># FBI used Google snap of Spanish politician to create ‘aged’ Osama Bin Laden

>

စပိန်နိုင်ငံရေးသမားဓာတ်ပုံကို ဘင်လာဒင်၏ လက်ရှိပုံရိပ် အဖြစ် အမေရိကန် ပုံမှားရိုက်
AP သတင်းဌာန
ဇန်န၀ါရီ ၁၇၊ ၂၀၁၀ FBI က ထုတ်ပြန်သည့် ဘင်လာဒင်၏ လက်ရှိပုံရိပ် ခန့်မှန်းချက်များ

ပုံမှားရိုက်ခံရသူ စပိန် လွှတ်တော်အမတ် Gaspar Llamazares


အမေရိကန် ထောက်လှမ်းရေးအဖွဲ့ FBI က အင်တာနက်ပေါ်မှ စပိန် လွှတ်တော်အမတ်တဦး၏ပုံကို ယူပြီး အိုစမာ ဘင်လာဒင်၏ ယနေ့ မြင်တွေ့ရဖွယ် အနေအထားအဖြစ် ဖော်ပြလိုက်ခြင်းကြောင့် ထိုလွှတ်တော်အမတ် တုန်လှုပ်သွားသည်။

အမေရိကန်အစိုးရက အယ်လ်ခိုင်ဒါ ခေါင်းဆောင် ဘင်လာဒင် အလိုရှိကြောင်း ကြော်ငြာတွင် စပိန် လွှတ်တော်အမတ် Gaspar Llamazares ၏ ဓာတ်ပုံကို ပုံနှိပ်ထားခြင်း ဖြစ်သည်။

သူ၏ ဓာတ်ပုံကို Google ၀က်ဆိုက်မှ ယူသုံးခဲ့ခြင်းဖြစ်သည်ဟု FBI ပြောခွင့်ရ အရာရှိ Ken Hoffman က ဆိုသည်။

လွှတ်တော်အမတ်၏ပုံ နှင့် ဘင်လာဒင်၏ လက်ရှိ ခန့်မှန်း ပုံရိပ် ဆင်တူနေကြောင်းကို သတိပြုမိပါသည်ဟု FBI က စနေနေ့တွင် ပြောသည်။

ပုံရိပ်ဖော်ကျွမ်းကျင်သူက ၎င်းတို့၏ မှတ်တမ်းများတွင် သင့်လျော်သည့် ဓာတ်ပုံကို မတွေ့သဖြင့် အင်တာနက်တွင် တွေ့ရသည့် ပုံတပုံကို အသုံးပြုမိခြင်းဖြစ်သည် ဟု FBI က ဆိုသည်။

ဓာတ်ပုံရှင်ကို ဒေါ်လာ ၂၅ သန်း ဆုငွေထုတ်ထားကြောင်း ဖော်ပြထားသည့် ပိုစတာသည် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ ၀က်ဆိုက်ရှိ ထို ပိုစတာကို ဖြုတ်ပေးမည်ဟု FBI က ဆိုသည်။

စပိန် လွှတ်တော်အမတ်က သူ၏ ဓာတ်ပုံသည် ၂၀၀၄ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စဉ် ကာလက အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခု FBI ၏ မှားယွင်းမှုကြောင့် အမေရိကန်နိုင်ငံသို့ ခရီးသွားရန် လုံခြုံစိတ်ချမှု မရှိတော့ဟု သူက ပြောသည်။

ပြင်ပတွင် အမှန်တကယ်ရှိနေသူ၏ ရုပ်ပုံကို အကြမ်းဖက်သမားတဦးအဖြစ် ပုံဖော်သဖြင့် အံ့အားသင့်ပြီး ဒေါသထွက်မိသည်ဟု သူက ပြောလိုက်သည်။

အမေရိကန် အစိုးရထံမှ ရှင်းလင်းချက် ရရှိရေး တောင်းဆိုပြီးဖြစ်ကြောင်း၊ တရားစွဲဆိုခွင့်လည်း ရှိကြောင်း သူက ပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts