>Mar Mar Aye – 302

> ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ် ၃ဝ၂

မြူဝန်းလို့ခို ပတ်ပျိုး
မာမာအေး
ဇန်နဝါရီ ၁၀၊ ၂ဝ၁ဝ
– – အသံလွှင့်ဌာနကပဲ ‘သေချင်တယ်’ ဆိုတဲ့ စကားမျိုး စာမျိုးကို ပရိသတ်ဆီ မကြားစေချင်သလိုလို ဘာလိုလို ကောလာဟလနဲ့ ‘မယ်ရွှေဘ၀င်အိုက်ပါဘိ’ လို့ ပြောင်းဆိုကြတာတွေလဲ ရှိလာပါတယ် – –


သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်၊ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – ရှေ့တပတ်မှာတုန်းက ကိန္နရာချောင်းခြား အချစ်သမားတို့ အစ ကောသလ နဲ့ မလ္လိကာတို့က စဖြစ်တယ် လို့ ပြောခဲ့တာပါ။ သူတို့ရဲ့ အချစ်သည်းမှုဟာ စံတခုပမာ လင်္ကာဂီတ စွမ်းအားနဲ့လဲ ရေးသားပံ့ပိုး ဆိုကြ တီးကြလို့ မရိုးသေးပါဘူးရှင့်။

အဲဒီ ကိန္နရာတို့ အကြောင်းကို စာယဉ်ဂီတ ရေးသွင်းကြတော့ ‘ကိန္နရာချောင်းခြား’ လို့ မှတ်သား ကမ္ဗည်းတင်ကြတာကိုး။ ပတ်ပျိုးသီချင်းတွေမှာပဲ ရှာကြည့်နိုင်ပါတယ်။

– မြဝတီမင်းကြီး ရေးဖွဲ့တဲ့ ‘ဧကြူကြိုင်သင်း’ အစချီ ပတ်ပျိုးကလေး တပုဒ်
– ငယ်တိုးအတွင်းဝန် ရေးခဲ့တဲ့ ‘မယ်သေချင်လိုက်ပါဘိ’ အစချီ ပတ်ပျိုး တပုဒ်
– ‘အာကာယံထဲ’ အစချီ ပတ်ပျိုး
– အိမ်ရှေ့မိဖုရား လှိုင်ထိပ်ခေါင်တင် ရေးတဲ့ ‘ဖြေနိုင်ပေါင်’ က ပတ်ပျိုးလတ်တဲ့ရှင်၊
– မင်းတုန်းမင်း လက်ထက်တော်က ဇာတ်ဆရာ မောင်ကျောက်ခဲလို့ ခေါ်တဲ့ စာဆိုတော်က ‘မြူဝန်းလို့ခို’ အစချီ ပတ်ပျိုးလေး တပုဒ် နဲ့
– ‘ဟေ၀န်စုံမြိုင်’ လို့ ခေါ်တဲ့ ကိန္နရာချောင်းခြားကြီး ပတ်ပျိုး တပုဒ်၊ အားလုံး သီချင်း ၆ ပုဒ် တွေ့ရပါတယ်။

မြ၀တီအဘိုးရဲ့ ‘ဧကြူကြိုင်သင်း’ နဲ့ ငယ်တိုးအတွင်းဝန် ရေးခဲ့တဲ့ ‘မယ်သေချင်လိုက်ပါဘိ’ ပတ်ပျိုးတွေကို မာအေး မဆိုဖြစ်ခဲ့သေးပါဘူးရှင်။ ‘ဧကြူကြိုင်သင်း’က ဆရာတွေ ဆိုသံ မကြားရဖူးလို့ပါ။

‘မယ်သေချင်လိုက်ပါဘိ’ ကတော့ စိတ်ထဲမှာ မတင်မကျ ဖြစ်နေလို့ပါ။ ဒီလိုပါရှင်၊ သီချင်းက စထွက်တာနဲ့ ‘မယ်သေချင်လိုက်ပါဘိ’ လို့ စာက စတာကိုး။ အသံလွှင့်ဌာနကပဲ ‘သေချင်တယ်’ ဆိုတဲ့ စကားမျိုး စာမျိုးကို ပရိသတ်ဆီ မကြားစေချင်သလိုလို ဘာလိုလို ကောလာဟလနဲ့ ‘မယ်ရွှေဘ၀င်အိုက်ပါဘိ’ လို့ ပြောင်းဆိုကြတာတွေလဲ ရှိလာပါတယ်။ မာအေးက မဟာဂီတတွေ အသံလွှင့်မိတာဟာ မူလအရှိအတိုင်း ထိန်းသိမ်း ဖော်ထုတ်ခဲ့ချင်စိတ်ကြောင့် ဆိုဖြစ်တာ ဆိုတော့ ဘာကြောင့်မှ သီချင်းစာကို မပယ်တဲ့ အချိန်ကို စောင့်နေမိတာပေါ့ရှင်။ တခြား ဆိုဖော်ဆိုဖက်တွေ အဆိုလက်သင်တွေလည်း မာအေးလိုပဲ ခံစားရလို့ သိပ်မဆိုဖြစ်ကြတာလား မသိဘူး။ သီချင်းသွားလေး ရှာပြီး တတ်နိုင်သမျှ ဆိုထားခဲ့ဖို့ စာရင်းတို့ထားရဦးမှာပေါ့။ ကိုယ်တိုင်လဲ ကိန္နရာချောင်းခြားဘ၀ ကြုံခဲ့ရသေးတာပဲလေ၊ နော။

မာအေးက အဆိုသမား ဖြစ်သလို နားထောင်သမားလည်း ဖြစ်ပါတယ်။ ဘယ်သူဆိုဆို နားထောင်တယ်။ သူ ဘာကောင်းတာလဲ၊ သူ ဘာလိုနေသလဲ၊ ကိုယ်တိုင် ဆိုရင် ဘယ်လို ဆိုလိုက်မှာပဲ ဆိုတာမျိုး သတိနဲ့ အသိနဲ့ နားထောင်တာမျိုးကို ပြောတာပါ။ ချစ်ဆွေတို့လဲ ဂီတ၀ါသနာ အထုံပါတယ် ဆိုရင်ဖြင့် ဒီလမ်းစဉ်မျိုးနဲ့ ကြိုးစားပြီး နာထောင်တဲ့ အလေ့အကျင့်လေးတခု လုပ်သွားတာပေါ့။ ဒါမှ သီချင်းနားထောင်ပြီးတော့ ဘာကြီးမှန်းလဲ မသိပါဘူးလို့ ပြောမနေရဘဲ နေမှာပါ။ သတိနဲ့ အသိလေးနဲ့ နားထောင်တတ်ရင် အကြောင်းအရာလဲ သိမယ်၊ အသံ အနိမ့် အမြင့် အတက် အကျတွေလဲ နားယဉ် သိနိုင်လာမယ်၊ ကိုယ်တိုင် ကြိုးစားတဲ့ အခါကျရင်လဲ မှားတယ် မှန်တယ် ကိုယ့်အသိနဲ့ကိုယ် ဆုံးဖြတ်လာလိမ့်မယ်။

မာအေး အခု ပြောပြနေတဲ့ ကိန္နရာချောင်းခြားဇာတ်နဲ့ သီချင်းတွေ အကြောင်းကို မြန်မာသံဂီတလောကရဲ့ ပညာရှင်တွေ၊ မြန်မာ့ဓလေ့ ပျော်မွေ့ သဘောတွေ့တဲ့ ပရိသတ်တွေက နှစ်သက်ကြမယ်ပေါ့။ ကလေးတွေ အပိုင်းမှာတော့ ခေတ်အလျောက် နားကောက်ချင်ကောက်နေကြမှာပေါ့လေ။ ကိုယ့်ဂီတ ကိုယ့်စာဟာ ကိုယ့်မြန်မာနွယ်ဖွား မျိုးဆက်များက ပျံ့ပွားအောင် လုပ်ပေးမှ ဖြစ်မှာမို့ ပုဗ္ဗာစရိယတွေက အေးအေးမြမြ နားချ၊ မျိုးစေ့ချဖို့ လိုပါတယ်ရှင်။ မာအေးတို့ရှေ့တခေတ်က ဧည့်ခန်းဆောင်မှာ ပတ္တလား၊ စန္ဒယား၊ စောင်း စတဲ့ တူရိယာတွေကို တတ်နိုင်သလောက် အိမ့်ကျက်သရေလဲဆင်၊ ဂီတတွေလဲ သင်စေခဲ့လို့ ဒီကနေ့အထိ ရှင်သန်ခဲ့တာ အမှန်ပါ။ ဂီတသာမှ လူမျိုးသာသတဲ့၊ ဆိုရိုးစကား ရှိပါတယ်။

မာအေးကတော့ ဂီတဘိုးတော် ၀န်ကြီး ပဒေသရာဇာ မှာတမ်းထားတော်မူခဲ့တဲ့ ‘စာပေ-၀တ္ထု၊ ရတု-ကဗျာ၊ ပျို့-လင်္ကာ နှင့်၊ သာသည်သီချင်း၊ အဲ-စောင်းညှင်းကို။ ဘတ် ရွတ် လေ့ ကျက်၊ တီးမှုတ်လျက်သာ၊ နေကောင်းစွာ’ ဆိုတဲ့အတိုင်း နေခဲ့လို့ ထင်ပါရဲ့ နေကောင်းကျန်းမာ ပြောတုန်း ဆိုတုန်းပါ။ လက်တွေ့ပါပဲ။ အခုလဲ နဲနဲတော့ ဆိုပြဦးမှာနော်။ ကိန္နရာ ချောင်းခြားထဲက ‘မြူဝန်းလို့ခို’ပတ်ပျိုးမှာ ပါတဲ့ တပိုဒ် နှစ်ပိုဒ်ပေါ့။

ရှားရှားပါးပါး ကိန္နရာဖိုဖက်က ခံစား ရေးသားတာ ဒီတပုဒ်ထဲ ပါတယ်ရှင့်။ နားထောင်တဲ့ ပရိသတ်အဖြစ်နဲ့ ဒီ ‘မြူဝန်းလို့ခို’ ဆိုကြတာ နှစ်ဦး ကြုံဖူးခဲ့ပါတယ်။ ရုပ်ရှင်မင်းသား ၀င်းဦးလဲ ဆိုပါတယ်။ ‘ကိုလေးမြင့်’ ဆိုတဲ့ ရေဒီယိုအဆိုတော်တယောက်လဲ ဆိုပါတယ်။ ကိုဝင်းဦးရဲ့ အသံက မူလ ချိုတဲ့ နှာသံနဲ့ အာသံ တွဲထားလို့ ပျော့ပြောင်း ကြည်သာ ကြည်နူးစရာလို့ ခံစားမယ် ကြံရင်း တချက်တချက် ဆောင့်ဆိုလိုက်တဲ့ ဆိုကွက်မျိုးနဲ့ တိုးရင်းမို့ စိတ်ခံတွင်းမလိုက်သလို ဖြစ်ခဲ့တယ်။ ကိုလေးမြင့်က အသံရော စည်းဝါး အထိုင်ရော သိပ်ညက်ညောတဲ့ ဂီတ အထိုင်မျိုးနဲ့ ကရုဏာတိုးစေတဲ့ အဆိုမျိုး ဆိုတာမို့ သီချင်းနဲ့ ပိုပြီး လိုက်ဖက်ပါတယ်။ သူ့ကို တခါတည်းပဲ နယ်မှာ သူလာတွေ့လို့ ဆုံဖူးပါတယ်။ မြန်မာဆေးဆရာ လုပ်နေတာ တဲ့။ ဘယ်လာများများ သီချင်း ဆိုသွားနိုင်မှာလဲနော်။ မြန်မာသံ ဆိုနိုင်သူ ကောင်းကောင်း ပေါ်ဖို့ရာ မလွယ်လေတော့ နှမျောမိတာပေါ့ရှင်။ ကဲ – သူတို့တွေ ဆိုခဲ့တာ ပြစရာ မရှိဘူး၊ ကိုယ်ဆိုတာပဲ နားဆင်ကြပေတော့နော်။

xxx သဲကြွေလောင်၊ တောင်ခရီး၊ ဇနီးငယ်တည့် နန်းကိန္နရီမယ်၊ မြန်းရှာရတယ် xxx ရေယဉ်ဝယ်သည်တသွန်း၊ အလွမ်းတွေကကြွယ် xxx အို – လှများမယ် ဘယ်ပြည်သည့် လှမ်းရမယ် xxx ကုန်ကျေဘွယ် ရေလှိုင်းပေါင်က၊ ကုန်ကျေဘွယ် ရေလှိုင်းပေါင်က ပူဗျာသည်နောင်စိုး ဘန်လာမိုး xxx (မြူဝန်းလို့ခို ပတ်ပျိုးမှ)

[ မူရင်း – BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် www.bbcburmese.com]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts