>After 11 Year of passing, Khin Myo Chit came to the cover story of Padauk Pwinthit

>

စာရေးဆရာမကြီး ခင်မျိုးချစ် (၁၉၁၅ – ၁၉၉၉) ကွယ်လွန်ခြင်း ၁၁ နှစ်မှာ ပိတောက်ပွင့်သစ်က မဂ္ဂဇင်းမျက်နှာဖုံးတင် ထုတ်
မိုးမခအထောက်တော် ၀၀၃
ဇန်န၀ါရီ ၁၀၊ ၂၀၁၀
          ယခု ၂၀၁၀ ဇန်န၀ါရီလထုတ် ပိတောက်ပွင့်သစ်မဂ္ဂဇင်းက လွန်ခဲ့သည့် ၁၁ နှစ်က ကွယ်လွန်ခဲ့သူ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်အကြောင်းကို မျက်နှာဖုံးတင်ပြီး ထုတ်ဝေလာသည်။ ကွယ်လွန်ခြင်း ၁၁ နှစ်ပြည့်ချိန် ဆယ်စုနှစ် တခု အကျော်မှာ ယခုလို မဂ္ဂဇင်းတစောင်က တင်ဆက်မှုပြုလာခြင်းသည် အမှတ်တရတိုက်ဆိုင်မှုဖြစ်သည်ဟု မိသားစုဝင်တဦးက မှတ်ချက်ပေးထားသည်။

          ပိတောက်ပွင့်သစ်မဂ္ဂဇင်းသည် ကွယ်လွန်သူနှင့် သက်ရှိ အထင်ကရ စာပေပညာရှင်ကြီးများကို မျက်နှာဖုံးတင်ပြီး အထူးကဏ္ဍများနှင့် တင်ဆက်ထုတ်ဝေလေ့ရှိရာ ယခု ၂၀၁၀ ဇန်န၀ါရီလထုတ်တွင် ဆရာမကြီး (ဒေါ်) ခင်မျိုးချစ်ကို မျက်နှာဖုံး တင်ပြီး အမှတ်တရဆောင်းပါးများနှင့် ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။
          စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်သည် ၁၉၁၅ ဖွား ဖြစ်ပြီး ၁၉၃၈ ကျောင်းသားသပိတ်နှင့် ၁၃၀၀ ပြည့် အရေးတော်ပုံမှ စတင်ပြီး သပိတ်မှောက်ကျောင်းသူတဦးအဖြစ် မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ခင်မျိုးချစ်ကလောင်နှင့် စာရေးဆရာတဦး၊ သခင်မ မခင်မြ အဖြစ်နှင့် နယ်ချဲ့ဆန့်ကျင်ရေး၊ ဂျပန်တော်လှန်ရေးတို့တွင် ဆောင်ရွက်ခဲ့သည့် ထင်ရှားသည့် အမျိုးသမီးတဦး ဖြစ်သည်။ ၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်း တက္ကသိုလ်ပညာရေး ပြန်ဆက်သည်။ သတင်းစာဆရာတဦးအဖြစ် ရပ်တည်သည်။ ၎င်းနောက် (၁၉၆၀ ခုနှစ်များ) အင်္ဂလိပ်ဘာသာဖြင့် မြန်မာပြည်နှင့် လူမှုဘ၀ကို ရေးသားသူ စာရေးဆရာတဦး ဖြစ်လာသည်။ (၁၉၈၀ ခုနှစ် များ) အထောက်တော်လှအောင်၏ သောင်းပြောင်းထွေလာမဂ္ဂဇင်းနှင့် ချစ်ဦးညို၏ သဘင်မဂ္ဂဇင်းတို့တွင် ပင်တိုင်ဆောင်းပါးရှင်အဖြစ် စာရေးခဲ့သည်။ ၈၈ အရေးတော်ပုံကာလက ခင်ပွန်းသည် အင်္ဂလိပ်စာအလွတ်သင်ကျောင်းဆရာ (ဦး) ခင်မောင်လတ်နှင့်အတူ ဒေါက်တာမောင်မောင်အစိုးရသို့ “ငါပြောမယ် ရွှေရှင်ဘုရင် ရဲ့ …” ဟု အစချီသော မဆလ တပါတီအာဏာရှင်အစိုးရကို ဝေဘန်သော ပေးစာ ရေးသားဖြန့်ချိခဲ့သည်။ ဟံသာဝတီ ဦးဝင်းတင်တို့ ဦးဆောင်သော စာနယ်ဇင်းပညာရှင်များ၏ အာဏာရှင်ဆန့်ကျင်ရေး လက်မှတ်ထိုးလှုပ်ရှားမှုကို ထောက်ခံခဲ့သည်။ ကျန်းမာရေး အစဉ်ဆိုးဝါးနေသူ အိပ်ယာပေါ်တွင် အချိန်ကုန်နေရသူ လူမမာ စာရေးဆရာမတဦးအနေနှင့် မကွယ်လွန်မီ မြန်မာပြည်၏ ဒဏ္ဍာရီ ဘုရားသမိုင်းပုံပြင်များနှင့် လှတောသားတို့၏ အာဝဇ္ဇန်း စကားအလှတို့ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အင်န်အယ်ဒီပါတီအဖွဲ့ချုပ်၏ စာပေဟောပြောပွဲများ အခမ်းအနားများကို အမြဲ အားပေး ထောက်ခံသူ၊ သွားရောက်ဟောပြောသူ တဦး ဖြစ်သည်။ ၁၉၉၉ ဇန်န၀ါရီ နှစ်ဆန်းတွင် နေအိမ်မှာ ကွယ်လွန်သည်။
          မိုးမခမီဒီယာ၏ အောက်ခြေသိမ်း ဝေယျာဝစ္စများ၊ တောက်တိုမယ်ရအလုပ်များ လုပ်ကိုင်သူ၊ စာရေးဆရာ၊ အယ်ဒီတာ၊ ကာတွန်းဆရာ၊ အင်တာနက်တာဝန်ခံ၊ ရှဲဒိုးရေးသူ တဦးဖြစ်သူ မောင်ရစ် မှာ (ဒေါ်) ခင်မျိုးချစ်၏ မြေး ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts