>Catch me if you can

>

ကိုတွန်ရေ … ပြေး … ပြေး …
ကျော်ကျော်
ဒီဇင်ဘာ ၁၄၊ ၂ဝဝ၉ ကိုတွန် ( ဓာတ်ပုံများ – AP )


ဝါရှင်တန်ပြည်နယ် ကမားနိုကျွန်း (Camano Island) ကို လာလည်ကြသူတွေ မိုးပေါ်ကိုမော့ရင်း ခေါင်းပြောင်လင်းယုန်ငှက်တွေကို တွေ့ရမလားလို့ ရှာကြည့်ပါတယ်။ ဒါပေမဲ့ လင်းယုန်ငှက်ကို မတွေ့ဘဲ ကောင်းကင်မှာ ဝဲနေတဲ့ ရဲတပ်ဖွဲ့က ဟယ်လီကော့ပတာကိုပဲ တွေ့ရပါတယ်။ ဘာလို့လဲ ဆိုတော့ ကမားနိုရဲ့ သစ်တောအုပ်ထဲမှာ ရဲတွေက ကိုတွန်ဟယ်ရီစ်မိုး (Colton Harris Moore) ခေါ်တဲ့ အသက် ၁၈ နှစ်အရွယ် ဝရမ်းပြေး တောပုန်းလေးကို ရှာဖွေနေကြတာပါ။

အသက် ၈ နှစ်က စပြီး စက်ဘီးခိုးမှုနဲ့ ကိုတွန်ရဲ့ နာမည်ဟာ ရဲတွေရဲ့ မှတ်တမ်းမှာ ပါခဲ့ပြီး ယနေ့အထိ ဝါရှင်တန်၊ အိုင်ဒဟို၊ ကနေဒါ တို့မှာ ကိုတွန်ဟာ ခိုးမှုပေါင်း ၁ဝဝ ခန့်နဲ့ ပတ်သက်နေတယ်လို့ သိရပါတယ်။ ကိုတွန်ဟာ စက်ဘီးကနေ ကား၊ ပြီးတော့ မော်တော်ဘုတ်၊ နောက်ဆုံး လေယာဉ်ပျံအငယ် ၃ စီးကိုတောင် ခိုးယူခဲ့ပြီး သူက လေယာဉ်တောင် မမောင်းတတ်ဘူးလို့ ဆိုပါတယ်။

အရပ် ၆ ပေ ၅ လက်မ ရှိတဲ့ ကိုတွန်ဟာ အမေရိက အနောက်မြောက်ပိုင်းဒေသမှာ နာမည်ကျော် လူသိများနေပြီး “ပျံပါ ကိုတွန် ပျံပါ” လို့ဆိုတဲ့ စာတမ်းပါ တီရှပ်ဟာ ဆီးယက်တယ်မြို့(Seattle) မှာ သာမက အင်တာနက်ပေါ်မှာ အလွန် ရောင်းကောင်းနေပါတယ်လို့ ဆိုပါတယ်။ ကိုတွန်ရဲ့ချစ်သူများ ဖေ့စ်ဘုတ် facebook မှာ အဖွဲ့ဝင်ပေါင်း ၈ ထောင် ရှိပါတယ်။ အခုလို စီးပွားရေး အကြပ်အတည်း ကာလမှာ ဆင်းရဲတဲ့ လူငယ်လေးတယောက်က ကမားနိုကျွန်းပေါ်မှာ ဆောက်ထားတဲ့ မီလျံနာ သူဌေးတွေရဲ့ အိမ်တွေမှာ ဝင်ရောက် ခိုးယူတာဟာ မလွန်ပါဘူးလို့ ကိုတွန်ကို ထောက်ခံတဲ့ လူတွေက မြင်ကြပါတယ်။ တကယ်တော့ ကိုတွန်က သာမန် လူနေအိမ်မှာလည်း ခိုးယူလေ့ရှိပါတယ်။

ကိုတွန်ရဲ့ ဘဝနောက်ကြောင်းက အလွန် ကြမ်းတမ်းခဲ့ပါတယ်။ သူ့ရဲ့ အဖေဟာ မိသားစု ငြင်းခုံမှု တခုမှာ ကိုတွန်ကို လည်ပင်းညစ် နှိပ်စက်ခဲ့ပြီး အိမ်က ထွက်ခဲ့ပါတယ်။ ကိုတွန်ဟာ အမေဖြစ်သူနဲ့ သစ်တောထဲက အလွယ်တကူ ရွှေ့ပြောင်းနိုင်တဲ့ အိမ်ကလေးတခုမှာ နေထိုင် ကြီးပြင်းခဲ့ပါတယ်။ ဒါကြောင့် ကိုတွန်ဟာ ပိုက်ဆံကြောင့် မဟုတ်ဘဲ ငယ်စဉ်ကလေးဘဝက မရခဲ့တဲ့ ပျော်ရွှင်မှုကို ခံစားလိုစိတ်ကြောင့် ခိုးယူတာ ဖြစ်တယ်လို့ တချို့က ယူဆပါတယ်။ ရဲတွေရဲ့ အဆိုအရ ကိုတွန်ဟာ မကြာခဏ အိမ်တအိမ်ကို ခိုးဝင်ပြီး ရေနွေးကန်မှာ သွားစိမ်တယ်၊ သို့မဟုတ် ရေခဲသေတ္တာထဲက ရေခဲမုန့်ကို ခိုးစားတတ်တယ်။ တောထဲမှာ နေထိုင် ရှင်သန်နိုင်ဖို့အတွက် လိုအပ်တဲ့ ဟာကိုပဲ ကိုတွန်က ခိုးယူတယ်လို့ အစပိုင်းက ထင်ကြပါတယ်။ တခါက ကိုတွန်ဟာ အိမ်တအိမ်က ကွန်ပျူတာနဲ့ ခရက်ဒစ်ကတ်ကို ခိုးယူသုံးပြီး ဝက်ဝံရန် ကာကွယ်တဲ့ ကိရိယာတွေနဲ့ ဒေါ်လာ ၆ ထောင်ကျော် ပေးရတဲ့ ညဘက်ကြည့် မှန်ပြောင်းကို ဝယ်ယူခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ကိုတွန်ရဲ့ခိုးမှုတွေ တဖြည်းဖြည်း ကြီးမားလာပါတယ်။ အင်တာနက်ကနေ လေယာဉ်မောင်းနည်း စာအုပ် ဝယ်ခဲ့တယ်။ အဲဒီနောက် ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလမှာ ကိုယ်ပိုင် လေယာဉ်တစီးကို ခိုးယူကာ မိုင် ၃ဝဝ လောက်အကွာမှာ ဆင်းချခဲ့ပါတယ်။ နောက်ထပ် လေယာဉ် ၂ စီးကိုလည်း ခိုးယူခဲ့တယ်လို့ ယူဆရတယ်။ လေယာဉ်အားလုံး ပျက်စီးသွားပါတယ်။ ကံကောင်းစွာပဲ ကိုတွန်က ဘာဒဏ်ရာမရဘဲ ရှောင်ထွက်နိုင်ခဲ့ပါတယ်။

ဒါဆို ကိုတွန်တယောက် အခု ဘယ်မှာပုန်းအောင်းနေသလဲ … ?

မကြာခင်ကပဲ အခိုးခံရပြီး ပြန်သိမ်းမိတဲ့ မာစီးဒီးကားတစီးထဲက ကင်မရာတလုံးမှာ ကိုတွန် ကိုယ်တိုင် တောထဲတနေရာမှာ ရိုက်ထားတဲ့ သူ့ရဲ့ ဓာတ်ပုံတပုံကို တွေ့ပါတယ်။ အဲဒီကစပြီး ရဲတွေ ကိုတွန်ကို အပူတပြင်း ရှာဖွေနေပါတော့တယ်။ တကြိမ်က ကိုတွန်အမေရဲ့ အိမ်ကလေးမှာ ရဲတွေက ဖမ်းမိဖို့ သီသီလေးမှာပဲ ကိုတွန်က ထွက်ပြေး လွတ်မြောက်သွားပါတယ်။ အိမ်ထဲမှာ ချန်ခဲ့တဲ့ စာတစောင်မှာ “ရဲတွေက ကျနော်နဲ့ ကစားချင်နေတာလား? ဒါဆိုရင် ဒီပွဲက သေးသေးလေး မဟုတ်ဘူး၊ ဒီပွဲက စစ်ပွဲပဲ! သူတို့ကို ပြောလိုက်ပါ” ကိုတွန်က ရေးထားပါတယ်။ မကြာခဏဆိုသလို ရဲတွေက ကိုတွန်ကို ဖမ်းမိခါနီးလေးမှာ ကိုတွန်က လွတ်မြောက် ပျောက်ကွယ်သွားပါတယ်။

ရဲတွေရဲ့ပြောချက်အရ အိမ်က လွတ်ပြေးသွားတဲ့နောက်မှာ ကိုတွန်က ရဲတယောက်ရဲ့ ကားကို ဖောက်ထွင်းပြီး သေနတ်တလက်ကိုလည်း ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။ အခုဆိုရင် ရဲတွေက ကိုတွန်ကို လက်နက်ကိုင်ဆောင်ပြီး အန္တာရာယ်လည်း ရှိတဲ့သူအဖြစ် သတ်မှတ်ထားကြပါတယ်။ “ကိုတွန်ရဲ့ လုပ်ရပ်ကို ရပ်ရင် ရပ်၊ သို့မဟုတ်ရင် သူက ရာဇဝတ်သမားတယောက်ဘဝ နဲ့ နောက်ဆုံး သေလိမ့်မယ်” လို့ ကျွန်းမှာနေထိုင်သူ ဂျက်ဂန်တာက ပြောပါတယ်။

ဒါပေမဲ့ ဒီသတင်းတွေဟာ ကိုတွန်ကို ပိုမိုကျော်ကြားစေခဲ့တယ်။ ထောက်ခံသူများက ကိုတွန်ကို သူရဲကောင်းသဖွယ် သတ်မှတ်ကြပါတယ်။ သူ့ကို နှစ်သက်ထောက်ခံတဲ့ လူငယ်တွေကြားမှာ ကိုတွန်ကို “ခြေဗလာသူခိုး” the Barefoot Burglar လို့ ခေါ်ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တခါတုံးက ရဲတွေ တောထဲမှာ ပြေးလွှားပြီး ကိုတွန်ကို လိုက်ဖမ်းတုန်းက ရဲတွေလက်က လွတ်အောင် ကိုတွန်က ဖိနပ်ကို ကန်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

“လွန်ခဲ့တဲ့လက ညတခုမှာ အရပ်မြင့်မြင့် လူငယ်တယောက် လမ်းမပေါ်မှာ ပြေးနေတာကို ကျမ တွေ့တယ်။ သူက ဖိနပ်လည်း မစီးထားဘူး၊ ပြီးတော့ ရယ်ပြနေတယ်။ အဲဒီလူက ကိုတွန်ဖြစ်ရင် သိပ်ကောင်းမှာပဲလို့ ကျမ တွေးမိသေးတယ်” လို့ ကိုတွန်ရဲ့ ပရိသတ် တဦး ဖြစ်တဲ့ Viking စားသောက်ဆိုင်က ဆေးမင်ကြောင်ထိုး စားပွဲထိုးမလေးက ပြောပြသွားပါတယ်။


(၂ဝဝ၉ ဒီဇင်ဘာ ၂၁ ရက်စွဲနဲ့ ထုတ်ဝေတဲ့ တိုင်းမ်မဂ္ဂဇင်းကို ကိုးကားပါတယ်။)



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts