>Street-Burmese – The Time for the Dialogue for Burma

>

မြန်မာနိုင်ငံတွင် စစ်မှန်သော ဆွေနွေးပွဲများ ဖြစ်ထွန်းမည့် အချိန်
လမ်းပေါ်ကမြန်မာပြည်သား
ဒီဇင်ဘာ ၂၇၊ ၂၀၀၉
          ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးချိန်လောက်က စပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲ ကိစ္စတွေတော်တော်များ မအောင်မြင်ခဲ့ပါဘူး။ ထုံးစံအတိုင်း အာဏာရ အစိုးရကလည်း အာဏာမရနိုင်ငံရေးအဖွဲ့တွေကို လက်ညှိုးထိုး၊ အာဏာမရအဖွဲတွေကလည်း အာဏာရအစိုးရကိုပြန်လက်ညှိုးထိုးနဲ့ ဘာမှ အောင်မြင်အောင် မလုပ်နိုင်ခဲ့တာ နှစ်ပေါင်း ၅၀ လောက်တောင် ရှိလာပြီ။ လူ့သက်တမ်းနဲ့ ဆိုရင် သားသမီး မြေးမြစ်တွေ ရပြီး ဒုတိယ အရွယ်ရဲ့ နောက်ပိုင်း အချိန်တွေပေါ့။
      ၁၉၉၀ ခုနှစ် ပါတီစုံ ရွေးကောက်ပွဲအပြီးကျပြန်တော့လည်း အနိုင်ရ NLD ပါတီနဲ့ အာဏာသိမ်းစစ်တပ်အစိုးရတို့ (၂ ပွင့် ဆိုင်) တွေ့ဆုံဆွေးနွေးရေး၊ တိုင်းရင်းသား အဖွဲ့တွေအပါအဝင် (၃ ပွင့် ဆိုင်) ဆွေးနွေးရေး၊ အမျိုးမျိုး အော်လာကြပြန်ပါတယ်။ နိုင်ငံတကာကလည်း တွေ့ဆုံဆွေးနွေးရေးလုပ်ပါ၊ လုပ်ပါ၊ လုပ်ကြပါနဲ့ … လူမမာ အမဲခြောက်တောင်းသလို အော်နေကြတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း အော်ကြတာ အနှစ် ၂၀ ပြည့်တော့မယ် … ဖြစ်မလာပါဘူး။
          သူတို့ကိုယ်သူတို့ တတိယလမ်းစဉ်ဆိုတဲ့ အူကြောင်ကြား “ငွေမြင်လျှင် လင်လုပ်မည်” ဆိုတဲ့ အဖွဲ့ကလည်း NLD ကပဲ အလျော့မပေးလို့ လိုလို၊ ဒေါ်အောင်ဆန်းစုကြည်ကပဲ သဘောထားတင်းမာလို့ လိုလို၊ အမေရိကန်နိုင်ငံကပဲ ပိတ်ဆို့မှုတွေလုပ်ထားလို့ လိုလို၊ အာဏာသိမ်းစစ်အစိုးရဆီက အရိုးအရင်း ပရော်ဂျက်ကလေးတွေ ရအောင် အော်ရှာပါတယ်။
          ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းရောက်တော့ အမေရိကန်နိုင်ငံမှာ ဒီမိုကရက်တစ်ပါတီက သမ္မတအိုဘားမားအစိုးရ တက်လာချိန်မှာ သမတကြီးက အပြောင်းအလဲတွေလုပ်ဖို့ ကြိုးစားပါတယ်။ သူ့ရည်ရွယ်ချက်က တချက်ခုတ်ရင် ၃ ချက်လောက် ပြတ်ချင်တာပါ။ (အဲဒီလို ရည်ရွယ်ချက်တွေကြီးမားလို့လဲ အမေရိကန်နိုင်ငံရဲ့ သမ္မတဖြစ်တာပေါ့။ သူ့အသက်က မြန်မာနိုင်ငံကို စစ်တပ်က အုပ်ချုပ်တဲ့ သက်တမ်းနဲ့ အတူတူလောက်ပါပဲ။ )
          ပထမဆုံးအချက်က သူ့အရင်သမ္မတလုပ်သွားတဲ့ ဘုရှ်ခ်ျလုပ်တာ မမှန်ဘူးပေါ့။ ဒုတိယအချက်က လမ်းရိုးအတိုင်းမသွားဘဲ လမ်းကြောင်းအားလုံးကို သုံးသပ်ပါတယ် ပေါ့၊ တတိယအချက်ကတော့ ဘယ်လမ်းမှ မအောင်မြင်လို့ လမ်းရိုးကို ပြန်သွားရတာပါ ပေါ့။
          မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကိုကြည့်ရအောင်။ သမ္မတအိုဘားမား တက်လာပြီး မြန်မာနိုင်ငံနဲ့ သံရေး၊ တမန်ရေး ပြန်ဆက်ဆံတယ်။ (သူ့အရင် သမ္မတလုပ်သွားတဲ့ ဘုရ်ခ်ျှလုပ်တာ မမှန်ဘူးပေါ့) ပြီးတော့ မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်လာရင် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးမယ်ဆိုပြီး ပြောတယ် ( လမ်းကြောင်းအားလုံးကို သုံးသပ်ပါတယ် ပေါ့ )၊ အဲဒီ မုန်လာဥတွေ အခင်းလိုက် ချပြပြီးချိန်မှာတော့ သူ့ရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံတဲ့မိန့်ခွန်းမှာ “Repression in Burma — There must be consequences” ( ဘယ်လမ်းမှ မအောင်မြင်လို့ လမ်းရိုးကို ပြန်သွားရတာပါ ပေါ့)။ ပြောသွားလေရဲ့။ တနည်းအားဖြင့်ပြောရရင် တွေ့ဆုံဆွေးနွေးရေးအော်နေတဲ့ နိုင်ငံရေးအဖွဲ့တွေ ဝမ်းသာသွားအောင် ဟိုဟာလုပ်ပြလိုက်တာပေါ့။
          စစ်အစိုးရကလည်း လိမ္မာပါးနပ်ပါတယ်။ အမေရိကန်က ဗီဇာပေးတုန်း ဝန်ကြီးချုပ် ဗိုလ်ချူပ်ကြီးသိန်းစိန်တို့၊ နိုင်ငံခြားရေးဝန်ကြီးတို့၊ နည်းပညာဝန်ကြီး ဦးသောင်းတို့က အမေရိကန်ကို လာပြီး ဈေးဝယ်ထွက်လိုက်တာပေါ့။ “ဘာရမလဲ …”  ရတဲ့အခွင့်အရေး အကုန်သုံးတာပေါ့။ စစ်အစိုးရမှာ တွေ့ဆုံဆွေးနွေးဖို့ နဲနဲလေးမှ ခေါင်းထဲမှာ မရှိပါဘူး။
          ဒေါ်အောင်ဆန်းစုကြည်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံဖို့တောင်းဆိုတဲ့စာကိုကျတော့ နိုင်ငံခြားသတင်းဌာနတွေသိသွားလို့  သဘောထားမစစ်မှန်ဘူးလေး ဘာလေးနဲ့၊ သူတို့ဖက်က ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုတာကြတော့ သဘောထားစစ်မှန်စွာနဲ့တူပါရဲ့ MRTV ကနေကြေညာပါတယ်။
          တွေ့ဆုံဆွေးနွေးရေးအတွက် အော်တဲ့နည်းလမ်းလဲ သုံးပြီးပြီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDဖက်ကလည်း သူတို့တောင်းဆိုတာကို လိုက်လျောတာလဲ ကုန်ပြီ၊ နိုင်ငံတကာကလည်း Carrot & Stick ဆိုတဲ့ မုန်လာဥလဲ အခင်းလိုက် ပြပြီးပြီ၊ ဒုတ်လဲ အချောင်းလိုက်ပြပြီးပြီ၊ စစ်အစိုးရကတော့ တုတ်တုတ်မျှ မလှုပ်ပါဘူး။ အဲဒီတော့ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးရေး ဖြစ်လာအောင် ဘာလုပ်ကြမလဲ။
          လွယ်လွယ်လေးပါ။ မောင်းသူမဲ့လေယာဉ်တစင်းလောက် မြန်မာပြည်ကိုလွှတ်၊ နေပြည်တော်က ဗိုလ်ချုပ်မှူးကြီးရဲ့အိမ်ဘေးကို ဦးတည်ချက်ထားပြီး (ဘယ်သူမှ မထိခိုက်တဲ့ နေရာကိုရွေးပေါ့။)။ ဒီနည်းက အသစ်မဟုတ်ပါဘူး။ ၁၉၈၆ သမ္မတကြီး ရေဂင်လက်ထက်က လစ်ဗျားခေါင်းဆောင် ဂဒါဖီကို ဒီနည်းနဲ့ ပညာပေးဖူးပါတယ်။ အဲဒီတုန်းကတော့ နည်းပညာတွေ သိပ်မတိုးတက်သေးတော့ အသေအပျောက်ရှိခဲ့တာပေါ့။ တွေ့ဆုံဆွေးနွေးရေးကို ကြေညာလိမ့်မယ်။  ဒါပေမယ့် ဇာတ်မျောဖြစ်အောင် လုပ်အုံးမှာပဲ။ ၃ လလောက်နေလို့မှ တိုးတက်မှုမရှိရင် နောက် တခေါက်။  အဲဒီလိုနဲ့ ၃ လ တကြိမ်လောက် မှန်မှန်လေး လုပ်ကြည့်ပါ။
          အမေရိကန်နိုင်ငံမှာကလည်း သူ့ပြဿနာတွေရှိသေးတော့ မြန်မာနိုင်ငံကိစ္စကို သမ္မတကြီးခေါင်းထဲ အမြဲမထဲ့နိုင်ဘူး။ အဲဒီတော့ လက်သည်ကို အားမကိုးဘဲ မြန်မာနိုင်ငံသားတွေစုပြီး လက်စွမ်းပြနိုင်တဲ့နေ့ဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေရေးတွေ ဖြစ်ပေါ်လာတဲ့နေ့ပါပဲ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts