>Gov offices using all budget

>

၂ဝ၁ဝမှာ ဘတ်ဂျက်အပိုအလိုမရှိအောင် အစိုးရဌာနများသုံးစွဲနေ
ဝင်းမြတ်၊ ရန်ကုန်
ဒီဇင်ဘာ ၇၊ ၂ဝဝ၉


၂ဝ၁ဝ ဘတ်ဂျက်နှစ် စာရင်းပိတ်သည့် အခါ အစိုးရဌာနများအတွင်း ဘတ်ဂျက်အပိုအလို မရှိစေရန်ဟု ဆိုကာ ယခုလအတွင်း ကျန်ရှိသည့် အသုံးစရိတ်များကို ကုန်အောင် သုံးစွဲနေကြရသည်ဟု သိရသည်။

အသုံးပြုရန် မလိုအပ်သေးသော်လည်း ဘတ်ဂျက်ငွေများ ကုန်အောင် ရုံးတွင်းသုံး ပစ္စည်းများ ဖြစ်သည့် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ၊ စာရေးကိရိယာများ၊ စားပွဲကုလားထိုင်များစသည်မှစ၍ ရုံးကားများ ဝယ်ယူခြင်း၊ ရုံး အတွင်း အပြင်ဆေးသုတ်ခြင်း စသဖြင့် ဘတ်ဂျက်ငွေ ကုန်အောင် သုံးနေကြသည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှ အရာထမ်းတစ်ဦးက ပြောသည်။

` အသုံးလိုတာ မလိုတာထက် ငွေကုန်သွားအောင်သာ လှိမ့်ပြီး ဝယ်ရတော့တာပေါ့။ ကွန်ပျူတာတွေ ဝယ်တယ်၊ ဌာနမှာ တကယ်တမ်း အဲဒီလောက မလိုသေးသလို အဲဒီ ကွန်ပျူတာတွေကို ကျွမ်းကျင်အောင် သုံးတတ်တဲ့ ဝန်ထမ်းတွေလည်း အလုံအလောက် မရှိသေးဘူး´ လို့ အဆိုပါ အရာထမ်းက ပြောပြသည်။

မည်သည့်အတွက်ကြောင့် ဘတ်ဂျက် အပိုအလို မရှိစေရန် ဆောင်ရွက်ရခြင်းကိုမူ အကြောင်းရင်း သေချာမသိရဟု ဆိုသည်။

ဤကဲ့သို့ပစ္စည်းများ ဝယ်ယူခြင်းနှင့် ရုံးကိစ္စများကို အချိန်တိုတွင်း ဆောင်ရွက်ရသောကြောင့် အရာရှိကြီးများနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူများ အမြတ်ငွေအဆမတန် ရရှိကြသည်ဟု သိရသည်။

ပို့ဆောင်ရေးဝန်ကြီးနှင့် နီးစပ်သည့် အရာရှိတစ်ဦးက ကွန်ပျူတာနှင့်အပိုပစ္စည်း ရောင်းဝယ်သည့် ဆိုင်တစ်ဆိုင် ဖွင့်ထားပြီး ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာများ အားလုံးအတွက် လိုအပ်သည့် ကွန်ပျူတာနှင့် ဆက်စပ်သည့် ပစ္စည်းများကို ၎င်းဆိုင်မှပင် ဝယ်ယူစေသည်ဟုဆိုသည်။

`လက်ပ်တော့ တစ်လုံးကို ၁၂ သိန်းဝန်းကျင်နဲ့ အထက်တွေ ချည်းပဲ။ အပြင်ဆိုင်တွေမှာ အဲဒီလောက် မရှိပေမယ့် ဝန်ကြီးဝိတ်နဲ့ ဆိုတော့ ဌာနတွေက သူ့ဆီက ပစ္စည်းတွေ ဈေးကြီးမှန်းသိသိနဲ့ ဝယ်ကြရတယ်´ ဟု ပို့ဆောင်ရေးမှ အရာထမ်းက ပြောသည်။

၎င်းနည်းတူပင် ရုံးအဆောက်အဦများ ဆေးသုတ်ခြင်း လုပ်ငန်းများကိုလည်း အရာရှိကြီးများနှင့် နီးစပ်သည့် ကန်ထရိုက်များကိုသာ ဆောင်ရွက်စေပြီး အဆောက်အအုံ အကြီးအသေးပေါ် မူတည်ပြီး သိန်း ရာဂဏန်းချီ ကုန်ကျစရိတ် ရှိသည်ဟု သိရသည်။

ပြင်ပမှ ကန်ထရိုက်ရသူများကလည်း ချိတ်ဆက်ပေးသည့် အရာရှိကြီးများအတွက် လာဘ်ငွေအဖြစ် အမှန်တကယ် ကုန်ကျစရိတ်ထက် အနည်းဆုံး ၄ဝ% ခန့် ပို၍ တင်ပြလေ့ရှိသည် ဟု ဆိုသည်။

ဤကဲ့သို့ အချိန်တိုအတွင်း အသုံးစားရိတ်ပမာဏ အများအပြားကို သုံးစွဲနေခြင်းသည် အရာရှိကြီးများ သူဌေးဖြစ်အောင်သာ ဖန်တီးနေခြင်းဖြစ်ကြောင်း အချို့သောဝန်ထမ်းများက ဝေဖန်ပြောဆိုကြသည်။

ပြီးခဲ့သည့် သြဂုတ်လမှ စတင်ပြီး အစိုးရပိုင်မြေကွက်၊ စက်ရုံ၊ တိုက်ခန်းများကို ချိတ်ပိတ်တင်ဒါခေါ်ယူ ရောင်းချခြင်း၊ သိမ်းဆည်းထားသည့် လိုင်စင်မဲ့ကားများကို လေလံတင် ရောင်းချခြင်း၊ သိမ်းဆည်း စက်လှေများကို လေလံတင်ရောင်းချခြင်း တို့ကိုဆက်တိုက်ပြုလုပ်လျက် ရှိသည်ကိုတွေ့ရသည်။

ထို့အတူ ယခုလို ဝန်ကြီးဌာနများ၏ လက်ကျန် ဘတ်ဂျက်ကို ကုန်စင်အောင် သုံးစွဲခဲ့ခြင်းသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်ရှိ လုပ်ပိုင်ခွင့်ရှိသူများကို အခွင့်အရေး တရပ်ပေးခြင်းလားဟု လေ့လာ အကဲခတ်သူ တချို့ကသုံးသပ်ကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts