>Ko Lote Shu – Aye Lwin in the offensive

>

ဦးသုမင်္ဂလတရား၊ မျိုးကြီး သီချင်းနဲ့ အေးလွင်အူသံ
မိုးမခသို့ ပေးစာများ၊ ကိုလုပ်ရှူ
နိုဝင်ဘာ ၁၆၊ ၂၀၀၉
စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက်ရပ်ကွက်၊ ဦးညိုလမ်းတွင် NlD ပါတီခွဲထွက်** ဖောက်ပြန်ရေးသမား အေးလွင် ၎င်း၏ ပါတီအတွက် စည်းရုံးရေးဆင်းခဲ့ကြောင်း ၊ကျနော်တို့ ရပ်ကွက်မှာလာလုပ်တာ တချို့ က ဘာမှန်း မသိကြဘူးဗျ။ ခွပ်ဒေါင်းတံဆိပ် ရင်ထိုးတွေနဲ့ အဲဒီ အိမ်ကိုဝင်သွားကြတယ်။ ပြီး ခဏလည်း ကြာရော အဲဒီအိမ်မှာရှိတဲ့ စပီကာနှစ်လုံးကို အိမ်ရှေ့ဝရန်တာမှာ ထုတ်ပြီး သူတို့ အခမ်းအနား အစီအစဉ်တွေကို ပြောတယ်။ အဲဒီအိမ်ထဲမှာ စမ်းချောင်းမြို့နယ်က ရဲနှစ်ယောက်လဲ ရှိနေတယ်။
          အဓိကပြောတာတွေကို အေးလွင်ကပဲ ပြောတယ်။ ပြီးတော့ သူပြောတဲ့အထဲမှာတော့ ဒီပါတီ ဖွဲ့စည်းတာ စစ်တပ်ကို တိုက်ခိုက်ဖို့မဟုတ်ဘူးလို့လဲ ပြောတယ်။ ပြီးတော့ စီးပွားရေးပိတ်ဆို့တာကို ပြည်သူက လက်မခံဘူးလို့လဲ ပြောတယ်။ အဲဒီဟာကို ဗိုလ်ချုပ်အောင်ဆန်းသမီးလဲဖြစ် နိုဘယ်ဆုရှင်လဲဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးပိတ်ဆို့တဲဘက်က ရပ်တည်နေတာ အံ့သြဖို့ ကောင်းတယ်လို့ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မကောင်းကြောင်းတွေ အပုတ်ချတယ်။

ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံရမယ်လို့လဲ ပြောတယ်။ ဒီရွေးကောက်ပွဲပြီးရင် လွတ်လပ်ခွင့်တွေ ရမယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ ရမယ်၊  ပြောရေးဆိုခွင့်တွေ ရမယ်ဆိုပြီး စည်းရုံးပါတယ်။
လမ်းပေါ်တက် ဆန္ဒပြလို့ ဒီမိုကရေစီ မရပါဘူး ဆိုပြီးတော့လဲ စစ်အစိုးရ အာဘော်အတိုင်း ပြောပါတယ်။ နောက်ဆုံးမှာတော့ ဒီမိုကရေစီရရှိရေး ဒို့အရေးမဟုတ်ဘူး … တဲ့။  အရပ်သားအစိုးရ ပေါ်ပေါက်ရေး ဒို့အရေးပဲ လို့ ဟစ်ကြွေးပြီး အခမ်းအနားကို ရုတ်သိမ်းသွားတယ်ဗျ။
အဲဒီအိမ်ကလဲ အေးလွင်ရဲ့ ပါတီဝင်တွေပဲ ဗျ။ သူတို့က တရပ်ကွက်လုံးလိုလိုနဲ့ မတည့်ဘူးဗျ။
အဲဒီအချိန် အဲဒီရပ်ကွက်က လူတချို့ ပြောနေတာတွေနဲ့ ပြုမူနေတဲ့ ပုံလေးတွေ ကတော့…
အိမ်တအိမ်က မျိုးကြီးရဲ့ “နားနားပြီး ပြော” သီချင်းကို အကျယ်ကြီး ဖွင့်ပြီး တိုက်ခိုက်တယ်ဗျ။
ခဏနေတော့ အဲဒီအိမ်ကပဲ ဆရာတော်ဥူးသုမင်္ဂလရဲ့ တရားကို စပီကာနဲ့ အကျယ်ကြီး ဖွင့်တယ်ဗျ။
တရပ်ကွက်လုံးက အဲဒီအိမ်ကိုထောက်ခံ အားပေးကြပါတယ်။
ပြီးတော့ တခြားလူတွေကတော့ ရပ်ကွက်ကို ခဏနေရင် ရေးဆေးမယ်၊ ရေအလှူ ထည့်ချင်တဲ့လူတွေ လာခဲ့လို့ ပြောကြပါတယ်။
သူတို့စည်းရုံးရေးကတော့ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံ ဖို့ပါ။
ဒီလိုဖောက်ပြန်ရေးသမားတွေက ဒီလိုပြောလာတော့ တစ်ခုတော့ ကောင်းသွားပါတယ်။  အဲဒီရပ်ကွက်က လူတွေ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရမယ်ဆိုတဲ့ အသိတခု ရသွားပါတယ်။
           (မိုးမခ စာကြွင်း – စာကို အပြည့်အစုံအတိုင်း အတတ်နိုင်ဆုံး ပြန်လည် ဖော်ပြပါတယ်။ သို့သော် စာထဲမှာပါတဲ့ လိပ်စာအတိအကျ၊ နံမယ်တွေကိုတော့ ဖြုတ်ချ ထားခဲ့ပါတယ်။ မိုးမခက သူရေးတဲ့စာအတိုင်း ပြန်ပြီး တိုက်ဆိုင်ဖို့ အခြေအနေ မရှိတဲ့အတွက် သူပြောချင်တဲ့ အာဘော်နဲ့ အတွေ့အကြုံကိုပဲ ဦးစားပေးပြီး တင်လိုက်ရတာပါ။
** နောက်တခုကတော့ သူရေးထားသလို ကိုအေးလွင်က အင်န်အယ်ဒီပါတီ ခွဲထွက် မဟုတ်ပါ။ သူက အင်န်အယ်ဒီပါတီဝင်တဦး မဟုတ်ခဲ့ပါ။ အရေးအခင်းပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲအတွက် ပြည်သူ့အရေးတော်ပုံပါတီ ကို ကျောင်းသားလူငယ်တွေနဲ့ ထောင်ခဲ့ဖူးပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်မရပါဘူး။ နောက် ၁၉၉၀ နောက်ပိုင်းမှာ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့ဖက် ရောက်သွားပြီးတော့ အဲသည်ကိစ္စတွေထဲက တခုနဲ့ အမှုအခင်းဖြစ်ပြီး ထောင်ကျခဲ့ပါတယ်။ ယခု သူထူထောင်ထားတာက ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ (မြန်မာနိုင်ငံ) ဖြစ်ပါတယ်။ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ် စသည့် ကျောင်းသားခေါင်းဆောင်များရဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ဆိုတာနဲ့ မည်သို့မျှ သက်ဆိုင်ခြင်း မရှိပါ
နောက်တခုကတော့ ပေးစာအနေနဲ့ပဲ ပြန်လည် ဖော်ပြလိုက်ရတာကတော့ သတင်းအနေနဲ့ ပြန်ရေးရရင် အခုလိုမျိုး ပရိသတ်ရဲ့ အသံနဲ့ ခံစားချက်တွေကို သရုပ်ဖော်နိုင်မှာ မဟုတ်လို့ပါ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts