>How to go around – MoeMaKa Page Guide
>
မိုးမခ ဘာလဲ ဘယ်လဲ
မိုးမခ
ဒီဇင်ဘာ ၂၆၊ ၂၀၀၉
          စာဖတ်သူတော်တော်များများ မေးလေ့ ပြောလေ့ ရှိတာက မိုးမခမှာ ပထမစာမျက်နှာက စာမူတွေကို ဖတ်ပြီးနောက် တချိန်ကျတော့မှ စာမူတချို့ကို ဖတ်ချင်လို့ ပြန်ရှာချင်တဲ့အခါ ဘယ်လို ရှာရမလဲ ဆိုတာ ဖြစ်ပါတယ်။ ဘယ်ကဏ္ဍတွေ ဘယ်ခေါင်းစဉ်ခွဲတွေနဲ့ သိမ်းထားသလဲလို့ မေးကြပါတယ်။ သည်တော့ ဒီဆောင်းပါးကို ရေးပါတယ်။ မိုးမခစာတွေ ဆောင်းပါးတွေ ဘာလဲ ဘယ်လဲပေါ့။
          မိုးမခ၀က်ဆိုက်မှာ စာမူတွေ၊ စာရေးသူတွေကို ဘယ်လို သိမ်းထားသလဲ။ ဘယ်လို ရှာရမလဲဆိုတဲ့ ကိစ္စပါ။ မိုးမခမှာ စာတွေ ဘယ်လိုမျိုး ထိန်းသိမ်း ကက်တလောက်လုပ်ထားသလဲ ဆိုတဲ့ မေးခွန်း။ ဒါတွေကို ဒီနေရာကနေ အဖြေ ပေးနိုင်လိမ့်မယ် ထင်ပါရဲ့။
          မိုးမခ ထိပ်စည်း
          မြင်တဲ့အတိုင်းပါ။ အပေါ်က မိုးမခလိုဂိုကို တင်ထားပါတယ်။ ထုံးစံအတိုင်း။ ဒီဇိုင်းပုံက ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဂူဗိမာန်က ပန်းချီဒီဇိုင်းကို ယူသုံးတာပါ။ သခင်ကိုယ်တော်မှိုင်း ဈာပနအထိမ်းအမှတ်စာအုပ်မှာ ပန်းချီမောင်ညိုဝင်းရဲ့ လက်ရာကို အတုခိုးပြီး ပြန်ဒီဇိုင်းလုပ်ထားတာ ဖြစ်ပါတယ်။ အဲသည်မှာ ပါတဲ့ – စာပေ၊ အမျိုးသားရေး၊ ငြိမ်းချမ်းရေး ဂျိုးငှက်နဲ့ ပြည်သူလူထု ကိုယ်စားပြုတဲ့ သင်္ကေတတွေကို အမြဲတမ်း ခေတ်မီတဲ့ ဂါရ၀နဲ့ မိုးမခခေါင်းစည်းမှာ ဦးထိပ်ပန်ဆင်ထားတာ ဖြစ်ပါတယ်။
          အဲသည်ရဲ့ ထိပ်စီးမှာ စာမူဆောင်းပါးတွေနဲ့ တိုက်ရိုက် မသက်ဆိုင်သော်လည်း မိုးမခနဲ့ ပတ်သက်တဲ့ တင်ဆက်မှုတွေကို လင့်ခ်လုပ်ပေးထားပါတယ်။
          မိုးမခမြန်မာလမ်းညွန် – အင်တာနက်ပေါ်မှာ တွေ့မိသမျှ မြန်မာတွေရဲ့ ၀က်ဆိုက်တွေ၊ စာမျက်နှာတွေနဲ့ လုပ်ငန်းဆောင်တာတွေကို ကဏ္ဍတွေခွဲပြီး စုပေးထားတာ ဖြစ်ပါတယ်။ ပြီးတော့ အဲသည်က လင့်ခ်တွေကို စာဖတ်သူတို့ မျက်စိရှေ့ အမြဲတမ်း ရောက်ရှိနေအောင် အဖွင့်မျက်နှာရဲ့ ဟောဒီ ယာကော်လံဒေါင့်မှာ တခါပေါ်လျင် ၁၀ ခု နှုန်းနဲ့ အပြောင်းအလဲလုပ် တင်ဆက်ပေးနေပါသေးတယ်။ မိုးမခဆီကို စာရေးသားလိုက်ရင် အဲသည်မှာ စာရင်းတို့ပေးပါတယ် ခင်ဗျား။
          မိုးမ ရွာဆော်ကြီး ပြက္ခဒိန် – ပြည်တွင်းပြည်ပက မြန်မာတွေရဲ့ သာရေး၊ နာရေး၊ ဘာသာရေး၊ အမျိုးသားရေးနဲ့ အထွေထွေ ဖိတ်ကြားစာတွေကို အဲသည်ကဏ္ဍမှာ စုပြီး လက်လှမ်းမီသမျှ တင်ဆက်ထားပါတယ်။ ဒါ့အပြင် မိတ်ဆွေတွေရဲ့ လုပ်ငန်းနဲ့ လှုပ်ရှားမှုတွေကိုလည်း စာဖတ်သူတို့ မျက်စိရှေ့ မလွဲအောင် ဒီနေရာမှာ အပြောင်းအလဲလုပ်ပြီး တင်ပေးလေ့ရှိပါတယ်။ ရွာဆော်ကြီးပြက္ခဒိန်ကတော့ မြန်မာမိသားစုတို့ လှုပ်ရှားမှုတွေကို နားစွင့် တင်ဆင်ပေးနိုင်ဖို့ပါ။ အီးမေးလေးနဲ့ လှမ်းတို့လိုက်ရင် မိုးမခရွာဆော်ကြီးက စာရင်းတို့လိုက်တော့တာပဲ လို့ ဆိုပါတယ်။
          မိုးမခ ရေဒီယို – သြစတြေးလျ ဆစ်ဒနီက မိုးမခ၀ိုင်းတော်သား စေတနာဝန်ထမ်း ဦးပန်တျာတို့ အပတ်စဉ်တင်ဆက်နေတဲ့ အင်တာနက်ရေဒီယို အစီအစဉ်တွေကို တစုတစည်းတည်း ဒီနေရာမှာ စုပေးထားတာ ဖြစ်ပါတယ်။ အပတ်စဉ် ရေဒီယိုအပြင် ထူးခြားတဲ့ သီချင်း၊ အသံ အစီအစဉ်တွေကိုလည်း အဲသည်ကနေ တင်ဆက်ပေးပါတယ်။ အသံနောက်လိုက်ချင်သူများ ထိုလင့်ခ်ကို မှတ်ထားရင် လမ်းမပျောက်တော့ဘူးပေါ့။
          မိုးမခ မော်ကွန်းရုပ်သံ – စာမူတွေ အသံတွေအပြင် မိုးမခမှာလည်း ရုပ်သံအစီအစဉ်တွေ အခါအားလျော်စွာ တင်ဆက်လေ့ရှိတော့ အဲသည်အစီအစဉ်တွေကို သွားရောက် ကြည့်ရှုနိုင်ဖို့၊ ပြီးတော့ တစုတစည်းတည်း ရှိနေစေဖို့ အဲသည် ကဏ္ဍကို ထိပ်စီးမှာ တင်ထားတာ ဖြစ်ပါတယ်။ တကယ်တမ်းကတော့ http://www.MoeMaKa.Net ဆိုတဲ့ သီးခြားဝက်ဆိုက်မှာ ရုပ်သံတွေ ထားသော်လည်း သည်နေရာကနေ မှတ်မှတ်သားသား သွားလာနိုင်ဖို့ ထားတာ ဖြစ်ပါတယ်။
          မိုးမခအကြောင်း – မိုးမခကနေ အခါအားလျော်စွာ စာဖတ်သူတို့ကို အခုလိုမျိုး အကြောင်းကြားစရာ၊ ပြန်ကြားစရာများ ရှိခဲ့ရင် သည်နေရာကနေပြီး လှမ်းပြောလေ့ရှိပါတယ်။ အဲသည်မှာ မိုးမခအကြောင်း ပြန်ကြားစာတွေ၊ အသိပေးချက်တွေ၊ ၀ိုင်းတော်သားတွေအကြောင်း စသည်တို့ တစုတစည်းတည်း ထားတဲ့အတွက် ကျနော်တို့အကြောင်း အဲသည်မှာ ရှာနိုင်မှာ ဖြစ်ပါတယ်။
          ဆက်သွယ်ရန် – မိုးမခကို ဆက်သွယ်နိုင်တဲ့ အီးမေးကနေတဆင့် မိုးမခကို လှမ်းပြီး သံချောင်းခေါက်နိုင်တဲ့ နေရာ ဖြစ်ပါတယ်။ ဆက်သွယ်ရမယ့် လိပ်စာတွေကိုလည်း အဲသည်မှာ တွေ့နိုင်ပါတယ်။
          Search Box – အဲသည်မှာ မြန်မာစာဖောင့်နဲ့ ရှာချင်တာ ရှာကြည့်နိုင်ဖို့ ဖြစ်ပါတယ်။ ဂူးဂဲပေါ်မှာ ရှာရတာ အကောင်းဆုံး ဆိုပေမယ့် မိုးမခ၀က်ဆိုက်ထဲက စာမူတွေကို ရှာဖို့အတွက်ကတော့ ဒါကို သုံးနိုင်ပါတယ်။ နောက်အလွယ် ဂူးဂဲကပဲ မိုးမခ၀က်ဆိုက်ထဲက စာတွေ ရှာချင်ရင်တော့ ဂူးဂဲမှာ ရှာချင်တဲ့ စာသားနဲ့အတူ မိုးမခကိုပါ တွဲပြီး ရှာကြည့်နိုင်ပါသေးတယ်။ ဥပမာ – ဒေါ်အောင်ဆန်းစုကြည် moemaka.com  – အဲသလိုမျိုး
          ဒါကတော့ ထိပ်စီးက လင့်ခ်တွေကို ဘယ်လို စီစဉ်ထားသလဲဆိုတာကို ရှင်းပြတာပါ။
          နောက်တခုကတော့ လက်ဝဲဖက်ကော်လံက လင့်ခ်တွေ – ကဏ္ဍတွေ စီစဉ်ထားပုံပဲ ဖြစ်ပါတယ်။
          မာတိကာကတော့ အဖွင့်စာမျက်နှာဆီကို အလွယ်ပြန်သွားနိုင်တဲ့ လင့်ခ်ပါ။ မိုးမခ စာနယ်ဇင်းမှာ အဓိက ကဏ္ဍကြီးတွေအနေနဲ့ မျက်မှောက်ရေးရာ၊ လူမှုရှုခင်း၊ စာပဒေသာ၊ သောင်းပြောင်းထွေလာနဲ့ သမိုင်းနဲ့ အစဉ်အလာ ဆိုပြီး ခွဲပါတယ်။ အဲသည် ခေါင်းစဉ်ကြီးတွေအောက်က ခေါင်းစဉ်ငယ်ကလေးတွေနဲ့ စာမူတွေကို ခွဲခြားပြီး သိမ်းပါတယ်။
          မျက်မှောက်ရေးရာ မှာ အခု မြင်ကြတဲ့အတိုင်း၊ သတင်းဖတ်စာ၊ သတင်းဆောင်းပါး၊ ဓာတ်ပုံသတင်း၊ သူတို့အာဘော်၊ ခွဲခြမ်းစိတ်ဖြာနဲ့ အင်တာဗျုး ကဏ္ဍခွဲများကို သိမ်းထားလေ့ရှိပါတယ်။ သတင်းနဲ့ ပတ်သက်ပြီး အာရုံရှိသူတွေက အဲသည်မှာ သတင်းနဲ့ ပတ်သက်တဲ့ ခေါင်းစဉ်ခွဲတွေကို နှိပ်ပြီး ရှာရုံပဲ ရှိပါတယ်။
          လူမှုရှုခင်း မှာ စာရေးသူတွေရဲ့ လူမှုဘ၀ ခံစားချက်တွေကို ဗဟိုပြုတဲ့ ကဏ္ဍတွေကို စုစည်းထားတာ ဖြစ်ပါတယ်။ အဲသည်မှာ – ပေးစားများ၊ အမှတ်တရများ၊ ရုပ်ပုံလွှာများ၊ ခေတ်ပြိုင်အတွေ့အကြုံ၊ ခရီးသွားဆောင်းပါး၊ ရေခြားမြေခြားမြန်မာများနဲ့ ဆောင်းပါးစုံတို့ကို တွေ့နိုင်ပါတယ်။
          စာပဒေသာ ဆိုတာကတော့ စာပေ ရသ သုတပိုင်း ဆက်နွယ်တာတွေကို အလေးထားတဲ့ နေရာလို့ ဆိုနိုင်ပါတယ်။ အဲသည်မှာ – ကဗျာ၊ အက်ဆေး၊ ၀တ္ထုတို၊ အတွေးအမြင်၊ စာအုပ်စင်၊ ပြန်လည်ဆန်းသစ်ခြင်း၊ ဆောင်းပါးစုံနဲ့ အခန်းဆက်များ ဆိုတာတွေကို သိမ်းထားပါတယ်။
          သောင်းပြောင်းထွေလာကတော့ ထွေထွေရာရာ အခြားဖတ်စရာတွေ စုဖို့ စဉ်းစားထားတာ ဖြစ်ပါတယ်။ အဲသည်မှာ – ကာတွန်းBOX ၊ ဝေဖန်ရေး၊ စာကိုးစကားကိုး၊ အတို့အထိ၊ ကလေးခန်း၊ လောကဓာတ်ခန်း နဲ့ မဂ္ဂဇင်းဂျာနယ် အညွှန်းတွေကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။ အားနည်းချက်တွေက အဲသည်မှာ ရှိပါတယ်။ ကလေးခန်း၊ ဝေဖန်ရေးနဲ့ လောကဓာတ်ခန်းမှာ ပုံမှန်ရေးနိုင်တဲ့သူတွေ မိုးမခမှာ မရှိသေးပါဘူး။
          သမိုင်းနဲ့ အစဉ်အလာ ကတော့ သမိုင်းနဲ့ မှတ်တမ်းတွေ ဖြစ်မယ်ဆိုတာ အထူးပြောစရာ မလိုပါ။ အဲသည်မှာ မှတ်စုမှတ်တမ်း၊ သမိုင်းမှတ်တိုင်များ၊ ယဉ်ကျေးမှုနဲ့ အခန်းဆက်များ ဆိုပြီး ကဏ္ဍများ ခွဲခြားထားခဲ့ပေမယ့် သမိုင်း မှတ်တမ်း ယဉ်ကျေးမှု စတာတွေကို အချိန်ယူပြီး စာမူတွေ မတင်ဆက်နိုင်သေးတာ တွေ့ရပါတယ်။
          ပင်တိုင်များဆိုတဲ့ သီးခြားကဏ္ဍတခုကိုလည်း အဲသည်အောက်မှာ ဆက်လက်တွေ့ရှိရမှာ ဖြစ်ပါတယ်။့  မိုးမခရဲ့ ပင်တိုင်စာရေးဆရာကြီးများဖြစ်တဲ့ တင်မိုး၊ ကြေးမုံဦးသောင်း (အောင်ဗလ)၊ မောင်စွမ်းရည်၊ မောင်သာရ၊ မာမာအေး၊ ၀င်းဖေ၊ ဇာဂနာနဲ့ အောင်ဝေးတို့ရဲ့ စာများကို အဲသည်မှာ စာရေးသူအမည်နဲ့ စီပြီး သိမ်းထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
          မိုးမခအခြားပင်တိုင်များ – ခုနင်က ရှေ့မှာ ပြောခဲ့တဲ့ လက်စမသတ်ရသေးတဲ့ ကဏ္ဍသစ်တခုဖြစ်ပါတယ်။ အဲသည်မှာ မိုးမခမှာ ပုံမှန်စာရေးနေသူတွေကို ကလောင်အမည်နဲ့ စာမူတွေကို စုပေးထားတဲ့ နေရာ ဖြစ်အောင်တည်ဆောက်မှာ ဖြစ်ပါတယ်။ အခု လောလောဆယ် စုထားနိုင်သလောက် စာရေးသူတွေကတော့ – အရှင်ဉာဏိက၊ ဟေမန်သဇင်၊ လောအယ်စိုး၊ ကျော်ကျော်၊ ခိုင်မာကျော်ဇော၊ မန်းဝင်းမောင်၊ မိုးချိုသင်း၊ ဉာဏ်ဦးမောင်၊ စောငို၊ သန်းစိုးလှိုင်၊ သစ်ကောင်းအိမ်၊ ဦးအုန်းကျော်နဲ့ ၀င်းမြတ်တို့ ဖြစ်ပါတယ်။
          တချို့ကလောင်ရှင်အမည်တွေကို အဲသည်မှာ မတွေ့ရင်တော့ အဲသည်စာမူတွေဟာ မိုးမခ၀ိုင်းတော်သားတွေရဲ့ ဘုံပိုင်ကလောင်တွေ ဖြစ်တဲ့အတွက် အဲသည် ပင်တိုင်ကလောင်အဆင့်ကို ရောက်မလာနိုင်ဘူးလို့ မှတ်လိုက်စေချင်ပါတယ်။ ဥပမာ – သာဂိများ၊ အထောက်တော်များ … စသည် စသည်။ စာရေးသူတွေကော စာဖတ်သူတွေကပါ မိုးမခရဲ့ ကလောင်အမည်လိုက် စုစည်းပေးတဲ့ကဏ္ဍမှာ ကျန်သွားတဲ့ လိုသေးတဲ့ စာရေးသူတွေ၊ စာမူတွေကို အကြံပေး ထောက်ပြကြပါဦးလို့ တောင်းပန်လိုက်ပါတယ်။
          အဲသည်ရဲ့နောက်မှာတော့ မိုးမခရဲ့ အခြားဝန်ဆောင်မှု၊ သီးသန့်ကဏ္ဍ နဲ့ အခြားမိုးမခ၀က်ဆိုက်များကို စုပေါင်းပြီး လင့်ခ်တွေ စုပေးထားပါတယ်။
          မိုးမခ၀န်ဆောင်မှုများမှာ ခွဲထားတဲ့ အလုပ်တွေကတော့  – ရွာဆော်ကြီးပြက္ခဒိန် (ရှင်းပြီး)၊ မိုးမခစုတုပြု (အက္ခရာစဉ်အလိုက် တွေ့တာတွေစုဖို့ ထားတာပါ)၊ မိုးမခရုပ်သံဘဏ်တိုက် (မော်ကွန်းရုပ်သံနဲ့ ဆင်တူ)၊ မဂ္ဂဇင်းဂျာနယ်ဒိုင်ဂျက် (ပြည်တွင်းစာစောင်တွေကို လစဉ် စကင်လုပ်ပြီး သိမ်းတဲ့နေရာ)၊ မိုးမခ ဈေးဆိုင် (မိုးမခက ရန်ပုံငွေရှာတဲ့ စာအုပ်စာတမ်း မှတ်တမ်းများ မှာယူနိုင်တဲ့ နေရာ)၊ မိုးမခမှာ ဖုံးခေါ်ပါ (မိုးမခရန်ပုံငွေအတွက် စာဖတ်သူတွေ အားပေးသလောက် ကော်မရှင်ရတဲ့ ဖုံးကဒ်ရောင်းတဲ့ နေရာ)၊ မိုးမခမြန်မာလမ်းညွှန် (ရှင်းပြီး) နဲ့ မိုးမခစာကြည့်တိုက် (အဲသည်မှာ – အင်တာနက်ပေါ်က အီးဘွတ်တွေကိုပါ စာရင်းလုပ်ပြီး စာရေးသူနဲ့ စီပြီးသား ရအောင် ကတ်တလောက် လုပ်နေဆဲ၊ လုပ်အားပေးများ လိုအပ်နေပါကြောင်း) ဆိုပြီး လင့်ခ်များ ခွဲထားပါတယ်။
          မိုးမခအထူးကတော့ – မိုးမခတင်ဆက်ခဲ့သမျှထဲက ထူးခြားတဲ့ အစီအစဉ်တွေ စုစည်းမှုတွေကို ကောက်နုတ်ပြီး တင်ဆက်တဲ့ နေရာ ဖြစ်ပါတယ်။ မြင်တဲ့အတိုင်းပါပဲ။
          အဲသည်ရဲ့ အောက်မှာကတော့ အခြားမိုးမခ၀က်ဆိုက်နေရာများကို လင့်ခ်လုပ်ထားတာ ဖြစ်ပါတယ်။ 
         Other MoeMaKa တွေထဲမှာ –
          Burmese Helping Burmese က မြန်မာပြည်ဒီမိုကရေစီအရေး မြန်မာအချင်းချင်း ယိုင်းပင်းခြင်း ရန်ပုံငွေအစီအစဉ် ဖြစ်ပါတယ်။ MoeMaKa Dot Org က မိုးမခ၀က်ဆိုက်ကို အင်္ဂလိပ်ပိုင်းအစီအစဉ်အဖြစ် ကြိုးစားနေတဲ့ နေရာဖြစ်ပါတယ်။ (လုပ်အားပေး လိုပါတယ်ခင်ဗျ)။ MoeMaKa Dot Net က ဗီဒီယို ရုပ်သံ သိမ်းဆည်းတဲ့ နေရာပါ။ MoeMaKa BlogspotMoeMaKa WordPress တို့က မိုးမခဒေါ့ကွန်ရဲ့ ကိုယ်ပွား ဖရီးဝက်ဆိုက်နေရာများ ဖြစ်ပါတယ်။ ကျော်ကြ ခွကြတဲ့ နေရာမှာ ထိုနေရာတွေကို သွားကြည့်ဖို့ အဆင်ပြေအောင်လို့က တပိုင်း၊ ပြီးတော့ မိုးမခဒေါ့ကွန်ကြီး ထိခိုက်ပျက်စီးခဲ့ရင် ခြေရာလက်ရာလေးတွေ ကျန်ရစ်အောင်ကလည်း တပိုင်းပေါ့။ MoeMaKa Dot Info ကတော့ ယူနီကုတ် ငါးဒဿမတစ်အတွက် ချန်ထားတဲ့နေရာ။ MoeMaKa e Newspaper ကတော့ ယခု ၂၀၀၉ က စတင်ပြီး တင်ဆက်နေတဲ့ မိုးမခနေ့စဉ်သတင်းလွှာရဲ့ ပီဒီအက်ဖ်တွေ သိမ်းထားတဲ့ Scribd ၀က်ဆိုက်လင့်ခ်၊ MoeMaKa Face on the Book ကတော့ မိုးမခမှာ တင်ဆက်သမျှကို ယခုခေတ်စားနေတဲ့ ဆိုရှယ်နက်ဝခ် Facebook မှာ ကော်ပီပွား တင်ပေးတဲ့ နေရာကို ညွန်းတဲ့ နေရာ ဖြစ်ပါတယ်။
          အဲသည်ရဲ့ အောက်ပိုင်းမှာကတော့ မိုးမခရဲ့ ကြော်ငြာတွေ ဖြစ်ပါတယ်။ မိုးမခကို ကူညီဖို့၊ မိုးမခမှာ ဖုံးခေါ်ဖို့၊ မြန်မာအချင်းချင်း ကူညီကြဖို့နဲ့ မိုးမခမှာ ဈေးဝယ်ကြဖို့ ကြော်ငြာတဲ့ ပုံတွေ ဖြစ်ပါတယ်။
          စာဖတ်သူတွေအတွက် အသုံးဝင်တဲ့ အခမဲ့အီးမေးသတင်းလွှာ ရယူနိုင်ဖို့ ပြတင်းတခုကို အဲသည် လက်ဝဲကော်လံအောက်ပိုင်းတနေရာမှာ ဖွင့်ပေးထားပါတယ်။ အင်တာနက်ခက်ခဲပြီး အမြဲတမ်း အလည်မလာနိုင်သူတွေအတွက် မိမိအီးမေးထဲကို မိုးမခက သတင်းတွေကို နေ့စဉ် ပီဒီအက်ဖွဲ့ပြီး ကော်ပီအင်ပေ့စ်လုပ်ပြီး ပို့ဆောင်ပေးတဲ့ ၀န်ဆောင်မှုဖြစ်ပါတယ်။
          အခု တင်ဆက်ပြီးသလောက်ကတော့ လက်ဝဲကော်လံတလျောက်က မိုးမခကဏ္ဍ ခွဲထားသမျှ ဖြစ်ပါတယ်။
          အဲသည်ကနေပြီး လက်ယာဖက်က ကော်လံကို ကြည့်လိုက်မယ်ဆိုရင် – အင်္ဂလိပ်ဘာသာနဲ့  သတင်းခေါင်းစဉ်များ ပြတင်းပေါက်၊ အဲသည်မှာ အချိန်နှင့်အမျှ တက်နေတဲ့ နောက်ဆုံးသတင်းခေါင်းစဉ်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲသည်ရဲ့ အောက်မှာက မိုးမခမှာ ကြော်ငြာပါ ဆိုတဲ့ ပြတင်းပေါက်၊ အဲသည်မှာ မိုးမခက ကြော်ငြာချင်တဲ့ အကြောင်းအရာတွေကို အပြောင်းအလဲလုပ် တင်ဆက်ပေးပါတယ်။ နောက်ဆုံး ပြတင်းပေါက်ကတော့ မိုးမခရဲ့မြန်မာလမ်းညွှန်က စာရင်းတွေကို တခါဖော်ပြလျင် အခု ၂၀ နှုန်းနဲ့ သူတို့ရဲ့ လင့်ခ်နဲ့ လိုဂိုပုံလေးတွေကို တင်ဆက်ပေးနေတဲ့ နေရာ ဖြစ်ပါတယ်။ အချိန်သီးသန့်ပေးစရာမလိုဘဲ မိုးမခကို လာလည်ရင်းနဲ့ အခြားစိတ်ဝင်စားစရာ ၀က်ဆိုက်တွေ၊ အင်တာနက်စာမျက်နှာတွေကို ခလုတ်ဝင်တိုက်သွားနိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
          ကဲ … သည်လောက် ဆိုရင်တော့ မိုးမခအင်တာနက်စာမျက်နှာရဲ့ အခန်းဖွဲ့စည်းပုံတွေကို အကြမ်းအားဖြင့် သဘောပေါက်ပြီး မျက်စိလည် လမ်းမမှားတော့ဘူးလို့ ယူဆရပါတယ်။ မိုးမခချစ်သူတွေ၊ စာဖတ်သူတွေက အကြံဉာဏ်ပေးချင်တာ ပြုပြင်ပြောင်းလဲစေချင်တာလေးတွေကို နားစွင့်ပေးဖို့ အဆင်သင့်ရှိနေပါကြောင်း ပြောကြားလိုက်ပါရစေ။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
Similar Posts