>SPDC allows Daw Suui to meet ailing party elders

>

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် ခေါင်းဆောင် ၃ ဦး တွေ့ခွင့် ရမည်
AP သတင်းဌာန
ဒီဇင်ဘာ ၁၅၊ ၂ဝဝ၉


အာဏာပိုင်တို့က အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူ၏ နိုင်ငံရေးပါတီမှ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော ခေါင်းဆောင် ၃ ဦးနှင့် တွေ့ဆုံခွင့် ပြုမည်ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ဗုဒ္ဓဟူးနေ့တွင် အစိုးရက ရွေးချယ်မည့် နေရာတွင် တွေ့ခွင့်ပြုမည်ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။ ဦးဉာဏ်ဝင်းသည်ဒေါ်စု၏ ရှေ့နေလည်း ဖြစ်သည်။

ဒေါ်စုသည် ယနေ့ နေ့လယ်ပိုင်းက ရှေ့နေ ၄ ဦးကို ၂ နာရီကြာ တွေ့ဆုံခဲ့သည်။

နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဒေါ်စုက ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာတစောင် ရေးသားပေးပို့ပြီး ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် ရလိုကြောင်း မေတ္တာရပ်ခံခဲ့သည်။ ကျန်ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံလိုသည်ဟု ဆိုသည်။ နိုင်ငံအကျိုးအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တွေ့လိုကြောင်း ပြောခဲ့သည်။

ပါတီခေါင်းဆောင် ၃ ဦးနှင့် တွေ့ခွင့်ရမည်ဖြစ်ကြောင်း သို့သော်လည်း ဒေါ်စု တောင်းဆိုထားသကဲ့သို့ ၎င်းတို့၏အိမ်များတွင် တွေ့ရမည် မဟုတ်ကြောင်း စသည်တို့ကို အစိုးရ၏ ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်က ဒေါ်စုကို သတင်းပေးခဲ့သည်ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။

ရဲချုပ်ခင်ရီကလည်း ဒေါ်စု နှင့် ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေတို့ထံ သွားရောက်ပြီး တွေ့ဆုံရန် စီစဉ်ခဲ့သည်ဟု ဦးဉာဏ်ဝင်းက ဖြည့်စွက် ပြောပြသည်။

ဒေါ်စုသည် ၉၁ နှစ်ရှိပြီဖြစ်သော ဦးအောင်ရွှေ၊ ၈၆ နှစ်အရွယ် ဦးလွင်၊ ၈၈ နှစ် အရွယ် ဦးလွန်းတင်တို့နှင့် တွေ့ရမည် ဖြစ်သည်။ ဦးလွင်က ကျောရိုးဆိုင်ရာ ရောဂါဝေဒနာ ခံစားနေရသည်ဟု ဆိုသည်။

“အစိုးရက သူတောင်းဆိုထားတဲ့ အချက် ၃ ချက်ကို လိုက်လျောမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယူဆနေပါတယ်။ အကောင်း မြင်ပါတယ်။ သူက ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွပါပဲ။ ကျန်းမာရေး ကောင်းပါတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါ်စု၏ ရှေ့နေ ၄ ဦးသည် လာမည့် တနင်္လာနေ့တွင် တရားရုံးချုပ်သို့ သွားရောက်ပြီး ဒေါ်စု၏ အမှုအတွက် အရေးဆိုမည် ဖြစ်သည်။

ဒေါ်စုသည် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ၁၄ နှစ်ကြာ ထိန်းသိမ်းခံထားရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts