Uncategorized

ဒေါက်တာဓမ္မပိယ (ITBMU) – ဒီမိုကရေစီစနစ်နှင့် လူထုအော်သံ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဒီမိုကရေစီစနစ်နှင့် လူထုအော်သံ 
ဒေါက်တာဓမ္မပိယ (ITBMU)
ဒီဇင်ဘာ ၃၊ ၂၀၁၃


ငယ်စဉ်က မှတ်သားခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်။ ̏ပေါက်ပင် ဘာကြောင့်ကိုင်းရတယ်˝ဆိုတဲ့ကဗျာလေး။ ကလေးကဗျာလေးလို့ ဆိုရပေမဲ့ ကြောင်းကျိုးယုတ္တိတွေနှင့်အခြေခံပြီး ဖွဲ့ဆိုထားတဲ့ ကဗျာမျိုးဖြစ်လို့ ကြောင်း ကျိုး ဆက်စပ်ပြီး တွေးယူတတ်မယ်ဆိုရင် အဓိပ္ပါယ်တွေက အများကြီးပါ။ အဲဒီကဗျာလေးထဲမှာ – ̏မိုး ဘာကြောင့် ရွာရတယ်၊ ဖားအော်လို့ ရွာရတယ်˝တဲ့ဆိုတဲ့ စာပိုဒ်လေးကို မှတ်မိနေဆဲပါ။ အကယ်၍ သာ ဒီမိုကရေစီးစနစ်အရ ဖားအော်တိုင်းသာ (ဆန္ဒကို ထုတ်ဖေါ်တိုင်းသာ) မိုးရွာခဲ့မည်ဆိုလျှင် (ကိစ္စတွေ ပြီးမြောက် ခဲ့မည်ဆိုလျှင်) မြန်မာ နိုင်ငံတွင်းမှာရှိတဲ့ မြို့တွေ၊ ရွာတွေမှာလည်း မီးတွေ ထိန်ထိန်လင်းနေလောက်ပြီ။ 
ကျောင်းသား၊ ကျောင်းသူတွေလည်း ကျောင်းစာသင်ခန်းတွေထဲမှာ ပျော်ရွှင်စွာ ကျောင်းသင်ခန်းစာများကို သင်ယူနေပေလိမ့်မည်။ ပြည်သူတွေရဲ့ ဘ၀တွေလည်း လုံလုံခြုံခြုံနှင့် ချမ်းသာစွာ အိပ်စက်နေကြပေလိမ့်မည်။ 
သို့သော် … ။ ဆန္ဒကို ထုတ်ဖေါ်ရာမှာ ဒီမိုကရေစီစနစ်အရ အော်မှ ဆန္ဒကို ထုတ်ဖေါ်ရာရောက်တယ်လို့ အဓိပ္ပါယ်များ သက်ရောက်နေ သလားမသိ။ မေးစရာတစ်ခု ဖြစ်လာတယ်။ ̏ဖားအော်ရင် မိုးရွာမှာတဲ့လား˝။ မြန်မာနိုင်ငံ တော်ကြီးကို ဒီမိုကရေစီအသွင် ကူးပြောင်းနိုင်ဖို့၊ ဆိုလိုတာက ဒီမိုကရေစီမိုး ရွာသွန်းဖြိုးနိုင်ဖို့ ရဟန်းရှင်လူ ပြည်သူတွေကလည်း အော်တယ်။ နိုင်ငံရေး သမားတွေကလည်း အော်တယ်။ သတင်းမီဒီယာသမား တွေကလည်း အော်တယ်။ နိုင်ငံအကြီးအကဲတွေကလည်း အော်တယ်။ အော်ပုံအော်ခြင်း မတူညီကြပေမဲ့ အားလုံးက တော့ အမိနိုင်ငံတော်ကြီး ဒီမိုကရေစီ တစ်ပွင့်ပန်းကို ပန်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ခြင်းကတော့ တူညီနေတာကို တွေ့ရတယ်။ အားလုံးကို ကျေးဇူး တင်မိခြင်းပါ။ 
ဒီနေ့ ဒီအချိန် ဒီအခါမျိုးမှာ လူထုဟစ်တိုင်မာပဲဖြစှ်ဖြစ်၊ သို့မဟုတ် သတ်မှတ်ပေထားသော နေရာမှာပဲဖြစ်ဖြစ် အော်တိုင်း ဒီမိုကရေစီဖြစ်ရော့ လား။ မေးသင့်တဲ့မေးခွန်းပါ။ နိုင်ငံခေါင်းဆောင်တွေ ယုံကြည် ထားတာက တိုင်းပြည်တစ်ပြည်ကို စံနစ်တကျ အသွင်ကူးပြောင်းနိုင်ဖို့ဆိုတာ ပြည်သူတွေရဲ့ ဘ၀ကို လုံခြုံမှုပေးနိုင်တဲ့ ဥပဒေမျိုးလည်းရှိရမယ်။ ကြောက်ရွံ့ခြင်း ကင်းဝေးစွာ နေခွင့်ရှိရမယ်။ လူနေမှုဘ၀တွေလည်း မြင့်မားရမယ်။ အာရှနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်တဲ့ ပညာရေးစနစ်မျိုးလည်းရှိရမယ် စတဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖေါ်နိုင်ဖို့ပါ။ ဒါတွေပြောနေခဲ့တာတော့ အတော်ကို ကြာနေပါပြီ။ 
သို့သော် ပြောတိုင်းဖြစ်ပြီလားလို့ မေးခဲ့ရင် ဆော်ရီး (Sorry)ပဲလို့ ဖြေရမဲ့ အဖြေမျိုးပါ။ 
 စာရေးသူ နားလည်ထားသလောက် ပြောရမယ်ဆိုရင် ပြည်ထေင်စုလွှတ်တော်မှာလည်း နိုင်ငံတော် အကြီးအကဲများဟာ အစည်းဝေးတွေနှင့် နားရတယ်ဟူ၍ မရှိလှပါ။ တိုငးပြည်အတွက် ခိုင်မာတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းပေးနိုင်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ရတဲ့အချိန်အခါ တွေကလည်း ရာချီ၊ ထောင်ချီအထိ ရှိနေနိုင်ခြင်းပါ။ သို့သော် ပြုပြင်ပြီး ဥပဒေများကို ပြည်သူ၊ ပြည်သားများအား အသိတရားဖြင့် တိတိကျကျ လိုက်နာကျင့် သုံးနိုင်အောင် စီမံကိန်းများ ချမှတ်၍ အကောင်အထည်ဖေါ်မပေးနိုင်သရွေ့ အော်သာအော် ကိုရွှေမိုးရယ် ကတော့ ရွာသွန်းဖြိုးလိမ့်မည်မဟုတ်ပါ။ 
 မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးစအချိန်တည်းက စတင်ပြီး လာဘ်ပေး လာဘ်ယူမှု (အကျင့် ပျက် ချစားမှု) အကျင့်ဆိုးများကို ပပျောက်စေရမည်ဟု ကြွေးကြော်သံတွေနှင့် ဆူညံနေခဲ့သော်လည်း အကျင့်ပျက် ချစားမှုများကတော့ ရှိမြဲရှိနေဆဲပါ။ အောက်ခြေအ ဆင့်မှ သည် အလယ်တန်းအဆင့် ၀န်ထမ်းများ အထိ ဆင်ခြေအမျိုးမျိုးပေးပြီး စားလို့မပြီးနိုင်အောင် ရှိနေဆဲပင်။ အထက်တန်းအဆင့် ၀န်ထမ်းများ လည်း တစ်ချို့ဆက်လက်ချီတက်နေဆဲပါ။ ထိုသို့ဆက်လက်ဖြစ်ရှိနေရခြင်းမှာ ဖားအော်လို့ မိုးရွာနေခြင်းမျိုးလား။ 
သို့မဟုတ် မိုးရွာလို့ ဖားအော်နေခြင်းမျိုးလား ဝေခွဲမရနိုင်အောင် ရှိနေခြင်းပါ။ ဆနးစစ်ကြည့်တဲ့အခါ ပြဋ္ဌာန်းဥပဒေကို အကောင်အထည် ဖေါ်ရာ၌ လိုက်နာကျင့်သုံးမှုအပိုင်း အားနည်းနေခြင်းမျိုးလည်း ဖြစ်နိုင်ခြင်းပါ။ သို့မဟုတ် အောက်ခြေအဆင့်ရှိ ၀န်ထမ်းများနှင့် အလယ်တန်း 
အဆင့်ရှိ ၀န်းထမ်းများ အပြန်အလှန် ထောက်ပံ့ပေးနေရခြင်းသဘောမျိုးလည်း ဖြစ်နိုင်ခြငးပါ။ သို့မဟုတ် ဒီထက်ကျယ်ပြန့်တဲ့ အကြောင်း တရားများလည်း ရှိနေနိုင်ခြင်းပါ။ 
တကယ်တော့ စံနစ်တစ်ခုမှ တစ်ခုသို့ ပြောင်းလဲမှု ပြုကြတဲ့အခါမှာ ပြည်သူများအားလုံးဟာ နောင်လာ နောက်သားများအတွက် အားလုံးက ပေးဆပ်ကြရမှာပါ။ ထိုကြောင့် ထိုအကျင့်ပျက် ချစားမှုများ ပပျောက်သွား အောင် ပြည်သူတွေကိုလည်း ပညာပေး၊ လာဘ်ပေးလာယူပြုသူ နှစ်ဦးစလုံးကိုလည်း ထိုက်တန်သော ပြစ်ဒဏ်ခပ်၊ စည်းကြပ်တဲ့စနစ်ကို တိတိကျကျ ကျင့်သုံးပြမှသာလျှင် စစ်မှန်သော ဒီမိုကရေစီစနစ်ဆိုတာ 
အကောင်အထည် ပေါ်လာနိုင်မှာပါ။ 
ဒီမိုကရေစီစနစ်အောင်မြင်ဖို့ တရားဥပဒေစိုးမိုးရေးဟာ အရေးကြီးတဲ့ သော့ချက်ပါ။ ရခိုင်ပြည်နယ် ဒေသ၊ ကချင်ပြည်နယ်ဒေသ စတဲ့ဒေ သမျိုးတွေမှာ – ဌာနေပြည်သူတွေရဲ့ဘ၀များဟာ မလုံမခြုံ ရှိနေဆဲပါ။ 
ကိုယ့်နိုင်ငံတွင်းမှာ နေရပါလျှက် ပြည်သူ၊ ပြည်သားတွေရဲ့ဘ၀များ မလုံမခြုံဖြစ်နေမှုအတွက် အားမလိုအားမရ ဖြစ်မိခြင်းပါ။ ထိုကဲ့သို့ မလုံ မခြုံဖြစ်နေရခြင်းအတွက် နိုင်ငံတော်အစိုးရမှာ လုံးဝတာဝန်ရှိခြင်းပါ။ ပြည်သူတွေ မှာလည်း တာဝန်မကင်းပါ။ ထိုကဲ့သို့ဖြစ်နေရခြင်းမှာ ထိုဒေသများ၌ ဥပဒေစိုးမိုးမှုများ အားနည်း နေ၍လော။ 
သို့မဟုတ် ဥပဒေစိုးမိုးရေးကှို အဟန့်အတားပြုနေတဲ့ ပြည်တွင်း၊ ပြည်ပအမှောင့်ပယောဂတွေကြောင့် ဖြစ်နေရခြင်းမျိုးလော ပြည်သူ၊ ပြည် သားတွေ သိထားသင့်ခြင်းပါ။ ထိုပြဿနာမျိုးတွေကို အဖြေရှာနိုင်ဖို့အတွက် နိုင်ငံကိုချစ်သော ပြည်သူများအားလုံးမှာ တာဝန်တွေရှိလာခြင်း ပါ။ 
ပဿနာတိုင်းအပေါ်မှာ တရားမျှတမှု ဖြစ်နိုင်ဖို့အတွက် ပြဿနာရဲ့အခြေခံအကြောင်းတရားများကို သိထားကြရမှာပါ။ ဒီနေရာမှာ ကုလ သမဂ္ဂအတွင်းရေးမှုချုပ်ဟောင်း ဦးသန့်ပြောတဲ့စကားလေးတစ်ခုကို အမှတ် ရမိခြင်းပါ။ အတွင်းရေးမှုးချုပ်ရွေးကောက်ပွဲမတိုင်ခင် ဦးသန့်က ကုလသမဂ္ဂရုပ်သံမှ ပြောကြားရာတွင် ‘’ကုလသမဂ္ဂရဲ့ ပြဿနာတိုင်းမှာ ကြားနေဆောင်ရွက်နိုင်ဖို့၊ ကုလသမဂ္ဂအမှူထမ်းတစ်ဦး အနေဖြင့် အလွန်ခက်ခဲ ပါတယ်’’လို့ ပြောဆိုခဲ့တယ်။ ဒီစကားကို အမေရိကန်သံအမတ်ကြီး စတီဗင်ဆင်က ‘’ဒါဖြင့် ခင်ဗျားဆိုလိုတာက သမာသမတ် ကျတဲ့ ကြားနေရယ်လို့တောင် မရှိတော့ဘူးပေါ့’’ လို့ ဆုလိုချင်တာလားလို့ ထောက်ပြခဲ့တယ်။ 
ဒီတော့ … ဦးသန့်က ̏ဒီလိုလေဗျာ၊ ကုလသမဂ္ဂအတွင်းရေးမှူးတစ်ယောက်ဟာ မျက်နှာမလိုက်ဖို့၊ ဘက်မလိုက်ဖို့တော့ လိုတာပေါ့၊ ဒါပေမဲ့ အမြဲတမ်းတော့ ကြားနေဖို့ မလိုအပ်ဘူး၊ ကျနော်ယူဆထားတာကတော့ တရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦးလိုပေါ့ဗျာ။ သူဟာ ဘယ်တော့မှ ဘက်မလိုက်ဘူး၊ ဒါပေမဲ့ တရားခံနဲ့ တရားလိုကိုတော့ ခွဲခြားနိုင်ရမယ်၊ အပြစ်ကျူးလွန်သူက ဘယ်သူဆိုတာ နားလည်ရမယ်၊ ဒီနေရာမှာ ကြားဝင်ပြီး ဘယ်လို ဆောင်ရွက်နိုင်မလဲ ဆိုတာကို နားလည်နိုင်ရမယ်..˝ လို့ ဖြေကြားခဲ့တာကို မှတ်သားခဲ့ ဖူးတယ်။ ဆင်ခြင်နိုင် ဖို့ပါ။ 
တချို့လူတွေက ဒီမိုကရေစီအရေးမှာ ကြားနေလိုဟန်ရှိကြတယ်။ ရခိုင်အရေးအခင်းမှာ တို့မပါလို။ ကချင်ပြည်နယ်အရေး တို့အားမပေးလို၊ ပြုပြင်ပြောင်းလဲရေးမှာ တို့ကတော့ ကြားနေ၀ါဒကိုပဲ ကျင့်သုံးမှာပါလို့ အဆိုတွေတင်သွင်းပြီး နိုင်ငံအရေးကို ကိုယ်အရေးလို သဘောမထားချင်ကြသူတွေ၊ တိုင်းရေး၊ ပြည်ရေးနှင့် အမျိုးသားရေးအတွက် တာဝန်မယူလိုကြသူတွေကလဲ ဒုနှင့်ဒေးပါ။ တကယ်တော့ ထိုသူတွေရဲ့အမြင်ဟာ နိုင်ငံသားအမြင်နဲ့ပဲ ကြည့်ကြည့်။ အမျိုးသားရေးအမြင်နဲ့ပဲကြည့်ကြည့်၊ လူမျိုးရေးအမြင်နဲ့ပဲကြည့်ကြည့်ဘေးထွက်နေလိုသူတွေရဲ့ သဘောမျိုးသို့ သက်ရောက်နေခြင်းပါ။ 
သိပ္ပံဆရာကြီး အယ်လ်ဘာ့တ် အိုင်းစတိုင်း (Albert Einstein) ရဲ့ အမြင်က ဒီလိုလူမျိုးတွေအတွက် မှတ်သားဖို့ကောင်းတယ်။ သူပြောချင်တာ က – ̏ယနေ့ ကမ္ဘာကြီးဟာ နေထိုင်ဖို့ အန္တရာယ်တွေ များပြားလာ နေတယ်။ ဒီလိုဖြစ်ရခြင်းဟာ မကောင်းမှုကို ပြုနေတဲ့ လူတွေကြောင့်ချည်း မဟုတ်ပါ။ တကယ်တော့ အဲဒီမကောင်းမှုပြုလုပ်နေသူများအား လက်ပိုက်ကြည့်နေခြင်း၊ လုပ်ခွင့်ပေးထားခြင်း စတဲ့ဒီလူတွေကြောင့်လည်း အန္တရာယ်တွေက ပိုများလာခြင်းပါ˝တဲ့။ (The world is too dangerous to live in – not because of thepeople who do evil, but because of the people who sit and let it happen.” – Albert Einstein) 
ယနေ့ မြန်မာနိုင်ငံတွင်ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်နေသူ အများစုဟာ အမျိုးသားဝါဒီများ၊ ဘာသာရေးအစွန်းရောက်နေသူများ၊ ပညာမတတ်တဲ့အောက်ခြေလူတန်းစားများ၊ ကိုယ်ကျင့်တရားနည်းပါးသူများ၊ အများဆုံးပါဝင်နေတာကို တွေ့ရ တယ်။ ထို့ကြောင့် ဒီလိုပြဿန မျိုးတွေ နောက်ထပ်ဆက်လက်မဖြစ်ဖို့ ပြည်သူလုထုတွေ အသိတရားရှိလာ အောင်၊ အကြမ်းဖက်မှုတွေဖြစ်လာရင် တရားဥပ ဒေဖြင့်သာ ဖြေရှင်းတတ်အောင် သို့မဟုတ် ဖြေရှင်းနိုင်အောင်၊ ဘာသာရေးခေါင်းဆောင်များကလည်း ဖြစ်လာသောပြဿနာ အတွက် ကိုယ့်ဘက် သူ့ဘက် တာဝန်ယူနိုင် အောင် ဆောင်ရွက်နိုင်ကြဖို့ပါ။  
ထိုကြောင့် တိုင်းပြည်ငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေးအတွက် ပညာရေးသည် အဓိကကျသော အခန်းကဏ္ဍမျိုးမှာပါဝင်နေ၍ တင်းကျပ်လွန်းသည့် ပညာရေးမူဝါဒများကို ဖြေလျှာ့ပေခြင်း၊ ဆင်းရဲ့နွမ်းပါးသေားမှာ ဖြစ်ပျက်နေခဲ့တဲ့ ပဋိပက္ခတွေကို ပြန်လည်သုံးသပ်ကြည့်ရင်  ကျောင်းသား၊ ကျောင်းသူများ မှီခိုအားထားနေရသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို နိုင်ငံတော်မှ အဆင့်တိုးမြှင့် ပေးခြင်း၊ ပုဂ္ဂလိကအထက်တန်းကျောင်းများကဲ့သို့ ၂၀၀၀ခုနှစ် မတိုင်မီက မြန်မာနိုင်ငံ၌ ကျင့်သုံးသွားခဲ့သော ဆယ်တန်းဖြေဆိုခွင့်မူ၌ ဆယ်တန်းကျောင်းသားများအား(နစ်ကျမဟုတ်စေကာမူ) အပြင် ဖြေဆိုခွင့်စနစ်ကို ပြန်လည်အသက်သွင်းပေးခြင်း စသည်များကို နိုင်ငံတော်မှ ဥပဒေပြု၍ ပြဋ္ဌာန်းပေးသင့်ခြင်းပါ။ 
ပညာတတ်များ နည်းပါးနေသေးလျှင် တိုင်းပြည်တွင်း၌ ဥပဒေစိုးမိုးရေးကိစ္စများအတွက် အခက်အခဲများ ရှိနေနိုင်ခြင်းကို နိုင်ငံခေါင်းဆောင်များ သတိမူနိုင်ကြဖို့ပါ။မြန်မာနိုင်ငံတွင်းမှာ မှီတင်းနေထိုင်နေကြသော တိုင်းရင်းသားကျောင်းသား၊ ကျောင်းသူများ အားလုံးအား နိုင်ငံသားစိတ်ဓာတ်၊ တိုင်းရင်းသားစိတ်ဓာတ်များ အမြဲရှင်သန်နိုင်နေစေရန် ပညာရေးဖြင့် အသိပညာများကို ဝေငှပေးရမှာပါ။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် နိုင်ငံရဲ့အရေးသည် ကိုယ့်အရေး၊ နိုင်ငံရဲ့စီးပွားရေးသည် ကိုယ့်စီးပွားရေးလို အမြင်သဘောထားများ သက်ရောက် လာနိုင်စေရန် မွေးမြူပေး၍ အနာဂတ် တိုင်းပြည်၏တာဝန်များကို ပုခုံးပြောင်းပြီး တာဝန်ယူကြမည့် လူငယ်များရဲ့ မျိုးချစ်စိတ် ဓာတ် ကို ရှင်သန်အောင် ဆောင်ရွက်ပေးနိုင်ကြဖို့ပါ။ အသွင်သဏ္ဍာန်ကွဲပြားတဲ့ (နိုင်ငံခြား သြဇာလွမ်းတဲ့) ၀တ်စားဆင်ယင်မှုမျိုးတွေ၊ အမုန်း တရား ကို ပွားစေနိုင်တဲ့ အပြောအဆိုတွေကိုလည်း ရှောင်ရှားကြဖို့ပါ။ ကိုယ်ထိလက်ရောက် စော်ကားမှုမျိုးတွေကိုလည်း ထပ်မံမဖြစ်ပွားရအောင် ပြည်သူများအားလုံးက စုပေါင်းပြီး ကာကွယ်နိုင်ကြဖို့ပါ။
ထိုအခါမှာ ပြည်သူ၊ ပြည်သားတွေ မျှော်လင့်ထားတဲ့ လူ့အခွင့်အရေးတွေ၊ တရားဥပဒေစိုမိုးရေုးတွေ၊ လူနေဘ၀မြင့်မားမှုတွေ၊ နိုင်ငံသားအခွင့်အရေးတွေဆိုတာ တန်းစီပြီး ဖြစ်ပေါ်လာနိုင်ခြင်းပါ။ ဒီမိုကရေစီစနစ်ဆိုတာ များများအော်တဲ့ စနစ်မျိုးမဟုတ်ပဲ၊ စနစ်ကချမှတ်ထားတဲ့ မူဝါဒများကို စနစ်တကျ လိုက်နာကျင့်သုံး ခြင်းဖြင့် ထိုစနစ်ရဲ့ ဖေါင်းဒေးရှင်းဖြစ်တဲ့ အကြောက်တရားမှ ကင်းဝေးခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းစွာ နေထိုင်နိုင်ခြင်းစတဲ့ လူ့သားတစ်ယောက် ရသင့်ရထိုက်တဲ့ လူ့အခွင့်ရေးများကို ရနိုင်အောင် နိုင်ငံခေါင်းဆောင် များနှင့် ပြည်သူအများက ပူးပေါင်း၍ စီမံဆောင်ရွက်ရတဲ့စနစ်မျိုးဆိုတာ ပြည်သူတွေ သိထားကြဖို့ပါ။ 

မုးရွာဖို့ ဖားနေအော်နေရခြင်းမျိုးထက် မိုးရွာလို့ ဖားအော်ရတာမျိုးက ဒီမိုကရေစီအသွင်ကူးပြောင်းစ နိုင်ငံမျိုးအတွက် ပိုမိုအရေးကြီးကြောင်း သိကြားလိုခြင်းပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts