>Moe Kho – Carry on Ei Kyar Kway

>

ဆက်ခွပ်လိုက်ပါ ဆရာကြီးကွေး

မိုးခို
ဒီဇင်ဘာ ၂၅၊ ၂၀၀၉
          ကိုယ့်ဘာသာကိုယ် ကလိထိုးပြီး (တမင်တကာ) မရယ်ရ ရယ်ရအောင် နသားပါယား ဟီးဟီးဟားဟားတွေ ထည့်ရေးနေကြတဲ့ ဒီနေ့ခေတ် (ဟာသလိုင်း) စာရေးဆရာတွေရဲ့ စာရှည်တွေ ဖတ်ရတော့ (သွားလေသူ) ‘ဆရာကြီးကွေး’ ကို ပိုပြီး လွမ်းမိပါသေးတယ်။ သြော် … ‘အသက်နှစ်ထောင်’ နေခဲ့ပြီးပြီမို့ (စာတွေ ကဗျာတွေလည်း ရေးခဲ့၊ စပ်ခဲ့ပြီးပြီမို့) စောစောစီးစီး လူ့ပြည်ကို ကျောခိုင်းရှာတာလား။ ခေတ်ကို သရော်ရင်း သရော်ရင်း (ခေတ်ကြီးက ခေါင်းမာလွန်းတာမို့) ပေယျာလကန် ထားပစ်ခဲ့တာလား။ (ဆရာကြီးကွေးကို လက်တို့ပြီး မေးလို့မရတော့ပါလားနော်)
          ဆရာကြီးကွေးဟာ ရပ်ကွက်ထဲက လူတွေအကြောင်းကိုပဲ တစိုက်မတ်မတ် စာဖွဲ့လေ့ရှိတယ်၊ သူတို့ရဲ့ ဘ၀ကိုပဲ ထင်ဟပ်ဖော်ပြလေ့ရှိတယ်။ သူ့စာတွေထဲမှာ ပြည်သူတွေရဲ့ ဘ၀ကို အမြဲတမ်း တွေ့နိုင်တယ်။ ဖောက်ဖောက်ပြန်ပြန် မရေးဘူး။ မတွေးဘူး။ ‘အသက်နှစ်ထောင် ဆရာကြီး ကွေး’ ရယ်လို့ ကိုယ့်နဖူး ကိုယ် တံဆိပ်ကပ်ပြီး သရော်တယ်၊ ရိတယ်။
          “ကလေးတို့ရေ လာဟေး လာဟေး
           ပြောပြမယ် လောကနယ် အရေး။”
          “ကလေးတို့ရေ ပြန်ဟေး ပြန်ဟေး        
           နောက်လကို မျှော်ငေး မျှော်ငေး” .. ဆိုပြီး ရပ်ကွက်ထဲ လူထုထဲမှာ ဖြစ်နေတာတွေကို လစဉ် လစဉ် ခနဲ့လေ့ရှိတယ်။ ‘ရိ’လေ့ရှိတယ်။ အဲဒီလို ရိ ပေမယ့် သမာသမတ်လည်း ကျတယ်။ ၁၉၇၀ တ၀ိုက်မှာ ဗီယက်နမ်စစ်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ခဲ့တုန်းက ( Jame Fonda တို့ အိမ်ဖြူတော်ရှေ့မှာ ကန့်ကွက် အော်ခဲ့ကြတုန်းကပေါ့) ငြိမ်းချမ်းရေးသင်္ကေတ (Peace) ဒီဇိုင်းအမှတ်အသားဟာ တကမ္ဘာလုံးမှာ ပလူပျံနေခဲ့တယ်။ အဲဒီတုန်းက မြန်မာပြည် ဆရာကြီး ကွေးရဲ့ ရပ်ကွက်ထဲမှာလည်း နေရာတိုင်းမှာ အဲဒီ Peace အမှတ်အသားကို တွေ့ရတာပေါ့၊ အိမ်နံရံတွေမှာလည်း ပိစ်၊ ဓာတ်တိုင်တွေမှာလည်း ပိစ်၊ ကုက္ကိုပင်တွေမှာလည်း ပိစ်၊ ဈေးအိမ်သာမှာလည်း ပိစ်။ ဆရာကြီးကွေးရဲ့ တပည့်ကျော် ‘ဒကာဆိတ်’က ရပ်ကွက် ရေချမ်းစင်က ဒန်ရေအိုးဖုံးကြီးကို ပိစ် ပုံ ထွင်းပြီး လည်ပင်းမှာ အပြားလိုက်ကြီး ဆွဲချလာတော့တယ်။ (မှတ်ကရော)
          ‘ခွပ်လိုက်ကြစို့ သူငယ်ချင်း’ တဲ့။ ဆရာကြီး ကွေး ရေးခဲ့တာတွေကို စုပြီး ၃ အုပ်တောင် အတွဲလိုက် ထုတ်ခဲ့တာလေ။ ကွယ်လွန်သူ ဆရာကြီး ဦးဖေသိန်းရဲ့ ကာတွန်းသရုပ်ဖော်ပုံကလေးနဲ့။ အ၀ါရောင် အဖုံးကလေးနဲ့။ အဲဒီစာအုပ်ကလေးတွေကို တက္ကသိုလ်ကျောင်းဆောင်မှာ နေတုန်းက အမြဲတမ်း ဖတ်ပြီး တခွိခွိ ရယ်ခဲ့တာတွေကို အခု ပြန်လွမ်းမိပါသေးရဲ့။ ဗမာတပြည်လုံးဆိုင်ရာ ဖားညီလာခံကြီးကို သာကေတကွင်းမှာလား ဥက္ကလာပ ကွင်းမှာလား မသိဘူး၊ ကျင်းပကြတော့ ဖားပြုတ်ကဌ ကြီးက (ဖားဥက္ကဋ္ဌကြီးက) – “အခုလောလောဆယ် ဖားအပေါင်း ကြုံတွေ့နေရတဲ့ ပြဿနာကြီးက လူတွေဟာ စားစရာ မရှိတော့လို့ ဖားတွေကို လိုက်ပြီး ရိုက်သတ်စားတာတွေ များလာနေတဲ့အကြောင်း၊ အဲဒါကို အကာအကွယ်ပေးဖို့ အဆိုတင်သွင်းပါကြောင်း” .. စသဖြင့် ရယ်စရာ လုပ်ပြီး သရော်ထားတာကိုလည်း တပိုင်းတစ မှတ်မိနေပါသေးရဲ့။ (သြော် .. နှစ် ၃၀ မက ရှိပါပေါ့လား)
          ဆရာကြီးကွေးရဲ့ နာရေးသတင်းမှာ သူ့ရဲ့အိမ်ကို ဇာတိ ဓနုဖြူမြို့က ကျိုက္ကလွန်ဗွန်း ဘုရားကို လှူဒါန်းသွားခဲ့တယ်ဆိုပဲ။ စာအုပ်တွေရော ရောင်းတဲ့ထဲ ပါသွားပြီလား။ (ဆရာကြီးကွေးရဲ့ ဘော်ဒါ ဆိုက္ကားဆရာ စာကလေးကို အမွေအဖြစ် ပေးသနားခဲ့ပြီလား။) အခုမှ ချဉ်ခြင်းတပ် ဖတ်ချင်နေမိပြန်တယ်။ (နေနှင့်ဦး မြန်မာပြည်ရောက်မှ အဟောင်းဆိုင်တွေမှာ မွှေလိုက်ဦးမယ်။)
          နောက်ပြီး သင်္ကြန်သံချပ်တွေ ခေတ်စားခဲ့တဲ့ ကာလမှာလည်း ဆရာကြီး ကွေးဟာ တကယ့် သံချပ်ဘုရင်ကြီးပါပဲ။ ခေတ်ပေါ်သီချင်းတွေကို စာသားဖျက်ပြီး ဟာသမြောက်အောင် ကလိနိုင်တာလည်း ဆရာကြီး ကွေးပါ။ (၀ါးလုံးကွဲ ရယ်ရတာတွေပါသလို) တစိမ့်စိမ့် တွေးပြီး ပြုံးရုံသာ ပြုံးနိုင်တဲ့ အဖွဲ့အနွဲ့တွေကို ပြူးခနဲ ပြဲခနဲ တွေ့ရတယ်။ ဆရာကြီး ကွေး ပေးတဲ့ နာမည်တွေကိုလည်း ကြည့်ဦးလေ။ ဘယ်လောက် ‘စေတနာ’ တွေ ပါသလဲ။
          ‘ဘာ ခုမှ ကြောက်ပါပြီလဲ’ တဲ့။
          ‘အစက ဒို့ မပြောလား’ တဲ့။ လူထုထဲမှာ ‘ပေါက်’သွားတဲ့ ခေါင်းစီးတွေလေ။ အခန်းဆက်/ လစဉ် ရေးခဲ့တဲ့ကဏ္ဍတွေလေ။ ဘယ်မဂ္ဂဇင်း ဖြစ်ဖြစ် ဆရာကြီး ကွေးရဲ့ စာကို အရင်ရှာပြီး ဖတ်မိတာပဲ။ အခု နတ်အကြောင်းရေးတဲ့ စာအုပ်အမည်က ‘နတ်ရူးတို့ ကြောင်နိုင်ပေ’ တဲ့။
          မဖတ်ရသေးဘူး။ မြန်မာပြည်က စာအုပ်တွေ ပို့ပေးနေတဲ့ အဒေါ်က အဲဒီစာအုပ်ကိုတော့ ‘မပို့ရေးချ မပို့’ တဲ့ (သူက နတ်ကတော်လေ)။ ဘာတွေ ရေးထားပါလိမ့် ဖတ်ကြည့်ချင်လိုက်တာ။ အဲဒီစာအုပ် လက်ဝယ်ရှိရင် ကျေးဇူးပြုပြီး ခဏငှားကြပါ။ (ဆက်ဆက် ပြန်ပေးပါ့မယ်။ ဘုရားစူး။) သွပ် သွပ် သွပ်။
          “Satire ခေါ်တဲ့ သရော်စာဟာ ဟာသပညာ(Humour) ရဲ့ ခက်မတစ်ခု ဖြစ်တယ်။ ပိုပြီး အဆင့်အတန်း မြင့်တယ်” (တချို့ပညာရှင်တွေက ပြောကြတယ်) ဆိုတာလည်း မှတ်သားထားဖူးတယ်။ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်က သရော်စာအကြောင်း ရေးထားတာကို ဖောက်သည်ချရဦးမယ် ဆိုရင် ..
          “လူ့လောကထဲမှာ လူတွေဟာ နွံအညစ်၊ ဒိုက်သရော၊ မှော်တွေထဲမှာ နစ်မွန်းနေကြတာတွေ ဖြစ်ပါတယ်” တဲ့။ “အဲဒီလူတွေကို သရော်ချင်၊ ရယ်သွမ်းသွေးချင်တဲ့ စာရေးဆရာဟာ သူကိုယ်တိုင် အဲဒီ နွံအညစ်၊ ဒိုက်သရော၊ မှော်တွေထဲက ရုန်းထွက်ပြီး သူတို့အထက်က ပဒုမ္မာကြာပန်းလို မိုးပြီး ပွင့်နေနိုင်ရပါလိမ့်မယ်။ ဒါမှသာ သရော်စာ ပီပီပြင်ပြင် ထွက်လာပါလိမ့်မယ်” တဲ့။
          တမလွန်ဘ၀က ဆရာကြီး ကွေးရေ .. ရောက်တဲ့ ဘုံဌာန ဘ၀မှာ ပဒုမ္မာကြာပန်းလို မိုးပြီး ဆက်လက် ပွင့်နေနိုင်ပါစေ။ ။
          (ဆရာ ကြည်စိုးထွန်း၊ ဂျက် (ကွမ်းခြံကုန်း)၊ အဏ္ဏ၀ါစိုးမိုး တို့ခင်ဗျား … သရော်စာတွေ လုပ်ပါဦးဗျ။ ဤကား စကားချပ်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts