>Ko Lu Htwe – New Year Astorlogy

>

နှစ်သစ်ကူး အမှတ်တရ
ကိုလူထွေး
ဒီဇင်ဘာ ၃၁၊ ၂၀၀၉
          ကမ္ဘာသူ ကမ္ဘာသား အပေါင်းတို့သည် ယနေ့ ခရစ်သက္ကရာဇ် ၂၀၁၀ ခုနှစ် ဇန္နဝါရီလ ရက်နေ့ နံနက် နာရီ မိနစ်တွင် တွင် မင်္ဂလာရှိသော နှစ်သစ်အခါ သမယကို အောင်မြင်စွာ ကျော်နင်း ရောက်ရှိခဲ့ချေပြီ။
          လူတိုင်းလူတိုင်းသည် ၄င်းတို့ဤ အတိတ်ကံ အကျိုးဆက် များကြောင့် ယခုရောက်လေရာ လူဘဝကြီးတွင် ကံအကျိုး ပေးပုံချင်းလည်း မတူညီကြပေ။လှံထမ်း လာတာကိုသာ မြင်ရပြီး ကံထမ်း လာတာကို မမြင်ရဟု ရှေးဆိုရိုး ရှိခဲ့ပါသည်။
          ဝေဒသူဌေး ဦးလူထွေး က သင်တို့၏ ကံကြမ္မာကို လယ်ပြင်တွင် ဆင်သွား သကဲ့သို့ ထင်ထင်ရှားရှား မြင်ရအောင် ထုပ်ဖော်ပြသ၍ ဆောင်ရန် ရှောင်ရန် ရှိသည်များကို မေတ္တာ ဂရုဏာ ရှေ့ထားကာ တွက်ချက် ပေးထားပါသည်။
တနင်္ဂနွေ သားသမီးများအတွက် ဟောစာတမ်း
          ယခုနှစ်သည် တနင်္ဂနွေ သားသမီးများအတွက် အောင်မြင်မှုများ စမ်းပွင့်မည့် ကာလဖြစ်သည်။ အလုပ်အကိုင် အဆင်ပြေ ချောမွေ့ပြီး (ဝင်ငွေ အနည်းအများပေါ် မူတည်၍) အိမ်ခြံ အတည်တကျ ပိုင်ဆိုင် ရကိန်းများ ရှိသည်။
          အာဝဇ္ဇန်း ရွှင်ခြင်းသည် ကောင်းမြတ်သော အမူအကျင့် ဖြစ်သော်လည်း အာညောင်း လောက်အောင် စကားပြောတတ်ခြင်း ကိုမူ ရှောင်ရှား သင့်ပေသည်။ သို့မဟုတ်ပါက သင်၏ အနီးအနားမှ အပေါင်းသင်းများကို အပြီးသတ် လက်လွှတ် ဆုံးရှုံး ရတတ်ပါသည်။
          ဤနှစ်အတွင်းတွင် အိမ်ထောင်မရှိသေးသူများ အိမ်ထောင် ကျကိန်း ရှိသည်။ အိမ်ထောင်ကျ ပြီးသူများ အင်္ဂလိပ်စာ သင်ရမည်။ အင်္ဂလိပ်စာ တတ်ပြီးသူများ အိုင်တီပညာ လေ့လာလိုပါက အိပ်စိုက်ရကိန်း ရှိပါသည်။ အိပ်မစိုက်လိုသူများ အပ်စိုက်ပညာ သင်ကြားရမည်။
          ကျန်းမာရေးအနေဖြင့် အဆီအဆိမ့် လျော့စားပြီး အိပ်တင် အားကစား ပုံမှန်လုပ်ပေးပါက အဝလွန်ခြင်းမှ ကင်းဝေးမည်။ အရက်သေစာ သောက်စားခြင်းသည် အဆိပ်အတောက် ဖြစ်စေ တတ်သည့်အပြင် အသက်ကိုလည်း တိုစေတတ်ကြောင်း သတိရှိသင့်ပေသည်။
ယတြာ အိမ်သို့ ညအိပ်ညနေ လာလည်သော ဧည့်သည်အား အိမ် သာသာယာယာ ဖြစ်ရန်အတွက် ဟု ဆိုကာအိမ်သာထဲတွင် အိပ်ပါစေ။ လိုအင်ဆန္ဒ ပြည့်ဝမည်။
တနင်္လာ သားသမီးများအတွက် ဟောစာတမ်း
          ယခုနှစ်သည် တနင်္လာ သားသမီးများအတွက် အထူး ကောင်းမွန်သော နှစ်ဖြစ်သည်။ ကြိုးစား သလောက် အရာထင်မည့် အချိန်ဖြစ်ပြီး ခွန်အား စိုက်ထုတ်ခြင်းဖြင့် ကောင်းကျိုး ချမ်းသားကို လျင်မြန်စွာ ရရှိနိုင်ပေသည်။ (ကြိုးစားရန် အခက်အခဲရှိပါက ကြိုးနှင့် အသွင်သဏ္ဌာန်လည်းတူ နေ့သင့် နံသင့်လည်း ဖြစ်သည့် ခေါက်ဆွဲကို အစားထိုး စားနိုင်သည်။)
          ကြီးသူကို ရိုသေထိုက်သော်လည်း ကြီးမိုက်များကိုမူ ကြိုတင် ရှောင်ရှားသင့်သော ကာလဖြစ်သည်။ ကတုံးပေါ် ထိပ်ကွက်ခြင်းဖြင့် လိုရာ မရနိုင်သည် ကိုလည်း သတိချပ် သင့်ပေးသည်။ ကတိတည်တတ်သူ ဖြစ်ပါစေ။
          ငမ်းပိုးရှိသူများ၊ ငိုက်မရှက် ငတ်မရှက်များ၊ ဂေါ်မစွံသူ တနင်္လာသားသမီးများ ဤနှစ်အတွင်း ကျစ်လစ်သော ခန္ဓာကိုယ်ရှိသူနှင့် ချစ်ခွင့်ကြုံမည်။ ထို့အတွက် ကက်ကက်လန် ရန်တွေ့တတ်ခြင်းကိုမူ ချက်ခြင်း စွန့်လွှတ်ရပေမည်။
          ကွမ်းယာဆိုင်ဖွင့်လျှင် ဂဏန်းများနှင့် အကျိုးပေးမည်။ ကုက္ကိုပင်ပေါ်တက်လျှင် ခြေချော်ကျ၍ ကျိုးတတ်သည်။
          ကျန်းကျန်းမာမာ နေလိုလျှင် ကြက်ဆီဖူးများ အလွန်အကျွံ စားသုံးခြင်းကို ရှောင်ရှားသင့်ပါသည်။ ကြိုးခုန်ခြင်း၊ ကြက်ဖခွပ်ခြင်း၊ ကလိအထိုးခံခြင်း ကစားနည်း များသည် ကယ်လိုရီ လောင်ကျွမ်းအောင် အထောက်အကူ ပြုနိုင်သည်။
ယတြာ ကလေးငယ် တယောက်အား ကုတ်ပေါ်တွင် ချီပိုး၍ ခေါ်လာပြီး ကွယ်ရာရောက်သော် ကိုင်ပေါက်လျှက် လိုရာဆုတောင်းပါ။ အချုပ်ခန်းသို့ ကျိန်းသေပေါက် ရောက်လိမ့်မည်။
အင်္ဂါ သားသမီးများအတွက် ဟောစာတမ်း
          ယခုနှစ်သည် အင်္ဂါ သားသမီးများအတွက် စီးပွားဖြစ်မည့် နှစ်ဖြစ်သည်။ စမ်းတဝါးဝါး ဖြစ်ခြင်း ညည်းညူနေခြင်းများ မရှိဘဲ စိတ်ရင်း သန်သန်ဖြင့် စွဲစွဲမြဲမြဲ လုပ်ကိုင်ပါက အောင်မြင်မှု အသီးအပွင့်ကို ဆွတ်ခူးနိုင်မည်မှာ သေချာပေါက်ပင် ဖြစ်၏။
          စွဲလန်းစေတတ်သော အရာများ (ချက်တင်း၊ ဖေ့စ်ဘွတ်ခ်၊ ဘလော့ဂ် စသည်တို့) ကို ညည အိပ်ရေး ပျက်လောက်သည် အထိ မသုံးသင့်ပါ။ ပညာရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေးတို့ကို ထိခိုက် စေတတ်ပါသည်။
          စူးစမ်းခြင်းသည် အောင်မြင်မှု၏ လမ်းစဖြစ်သော်လည်း စားသင့်သည့် အသီးနှင့် အဆိပ်ရှိသည့် အသီးတို့ကို ခွဲခြားတတ်ရန် လိုအပ်ပေသည်။ ဆေးပညာ (ဘိန္ဒော) ဆောက်လုပ်ရေးပညာ (ယင်လုံအိမ်သာ) စီးပွားရေးပညာ (အနှိပ်ခန်း) သို့မဟုတ် စိုက်ပျိုးရေး ပညာများ (ကြက်ဆူပင်နှင့် ဘိန်းပင်) အကျိုးပေးမည်။
          အဆီအဆိမ့် စားသုံးမှုနှင့် စည်ဘီယာ သောက်သုံးမှုကို လျော့ချပေးပါ။ စိတ်တည်ငြိမ်မှု ရအောင် စိပ်ပုတီး နာနာစိပ်ခြင်း၊ ဆေးပုံမှန် သောက်ခြင်းဖြင့် လက်ရှိ ခံစာနေရသော စိတ်ဝေဒနာများ လျော့နည်းသွားမည် ဖြစ်သည်။
          ယတြာ စည်ကားသော ဈေးတခုအနီး စင်္ကြန်ပေါ်တွင် မိမိကိုယ်မိမိ ဆယ်ကြိမ်ထက် မနည်း ဆံပင် ဆောင့်ဆွဲကာ ဆဲဆို၍ လိုရာဆုတောင်းပါ။
ဗုဒ္ဓဟူး သားသမီးများအတွက် ဟောစာတမ်း
          ယခုနှစ်သည် ဗုဒ္ဓဟူး သားသမီးများအတွက် ဝမ်းသာစရာ သတင်းကောင်းများ အများဆုံး ကြားရမည့် နှစ်ဖြစ်သည်။လေရောင်းဝယ်ရေး လုပ်ငန်းများဖြင့် ဝက်ဝက်ကွဲ အောင်မြင်နိုင်သည်။ လူရှေ့တွင် လေ မလည်မိစေရန် အထူး သတိပြုပါ။
          မရှိဘဲဝိလုပ်၍ မရ ဆိုသည့် ဆောင်ပုဒ်ကိုလည်း မှတ်သား လိုက်နာသင့်ပါသည်။ ဝမ်းစာရှာသူ ဘဝတူ အချင်းချင်း ဝမ်းဖောက် စားလိုသူများဝမ်းသွားပြီးသည်အထိ စောင့်သင့်ပါသည်။
          ဤနှစ်သည် အချစ်ရေးတွင် ရဲတင်းသော လူများအတွက် လမ်းပွင့် စမ်းပွင့်မည့် ကာလဖြစ်သည်။ ထို့ကြောင့် ရှက်ရွံ့ အားနာတတ်သူများ ဝမ်းတွင်းတွင် မြိုသိပ်ထားယုံနှင့် ဝမ်းသာခွင့်ကြုံမည် မဟုတ်ချေ။
          ရှိုးလုပ်ငန်းများဖြင့် အောင်မြင်နိုင်သော်လည်း ရှော့ရှိတတ်ပါသည်။ ရပ်ကျိုးရွာကျိုးကို လိုက်ပါ ဆောင်ရွက်ခြင်းဖြင့် လူအများ၏ အမြင်ကြည်လင်မှုကို ပြန်လည်ရယူပါ။
          ဝက်ဝံသား၊ ရှဥ့်သား၊ လူသားတို့ကို စားသုံးခြင်းမှ ရှောင်ကျဉ်သင့်ပါသည်။ လူတကာကဝမ်းတွင်းရူးဟု ဝိုင်းဝန်း ပြောဆိုသော်လည်း ရူးခြင်းမဟုတ်ပေါခြင်းသာ ဖြစ်သည်ဟု ခံယူ၍ မိမိကိုယ်မိမိ စိတ်ကျေနပ်မှုကို ရယူပါ။
          ယတြာ ရဲစခန်းရှေ့တွင် ရပ်၍ ရဲတင်းကြီးကို ရဲသာကြီးဘက်သို့ ချိန်ရွယ်ကာရှင်ချင်တယ်.. ရှင်ချင်တယ်ဟု သုံးကြိမ်ရွတ်ဆို၍ လိုရာဆုတောင်းပါ။
ကြာသပတေး သားသမီးများအတွက် ဟောစာတမ်း
          ယခုနှစ်သည် ကြာသပတေး သားသမီးများအတွက် ကြွက်တွင်းမှ ရွှေထွက်မည့် ကာလဖြစ်သည်။ ပျောက်ဆုံးနေသော ပလပ်စတစ်ထည် ပစ္စည်းများ၊ ဖယောင်းထည် ပစ္စည်းများ၊ မီးဖိုချောင်မှ အတိုအစ များကိုလည်း ကြွက်တွင်းထဲတွင် ပြန်လည် တွေ့ရှိရတတ်ပါသည်။
          ပေးကမ်းစွန့်ကြဲခြင်းသည် သံသရာအတွက် အထောက်အကူ ဖြစ်လေရာ ပင်နီဇူးလား ပလာဇာ ရှိ ပွဲစားကို ပါသမျှ ပြဲပြဲစင်အောင် ပေးလိုက်ပါ။ ထို့နောက်ပြောင်ပြီ ပြောင်ပြီဟု တရားမှတ်ကာ ပြောင်းဖူးစိုက်၍ ဖြစ်စေ၊ ပန်းကန်ဆေး၍ ဖြစ်စေ၊ ဖိနပ်တိုက်၍ ဖြစ်စေ အသက်မွေးပါလေ။
          ကြာသပတေး သားသမီးများသည် အချစ်ရေး ကိစ္စများတွင် ဖင့်နှေးသူများ ဖြစ်သော်လည်း ဤနှစ်သည် အိမ်ထောင်ရေး အတွက် ဖိတ်ဖိတ်တောက်သော ကာလဖြစ်သည်။ မာန်မာန ထောင်လွှားခြင်းသည် မှန်ကန် တည်ကြည်သော ဘဝတခုကို တည်ဆောက်၍ မရနိုင်သည်ကိုလည်း သတိပြုရပါမည်။ဦးထုပ် နှင့် စသည့် လုပ်ငန်းများ အကျိုးပေးမည်။ (ဥပမာဖုံး၊ ဖိုး၊ ဖဲ)
          မိန်းမရှုပ်ခြင်း၊ မြာပွေခြင်း၊ မဆင်မခြင် လွန်ကျူးခြင်းများသည် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ မိမိအိမ်သူ အိမ်သားအပေါ် သစ္စာရှိသင့်ပါသည်။
ယတြာ စဆိုးဆိုင်တခု၏ မှန်ထဲတွင် မိမိကိုယ်မိမိ ပြန်ကြည့်၍မှန်ကြီးရေ ဒီကမ္ဘာမှာ ဘူဒူ အလှဆုံးလဲဟု ကျယ်လောင်စွာ အော်မေးကာ လိုရာဆုတောင်းပါ။
သောကြာ သားသမီးများအတွက် ဟောစာတမ်း
          ယခုနှစ်သည် သောကြာ သားသမီးများ အတွက် အကျိုးထူးများ ပွားများစေမည့် နှစ်ဖြစ်သည်။ မိမိ၏ အရည်အချင်းနဲ့ မိမိ၏ အလုပ် အပေါ်တွင် သစ္စာရှိမှုသည် သောကြာ သားသမီးများကို အထွဋ် အထိပ်သို့ ပို့ဆောင်ပေးမည့် အခြေခံ လိုအပ်ချက်များ ဖြစ်သည်။
          ဟန်ကိုယ့်ဖို့ ဟူသော စကားရှိသော်လည်း ဟိတ်ဟန် များခြင်းကြောင့် ဟက်တက်ကွဲ စရာများ ကြုံကြိုက်ရ တတ်ပါသည်။ သိန်းချီ တန်ဖိုးရှိသော လုပ်ငန်းများသည် သေးကွေးသော အရာများမှ စတင်ခြင်းဖြစ်သည်ကို မမေ့သင့်ပါလေ။
          သောကြာသားသမီးများသည် ဤနှစ်အတွင်း သန်းကြွယ် သူဌေးများနှင့် အိမ်ထောင်ပြု ရတတ်သည်။ ဟန်ဆောင် သူများကို ဝေးဝေးမှ ရှောင်ပါ။ ဟန်းဖုန်းကိုင်၍ ဟန်ကျပန်ကျ နေပြယုံမျှနှင့် သူဌေးမဟုတ်မှန်း သတိချပ်သင့်ပါသည်။
          သစ်သီးသစ်ဖုများ ဟင်းသီးဟင်ရွက်များသည် သက်သတ်လွတ် စားတတ်သူ သောကြာ သားသမီးများနှင့် မသင့်လျော်သော အစား အသောက်များ ဖြစ်သည်။ ဟန်းချိန်းများ၊ သေနတ်များ၊ သဲခဲ ကျောက်များကို သက်သတ်လွတ် ဟင်းလျာများအဖြစ် လိုသလို စားသုံးနိုင်ပါသည်။
          ဤနှစ်သည် သန်း၊ သိန်း၊ သောင်း အမည်ရှင် အစိမ်းရောင်ဝတ် လူကြီးများ၏ သက်တမ်းကုန် နေဝင်ချိန်လည်း ဖြစ်သည်။
          ယတြာ လူလည်ခေါင်တွင် လျှာကို အပြင်ထုပ်၍ဟောဟဲ.. ဟောဟဲဟု အော်ကာ လေးဘက် ထောက် သွားပြပါ။ လိုအင်ဆန္ဒ ပြည့်မည်။
စနေ သားသမီးများအတွက် ဟောစတမ်း
          ယခုနှစ်သည် စနေသားသမီးများအတွက် နတ်ကောင်းမ သော နှစ်ဖြစ်သည်။ မဟာ ဇနက္က ထုံး နှလုံးမူ၍ မလျှော့သော ဇွဲလုံလဖြင့် ကြိုးစား အားထုပ်ခြင်းသည် နတ်ကောင်းမ စေသော အဓိကအကြောင်း အရင်း ဖြစ်၏။
          တန်ဖိုးမရှိသော စကားများ၊ တန်ဖိုးမရှိသော အကြောင်းအရာများ၊ တန်ဖိုးမရှိသော စာပေများကြောင့် မိမိ၏ တန်ဖိုးရှိသော အချိန်များကို မကုန်ဆုံးပါစေနှင့်။ ဒီရေသည် လူကိုမစောင့်သကဲ့သို့ တရုတ်ကြီးအချိန်သည်လည်း နောက်ကျတတ်သောလုကို စောင့်လိမ့်မည် မဟုတ်ပါ။
          စနေသားသမီးများသည် ဤနှစ်အတွင်း တမ်းတမ်းစွဲ ချစ်မိ နေသူများနှင့် တအိုးတအိမ် ထူထောင် ရတတ်သည်။ တရပ် တကျေးမှ အိမ်အို အိမ်ဟောင်း များကြောင့်လည်း စိတ်ညစ် ရတတ်သေးသည်။ တလင်တမယား စနစ်သည်သာ အကောင်းဆုံး ဖြစ်သဖြင့် တခြားအိမ်ယာနှင့် ဒွေးရော ယှက်တင် နေထိုင်ခြင်းကို ရှောင်ကျဉ် သင့်ပါသည်။
          တပ်ဟူသော အသံကြားလျှင် တခါတည်း ထိုးအန်တတ်သည်။ ထင်ရာစိုင်း တတ်သူများ ထိပ်ပိုင်းသို့ ရောက်နိုင်သော်လည်း တထိုင်တည်းနှင့် ဓားစာ သင့်တတ်သည်။ တကိုယ်ကောင်း သမားများ နှမသားချင်း စာနာ တတ်ကြပါစေ။
          ယတြာ စနေနေ့သည် ကံကောင်းသော နေ့ဖြစ်သဖြင့် အခြားနေ့ ဖွား သားသမီးများကို အဖော်ပြုကာ နေပြည်တော် မြို့သို့ သွား၍
           ဒီ ကနေ့ နေသာ၏
          မိုး ကလည်း မရွာပါ
          က လေးများ အာခြောက်နေကြပြီ
          ရေ လေးဘာလေး တိုက်ပါအုံး
          စီ ပိုး ဘီပိုး မပါအောင်
          ချက် ဖို့ကျိုဖို့ လိုပါသည်
          ချင်း တောင်းနှင့် ဘယ်လိုလုပ် ရေခပ်ယူလာမည်လဲ
          ပေး တတ် ကမ်းတတ်ကြပါစေ
          ဟု တနေကုန် ရွတ်ဆိုကာ လိုရာဆုတောင်းပါ။
          … … …
ဤတွင် နှစ်သစ်မင်္ဂလာအတွက် သင့်၏ ကံကြမ္မာ နိဋ္ဌိတံ၏။
လူသားတိုင်း လူ့အခွင့်အရေးကို အပြည်အဝ ခံစားနိုင်ကြပါစေ
ဝေဒသူဌေး ဦးလူထွေး
B.S.E. (Oxf.) , H5N1 (Bkk.), Ph7 (Aachen), H.I.Visit (Ygn.)

Links:


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts