>Than Soe Hlaing – Media Responsibility and Disinteresting the Public

>

မီဒီယာတာဝန်နဲ့ လူထုနစ်နာမှု
သန်းစိုးလှိုင်
ဒီဇင်ဘာ ၂၇၊ ၂၀၀၉
မီဒီယာက ဖွတယ်ဆိုတာ
          မီဒီယာဟာ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်၊ watchdog (မသင်္ကာစရာ တွေ့လျင်သတိပေးမည့်)၊ ပြည်သူ့နားနှင့် မျက်စေ့ စသဖြင့် အဓိပ္ပါယ် သတ်မှတ်ဖွင့်ဆိုထားကြပါတယ်။ ထိုသို့သတ်မှတ်ထားတဲ့ အဓိပ္ပါယ် သတ်မှတ်ချက်နဲ့ အညီ မီဒီယာကလည်း ဖေါ်ထုတ်စရာ ရှိရင်ဖေါ်ထုတ်ဖို့၊ ပြောစရာရှိတဲ့ အခါပြောဖို့၊ ပြောခွင့်ရအောင်ကြိုးစားဖို့ အမြဲလုပ်ဆောင်နေကြတာပါ။ အဲဒီလို ဖေါ်ထုတ်မယ့်၊ ပြောဆိုမယ့် အကျိုးဟာလည်း တဖွဲ့၊ တဦး၊ တယောက်ရဲ့ အကျိုးမဟုတ်ရပဲ အများစုရဲ့ အကျိုးကျေးဇူးဖြစ်ရပါမယ်။
          အမြဲတမ်းပြောဖို့ ကြိုးစားနေ၊ ထုတ်ဖေါ်ဖို့ကြိုးစားနေတာကြောင့်လည်း မီဒီယာကလူတွေက ဖွတယ်လို့ ထင်မြင်လာကြရတာလည်း ဖြစ်ပါတယ်။ သို့ပေမယ့် ဖွတယ်၊ ပြောတယ်ဆိုတဲ့ နောက်ကွယ်က ရည်ရွယ်ချက်ဟာ အများအကျိုးစီးပွားအတွက်၊ တယောက်ဆိုလျင်လည်း မတရားခံနေရတဲ့တယောက် အတွက် မျိုးသာဖြစ်ရပါမယ်။ အဲဒါမှာ မီဒီယာရဲ့တာဝန်နဲ့ ရပ်တည်ချက်မှန်မှာလည်းဖြစ်ပါတယ်။
          ဒါကြောင့်မီဒီယာက ဖွတယ်ဆိုတဲ့စကားလုံးကို ကောင်းတဲ့အဓိပ္ပါယ်နဲ့ ကောက်ယူမယ်ဆိုရင် အများအကျိုးစီးပွားအတွက် ဖွပေးတာလို့ပဲ ဆိုရမှာပါ။
ဒေါက်တာကြည်စိုး ၊ S S C နဲ့ မခိုင်ရွှန်းလဲ့ရည်
          လတ်တလော ဖြစ်ပျက်ခဲ့တဲ့ ဆရာဝန်ရဲ့ ကုသမှု ပေါ့လျော့ခြင်းကြောင့် လူနာအသက်ဆုံးရှုံးရခြင်း အပေါ်မူတည်ပြီး အမြင်အမျိုးမျိုး ထွက်ပေါ်လာတဲ့အနက် အချို့သောသူများက ဆရာဝန်ဘက်ကနေ ကာကွယ်ပြောဆို ရေးသားကြပါတယ်။ သူတို့အမြင်ကိုလည်း ထုတ်ဖေါ်ပြောဆိုခွင့်ရှိပါတယ်။
          မခိုင်ရွှန်းလဲ့ရည် သေဆုံးခဲ့ရမှုမှာ ဆရာဝန် အပြစ်မကင်းဘူးလို့ ထင်မြင်ယူဆတဲ့သူတွေက သူတို့အမြင်ကို ပြောဆိုခွင့် ရှိသလိုပဲ ဒေါက်တာာကြည်စိုးဘက်က ပေါ့လျော့မှု မရှိဘူးလို့ မြင်သူတွေအနေနဲ့လည်း ကိုယ့် နာမည်နဲ့ ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုခွင့်ရှိကြပါတယ်။
          အင်တာနက် အီးမေးလ်ပေါ်မှာ အမည်မဖေါ်ဘဲ ရေးသားတာ မျိုးမဟုတ်ပဲ မီဒီယာနဲ့ တွေ့ဆုံပြီးဖြစ်စေ တင်ပြပြောဆိုခွင့် ရှိပါတယ်။ ဘက်နှစ်ဘက်စလုံးမှာ အမြင်နဲ့ အချက်အလက်တွေကို တင်ပြမှလဲ အဖြစ်အပျက်မှန်က ပေါ်လွင်လာမှာ ဖြစ်ပါတယ်။ သို့သော်ဆုံးဖြတ်ချက်ချရာမှာကတော့ သက်ဆိုင်တဲ့ ဆေးကောင်စီ သော်လည်းကောင်း တရားစီရင်ရေး ကသာဖြစ်ရမှာပါ။ မီဒီယာက အမှားအမှန်ကို စီရင်မယ့် အဖွဲ့အစည်းတခုမဟုတ်ပါဘူး။ မီဒီယာက တိုင်းပြည်မှာ ရှိနေတဲ့ တရားစီရင်ရေး စနစ်သော်လည်းကောင်း၊ စီရင်ဆုံးဖြတ်ခွင့်ရှိတဲ့ အဖွဲ့အစည်းတွေကို ဖြစ်ပျက်တဲ့အဖြစ်အပျက်ကို ဂရုစိုက်လာအောင် နှိုးဆော်ပေးဖို့သာ တာဝန်ရှိတာပါ။
          တနေ့က အငှားယာဉ်မောင်းတဦးက ဆရာဝန်ကြီး ဒေါက်တာကြည်စိုးဟာ သဘောကောင်းသူ၊ ဆေးပညာမှာ တော်သူ၊ လေးစားစရာ ကောင်းသူလို့ ရှုမြင်ပြီး မီဒီယာက ရေးသားမှုကြောင့် ဒုက္ခရောက်သွားရတာလို့ ဆိုပါတယ်။ သူ့လိုပဲ ဆရာဝန်ကြီးနဲ့ နီးစပ်သူအချို့ကလည်း သူတို့ဆရာကို အခုကိစ္စမှာ မီဒီယာက ထိခိုက်ရေးသားကြတယ် လို့ခံစားရပြီး သူတို့နဲ့ သိတဲ့ ရေးသားသူတွေဆီကိုတောင် အီးမေးလ် လှမ်းပို့၊ ဖုန်းလှမ်းဆက်ကြတာလည်း ကြားသိရပါတယ်။ မီဒီယာက ဖွလို့ ဆရာဝန်ကြီးဒုက္ခရောက်ရတယ်လို့ သူတို့ခံစားရသလို အချို့သော ဆရာဝန်တွေကလည်း သူတို့လောကသားချင်း အတူတူမို့လို့ ကာကွယ်ပေးတာ လည်းဖြစ်နိုင်ပါတယ်။
လောကသား အချင်းချင်းကာကွယ်ဖို့လိုသလား
          ဆရာဝန်အချင်းချင်းမို့ကာကွယ်ပေးစရာ လိုသလားလို့မေးစရာ ရှိလာပါတယ်။ အမှန်ကတော့ ကိုယ့်လောကသား ချင်းချင်းဖြစ်ရုံနဲ့တော့ ကာကွယ်ပေးစရာမလိုဘူး လို့ထင်ပါတယ်။ အကယ်၍များ မီဒီယာလောကမှ သူတွေလည်း တစုံတရာ မှားယွင်းစွာ ပြုမှုလို့ တပါးသူနစ်နာခဲ့ရင် ကျန်တဲ့ မီဒီယာသမားတွေက ဖေါ်ထုတ်ရေးသားဖို့ တာဝန်ရှိပါတယ်။ ကိုယ့်လောကသား အချင်းချင်းဆိုတိုင်း ကိုယ့်ဘက်က မှန်တယ်ဆိုပြီး အကာအကွယ် ပေးစရာမလိုပါဘူး။
           S S C အထူးကု ဆေးခန်းမှာ ဖြစ်ပျက်ခဲ့တဲ့ ၁၅နှစ် အရွယ် မခိုင်ရွှန်းလဲ့ရည် သေဆုံးခဲ့ရမှုမှာ ဘယ်သူက အဓိကတာဝန်ရှိသလဲ ဆိုတာကိုသာ အတတ်နိုင်ဆုံး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုနဲ့ စစ်ဆေးပြီး အရေးယူသင့်ကယူ အရေးမယူသင့်ဘူးဆိုရင်လည်း မယူဖို့ပဲ လူတွေက လိုလားခဲ့ကြတာပါ။
          ဒီနေရာမှာ တခုပဲရှိပါတယ်။ ယခင်ကလည်း လူနာတွေ အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရတယ်လို့ ခံစားခဲ့ရတဲ့ ကိစ္စရပ်များစွာကို သက်ဆိုင်တဲ့ မိသားစုအသီးသီးက ခံစားခဲ့ဖူး၊ လူတွေလည်း ကြားခဲ့ဖူးပြီး ဘယ်လိုစစ်ဆေး အရေးယူမှုမျိုးမှ မတွေ့ကြုံခဲ့ရတဲ့အတွက် လူအများက ယခုကိစ္စကို အရင့်အရင် ကိစ္စရ့ပ်အားလုံးကို ကိုယ်စားပြုတဲ့ အဖြစ်အပျက်တခု အဖြစ်နဲ့ မြင်ကြပြီး မခိုင်ရွှန်းလဲ့ရည် သေဆုံးရတဲ့ ကိစ္စကို စုံစမ်းစစ်ဆေး ပေးစေလိုကြတာ ဖြစ်ပါတယ်။
          ဒီကိစ္စရဲ့ နောက်ကွယ်မှာ အရင့်အရင်ကဖြစ်ပျက်ခဲ့ဘူးတဲ့ အဖြစ်အပျက်များစွာ ရပ်တည်နေတဲ့သဘောလည်း ဖြစ်ပါတယ်။
          မြန်မာနိုင်ငံမှာ လူနာတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်လို့ မည်သည့်အခါကမျှ ပြောဆိုခွင့် တင်ပြခွင့်မရခဲ့ကြတာ ကြောင့်ယခုအဖြစ်အပျက်ဟာ စံပြအဖြစ်အပျက် တခုလိုဖြစ်ပြီး အများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရတဲ့ သဘောလည်း ဖြစ်ပါတယ်။
          မီဒီယာနဲ့ ဒေါက်တာကြည်စိုးနဲ့ ယခင်ကလည်း ရန်ငြှိုး ရန်စမရှိခဲ့သလို ယခုကိစ္စမှာလည်း ဒေါက်တာကြည်စိုးကြောင့် မီဒီယာအနေနဲ့ အငြှိုးနဲ့ ရေးသားခြင်းမဟုတ်ပါဘူး။ ယခုလို အဖြစ်အပျက်ကြုံ လာရတဲ့အခါ စုံစမ်းစစ်ဆေးဖို့ ၀ိုင်းဝန်းရေးသား ကြတာသာဖြစ်ပါတယ်။
အစိုးရက နိုင်ငံရေး ရှုထောင့်မှသာ ရှုမြင်ခဲ့
          ယခုကိစ္စမှာ အစိုးရကတော့ လူနာနဲ့ ဆေးကုသတဲ့ ဆေးကုခန်း၊ ဆရာဝန်အကြားဖြစ်ပွားတဲ့ နစ်နာမှုတခု ဆိုတာထက်ကို နိုင်ငံရေး ရှုထောင့်ကနေရှုမြင်ပြီး လူအများစိတ်ဝင်စားနေတဲ့ ကိစ္စ၊ အဆိုပါ ကိစ္စရပ်ကနေ တဆင့်တက်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌါနတို့ရဲ့ တာဝန်ရှိတာတွေ ပေါ့လျော့တာတွေအထိ လူတွေက ဆက်စပ်စဉ်းစားပြီး မျှားဦးလှည့်လာမှာ စိုးရိမ်ပုံရပါတယ်။ ထို့အတူ S S C ဆေးရုံရဲ့ ရှယ်ယာဝင်တွေ ပိုင်ဆိုင်သူတွေရဲ့ အကျိုးစီးပွားကိုကာကွယ်ပေးဖို့ ဆိုတဲ့ ရှုထောင့်ကလည်း သုံးသပ်ခဲ့ပုံရပါတယ်။
          ဒီအတွက်ကြောင့် အဆိုပါကိစ္စကို တပတ် ၁၀ရက်အတွင်း မြန်မြန်ဆန်ဆန် စုံစမ်းစစ်ဆေးခိုင်းပြီး ဆုံးဖြတ်ချက် မြန်မြန်ချကာ လူအများရဲ့ စိတ်ဝင်စားမှု အရှိန်ကျသွားအောင် ကြိုးစားခဲ့ပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်ချပြီးနောက်မှာ မည်သည့် ဂျာနယ်မှာမှ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ထပ်မံရေးသား ဖေါ်ပြခြင်း မပြုဖို့ ပိတ်ပင်လိုက်ပါတယ်။
          မခိုင်ရွှန်းလဲ့ရည် မိသားစုက ဆေးရုံမှ လျော်ကြေး ကျပ်သိန်း ၁ထောင်ရတဲ့ သတင်းတောင်မှ ဖေါ်ပြခွင့် မပြုတော့ပါဘူး။ အဆိုပါ အဖြစ်အပျက်ကို ပြည်ဖုံးကာချလိုက်တဲ့ သဘောလည်းဖြစ်ပါတယ်။
မီဒီယာရဲ့ တာဝန်ထမ်းဆောင်ခွင့် ပြည့်ပြည့်၀၀မရသေး
          မီဒီယာမှာ အထက်ကလို မတရားမှုတွေ နစ်နာမှုတွေ ဖေါ်ထုတ်တင်ပြခွင့် ရပြီလားလို့ အကောင်းမြင်နေခဲ့တဲ့သူတွေရဲ့ ၀မ်းသာမှုတောင် ကြာရှည်မခံလိုက်ပါဘူး။ နစ်နာမှုတွေကို ပြောပေးဖို့ တင်ပြပေးဖို့ အရေးယူဆောင်ရွက်အောင် နှိုးဆော်ပေးဖို့ဟာ စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့ မီဒီယာရဲ့ အရေးကြီးတဲ့ တာဝန်တခုပါ။ ဒီတာဝန်ကို နိုဝင်ဘာလမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်မှာ ခတ္တခဏ ထမ်းဆောင်ခွင့်ရလိုက်တဲ့ သဘောသာရှိပါတယ်။
          နောက်နောင် အဖြစ်အပျက်တွေမှာ ရေးသားဖေါ်ထုတ်ခွင့် ရဖို့မသေချာတော့ပါဘူး။
          ယခုအဖြစ်အပျက် ဖြစ်ပျက်ပြီး မကြာမီမှာပဲ လွန်ခဲ့တဲ့ လပိုင်းအတွင်း ဖြစ်ပျက်ခဲ့တဲ့ နစ်နာမှုတွေ၊ မတရား ခံရတဲ့အဖြစ်အပျက်တွေ ကို ကာယကံ ရှင်မိသားစုတွေ အသိုင်းအ၀ိုင်းတွေက မီဒီယာကို ထုတ်ဖေါ်ပြောဆိုလာပြီး ရေးသားကြဖို့ အကူအညီတောင်းလာပါတယ်။
          မကြာမီလပိုင်းကဖြစ်ခဲ့တဲ့ ဧရာဝတီတိုင်း မြင်းကကုန်းကျေးရွာက မိန်းကလေး ရန်ကုန်အလုံမြို့နယ်မှာ အိမ်ဖေါ်လုပ်ကိုင်နေစဉ် ကျောကို ဓါးနဲ့မွှန်းပြီး ညှင်းဆဲခံရတဲ့ အဖြစ်အပျက်တခုကိုလည်း ပြည်တွင်းဂျာနယ် အနည်းဆုံး ၂စောင်က ရေးသားပြီး စိစစ်ရေးကို တင်ခဲ့ပေမယ့် စိစစ်ရေးက လုံးဝ ဖေါ်ပြခွင့် မပြုခဲ့ပါဘူး။
          ထို့အတူ အခြားသောဆေးကုသပြီး သေဆုံးခဲ့ရမှုတွေလည်း ကျန်ရစ်တဲ့ မိသားစုက အထောက်အထားနဲ့ တကွ မီဒီယာကို လာရောက်ပေးပြီး ဖေါ်ပြပေးဖို့ အကူအညီတောင်းခဲ့ကြပါတယ်။ သို့ပေမယ့်လို့ ကံမကောင်း အကြောင်းမလှစွာပဲ ဖေါ်ပြခွင့်မရကြတော့ လူအများရဲ့ ရှေ့ကိုအဆိုပါ အဖြစ်အပျက်တွေ မရောက်လာ ရတော့ပါဘူး။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts