသင်း၊ အလေးမအသင်း၊ ခြင်းခတ်အသင်းတွေ ဦးဆောင်တည်ထောင်တယ်။ အရက်မသောက် ဆေးလိပ်မသောက်၊ မိန်းမ မလိုက်စားဘဲ လူငယ်စံပြ ဖြစ်အောင်နေတယ်။ မဟာဆွေ၊ မောင်ထင်၊ သံအမတ်ကြီး ဦးတင့်ဆွေ၊ ပါမောက္ခ ဦးမျိုးမင်း၊ သခင်ဇင် စသူတို့ဟာ လူငယ်ကြီးပွားရေးအသင်းသားတွေပါဘဲ။
          ကြီးပွားရေးမဂ္ဂဇင်းဟာ တက္ကသိုလ်ထဲမှာ ကလောင်သွေးခေတ်ဆန်း ကလောင်ရှင် သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ မောင်ထင် စတဲ့ လူငယ်တွေအားလုံးကို ကြီးပွားရေးမဂ္ဂဇင်းမှာ စည်းရုံးရေးသားစေခဲ့ရင်း ပြင်ပက မဟာဆွေ၊ သင်္ခါ၊ ရွှေတိုင်းသားစတဲ့ စာရေးဆရာများကိုလည်း စည်းရုံးရေးသားစေခဲ့ပါတယ်။ သိပ္ပံမောင်ဝ ဆိုရင် ကြီးပွားရေးမှာပဲ ကလောင်နာမည် တဒါဇင်လောက်နဲ့ ၀ထ္ထု၊ ပြဇာတ်၊ ဝေဖန်ရေးစသည့် စာစုံရေးရင်း စာပေပြိုင်ပွဲတွေပါ ကျင်းပပေးခဲ့ပါတယ်။
ကြီးပွားရေးမဂ္ဂဇင်းကိုယ်စား စာပေဝေဖန်ရေးစာအုပ်၊ ဦးဘဂျမ်းကာတွန်းပေါင်းချူပ်စာအုပ်၊ မဟာဆွေနာမည်ဝှက် နေသူရိန်ရဲ့ မကြောက်တရား နိုင်ငံရေးစာအုပ်၊ လူထုဒေါ်အမာရဲ့ ဘာသာပြန်စာအုပ် စတာတွေကို ထုတ်ဝေခဲ့ပါတယ်။ မဂ္ဂဇင်းဆောင်းပါးတွေကို မြန်မာစာပေလောကမှာ စတင်ထုတ်ဝေသူ တဦးပါပဲ။
ဒေါ်အမာနဲ့ လက်ထပ်ပြီး မန္တလေးကိုပြောင်းပြီး ကြီးပွားရေးမဂ္ဂဇင်းဆက်ထုတ်တယ် နောင်အခါ လူထုဂျာနယ်၊ လူထုသတင်းစာတွေကို ဆက်ထုတ်တယ်။ အထက်ဗမာနိုင်ငံမှာ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး လှုပ်ရှားမှု အချက်အချာအဖြစ် ဆရာကြီးဦးရာဇတ်နဲ့ အတူ ဆောင်ရွက်ခဲ့တယ် ဗိုလ်မှုးဗထူးနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး လူသူရိက္ခာ ထောက်ပံ့ခဲ့ပါတယ်။
          ဗိုလ်ချူပ်အောင်ဆန်းရဲ့ အာဘော်အဖြစ် လူထုသတင်းစာကို တည်ထောင်တယ်။ ဖဆပလမှာ ဆိုရှယ်လစ် ကွန်မြူနစ်ကွဲကြတော့မှ နိုင်ငံရေးမလုပ်တော့ဘဲ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးလမ်းစဉ် အာဘော်အဖြစ် အားကျိုးမာန်တက်လုပ်ဆောင်နေစဉ် နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆိးထောင်ချခံခဲ့ရတယ်။ ထောင် ၅ ကြိမ်မကျတယ်။
ဝန်ကြီးချူပ်၊ ပြည်ထဲရေးဝန်ကြီးတို့က သူတို့ကိုယ်တိုင် ဗိုလ်နေ၀င်းဖမ်းတာခံရပြီးမှ ဦးလှကို ရှိခိုးဦးတင် တောင်းပန်ကြတယ်။ ဦးလှကတော့ ထောင်ထဲကနေ ပုံပြင်တွေ၊ ၀ထ္ထုတွေ ပေးစာတွေရေးခဲ့ပါတယ်။
          ထောင်ထဲမှာလဲ ဘောလုံးအသင်း၊ စာဖတ်အသင်းတွေ စည်းရုံးတည်ထောင် ပေးခဲ့တယ်။ ထောင်ကထွက်လာတော့ ၀ထ္ထုတွေနဲ့ ပုံပြင်တွေ ပေးစားတွေ ထုတ်လိုက်တာဟာ ထောင်ဝထ္ထုတပုဒ်က ယူနက်စကိုစာပေဆုရတယ်။ တိုင်းရင်းသားပုံပြင်တွေ ကိုလည်း ဆက်လက်စုဆောင်းခဲ့ကာ စာအုပ် ၅၀ လောက်ထုတ်ခဲ့ရပြီး တချို့ကို နိုင်ငံတကာက ဘာသာပြန်ဆို ခဲ့ပါတယ်။ လူထုဦးလှဟာ ကမ္ဘာမှာ ပုံပြင်အများဆုံး စုဆောင်းသူတဦးပါပဲ။
လူထုသတင်းစာတိုက်ကို ပိတ်လိုက်ရတဲ့အခါ ကျွန်တော်သတင်းထောက်၊ ကျွန်တော်လှေသူကြီး၊ ကျနော်ဗျူရိုကရက်၊ ကျနော်စက်ပွဲစား၊ ကျနော်သံလွင်ဖောင်စီးစတဲ့ ဗမာ့လူမှုရေးထဲက ထူးခြားသူတွေကိုလည်း သူကောင်းပြုပြီး အတ္ထုပတ္တိ ၀ထ္ထုမျိုးတွေ မနားတမ်း ထုတ်ခဲ့ပါတယ်။
ဒါတွေအပြင် သတင်းစာများသည် သမိုင်းကိုပြောနေကြသည်။ သတင်းစာများကပြောတဲ့ စစ်တွင်းဗမာပြည်၊ စစ်ပြီးစ ဗမာပြည်စတဲ့ သူများတွေလုပ်ဖို့ စိတ်ကူးလဲမရ၊ လုပ်လဲလုပ်နိုင်မှာ မဟုတ်တဲ့ စာအုပ်တွေကိုလဲ ပြုစုထုတ်ဝေခဲ့ပါတယ်၊ ပေးစာနဲ့ ခရီးသွားဆောင်းပါးတွေကိုလဲ ထုတ်ခဲ့ရာမှာ ပေးစာတွေ မြန်မာစာပေမှာ ဦးလှက အစောဆုံး အများဆုံးနဲ့ အကောင်းဆုံး ထုတ်ဝေခဲ့သူဖြစ်ပါတယ်။
          ဒီလို ထိပ်တန်း အရည်အချင်းရှိတဲ့ စာပေမျိုးကို တဦးတည်းက တသက်လုံး ဖန်တီးပြုစု ဖန်တီးထုတ်ဝေခဲ့တာဟာဖြင့် မြန်မာစာပေလောကဟာဖြင့် အားကျဖွယ်ရာတွေများပြား လှပါတယ်။ စာမျိုးစုံကို အများဆုံးရေးခဲ့တာပါ။ လူထုဦးလှဟာ ဗမာနိုင်ငံစာရေးဆရာအသင်း စတင်တည်ထောင်ရာမှာ ပါဝင်ခဲ့သလို အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စတင်ထူထောင်ရာမှာလည်း ဦးဆောင်ခဲ့ပါတယ်။ ပါမောက္ခချူပ် ဦးကျော်ရင်၊ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းနဲ့ လူထုဦးလှ မန္တလေးလူငယ်စာရေးဆရာများ စတင်လှုပ်ရှားခဲ့တဲ့ခေတ်ပေါ် ဗမာစာအရေးသစ် (စကားပြောသလို စာရေးခြင်း) လှုပ်ရှားမှုဟာ ခုအခါ အရှိန်ရနေပြီဖြစ်လို့ ဦးလေးလူထုဦးလှ ရှိသေးရင် အထူးဝမ်းသာမှာပါ။
          ပရဟိတသမား၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင့်ရေး၊ အမျိုးသားလွတ်လပ်ရေးခေါင်းဆောင် ငြိမ်းချမ်းရေးသမားကြီး လူထုဦးလှဟာ ၂၀၁၀ ပြည့်နှစ်မှာ အသက် ၁၀၀ ပြည့်တော့မှာပါ။ ရာပြည့်ပွဲ ကျင်းပကြတော့မယ်လို့ ပြင်ဆင်ကြတဲ့ သတင်းကို ကြားရလို့ဝမ်းမြောက် ၀မ်းသာ ကြိုဆိုလိုက်ရပါတယ်။
မောင်စွမ်းရည် (၂၀၀၉ သြဂုတ် ၂၉)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts