>Burmese journalists dislike Burmse comedy films and videos

>

မြန်မာဟာသရုပ်ရှင်များကို မြန်မာ စာနယ်ဇင်းသမားတို့ သဘောမကျ
မိုးမခအထောက်တော် အမှတ် ၀၀၄
ဇန်န၀ါရီ ၁၄၊ ၂၀၁၀

ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကား တချို့တွင် သတင်းသမားကို ဟာသဇာတ်ကောင်များအဖြစ် ပုံဖော် ရိုက်ကူးနေမှုကို သတင်းသမားများက နှစ်သက်ခြင်း မရှိကြောင်း Eleven Media Group (EMG)၏ အင်တာနက်စာမျက်နှာတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရေးသားထားသည်။

“မြန်မာရုပ်ရှင်ကားတွေ၊ အထူးသဖြင့် ဗီဒီယိုကားတွေမှာ ဂျာနယ်လစ်နဲ့ပတ်သက်ရင် အမြဲတမ်း ခပ်ပေါပေါ၊ ခပ်ကြောင်ကြောင် ပုံစံတွေ၊ ညာစားပုံစံတွေ တွေ့နေရ တာ စိတ်မချမ်းသာဘူး” ဟု မန္တလေးမှ စာရေးဆရာတဦးက EMG ကို ပြောသည်။

“ဂျာနယ်လစ်ဆိုတာရယ်စရာ လူ၊ ဟာသထုတ်စရာလူမဟုတ်ပါဘူး” ဟူသော Weekly Eleven News Journal တာဝန်ခံအယ်ဒီတာ ကိုဝေဖြိုး၏ ပြောကြားချက်ကိုလည်း ကိုးကားထားသည်။

လူထု စိန်ဝင်း၊ Yangon Media Group ၏ CEO ဦးကိုကို၊ မြန်မာတိုင်းမ်ဂျာနယ် တာဝန်ခံ အယ်ဒီတာဦးဇော်မြင့်တို့၏ အလားတူ အမြင်များကိုလည်း ထိုသတင်းတွင် တွေ့ရသည်။

ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း စာနယ်ဇင်းသမား ဇာတ်ရုပ်များ ပါဝင်သည့် သူ၊ အမှားလိုက်မုဆိုး၊ ဖလက်ရှ်၊ မာမီရှိန်း၊ အကယ်ဒမီရှော့၊ ပန်းသုံးပွင့်၏ချစ်အိပ်မက်၊ ရေဒါ စသည့် ဟာသ ဗီဒီယို၊ ရုပ်ရှင်များ ထွက်ပေါ်ခဲ့သည်ဟု သိရသည်။

မာမီရှိန်း ဇာတ်ကားကို ရိုက်ကူး ခဲ့သည့် ဒါရိုက်တာညီညီထွန်းလွင်က “ဂျာနယ်လစ်တွေကို လေးစားပါတယ်။ ဟာသကားဆို တော့ ဒီလိုပဲ ရှိတတ်ပါတယ်။ နစ်နာ စေလိုတဲ့ ဆန္ဒနဲ့ ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး။ စော်ကားလိုတဲ့ သဘောလည်း မရှိပါဘူး” ဟု EMG ကို ရှင်းပြသည်။

နာမည်ကြီး ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်း ဖြစ်)ကလည်း သတင်းသမားများကို လေးစားကြောင်း၊ သတင်းသမား ဇာတ်ကောင်များကို သတိထားပြီး ဖန်တီးကြရမည်ဖြစ်ကြောင်း ပြောသည်။

“ဂျာနယ်လစ်တွေမှာ အရင်တုန်းက နောက်စရာ ပြောင်စရာ လေးတွေ ရှိခဲ့ဖူးတယ်။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့လျော့ပါးလာ တယ်။ အခုနောက်ပိုင်းမှာတော့ အလုပ်တစ်ခုအဖြစ် ၀င်လုပ်တယ် ဆိုတာထက် ၀ါသနာ အရင်းခံပြီး သေချာ လေ့လာ ကြိုးစား အားထုတ်တဲ့ ဂျာနယ်လစ် ဆိုတာတွေ များလာတယ်။ အခုချိန်မှာ တွေ့နေရတဲ့ ဂျာနယ်လစ် တော်တော်များများကတော့ လေးစားလောက်သူတွေ ဖြစ်လာတာကို တွေ့ရတယ်” ဟု မောင်မျိုးမင်းက EMG ကို ပြောသည်။

မြန်မာနိုင်ငံတွင် သတင်းသမားများကိုသာ ရုပ်ရှင်နှင့် ဗီဒီယိုထဲတွင် မှားယွင်းစွာ ပုံဖော်နေခြင်း မဟုတ်ပါ။

မြန်မာရုပ်ရှင်နှင့် ဗီဒီယိုသမားတချို့ ပုံဖော်ဖန်တီးသည့် အမျိုးသမီး ဇာတ်ကောင်စရိုက်များမှာ လက်ခံနိုင်ဖွယ်မရှိဟု နာမည်ကျော် စာရေးဆရာမ ဂျူးက ဆိုသည်။

နိုဝင်ဘာလထုတ် မြန်မာသစ် မဂ္ဂဇင်းတွင် စာရေးဆရာမ ဂျူးက “တစ်ခါတလေ သူတို့ ဇာတ်ကားတွေထဲတွင် အမျိုးသမီးကို ပေးထားသည့် နေရာက အူကြောင်ကြောင် ပြောတိုင်းယုံသည့် ဦးနှောက်ဉာဏ် သိပ်မထက်မြက်သည့် ရယ်စရာဖြစ်နေသည့် ဇာတ်ကောင်နေရာမျိုး ဖြစ်နေသည့်အခါ ကျွန်မ စိတ်အနှောင့်အယှက် ဖြစ်မိတတ်ပါသည်” ဟု ရေးသားထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts