>
ဘန်ကောက်ခရီး
ဘန်ကောက်မှာ စိတ်ညစ်စရာတခုကောင်းတာက ကားလမ်းတွေပိတ်ဆို့မှုပဲ ဖြစ်ပါတယ်။ ကျနော်တို့မိသားစုက ကလေးတွေနဲ့ စုစုပေါင်း ၇ ယောက်ဆိုတော့ ဘယ်သွားသွား ဘစ်ကားစီးဖို့က အဆင်မပြေဘူး။ တက်စီကိုပဲ အားကိုးရတယ်၊ တက်စီပေါ်တက်လိုက်ရင်ပဲ မီတာက ဘတ် ၃၃ နဲ့ စ ပါတယ်။ အနီးအနား(Skytrain ၃ ဘူတာလောက် အကွာအဝေး) ကို တက်စီခ ဘတ် ၆၀ – ၇၀ ခန့် ကုန်ကျပါတယ်။ စူကွန်ဗစ်(Sukumvit) လမ်းမတလျှောက် ကားအမြဲလိုလို ပိတ်ဆို့တတ်ပါတယ်။ ၁၅ မိနစ်လောက်ပဲ ကြာမဲ့ခရီးဟာ နာရီဝက်ကြာတတ်တယ်။ တက်စီကားသမားတွေကလည်း လမ်းပိတ်တတ်တဲ့နေရာဆို သိပ်မလိုက်ချင်ကြဘူး။ အဲဒီလိုနေရာတွေ သွားတယ်ဆိုရင်လည်း သူတို့က မီတာကိုမသုံးတော့ပဲ ဈေးပိုခေါ်ကြတယ်၊ ကိုယ်ကလည်း ဈေးဆစ်ရတာပေါ့။
တိုးရစ်တွေက Tok Tok လို့ခေါ်တဲ့ သုံးဘီးကားကို စီးရတာ သဘောကျတယ်။ တုတ်တုတ်က ကိုယ်ထည်သေးတော့ ဟိုကြားတိုး ဒီကြားကွေ့နဲ့ တက်စီထက်တော့ ခရီးပိုတွင်တယ်။ နေ့ခင်းပိုင်းက ပူတော့ ညပိုင်းစီးတာက ပိုကောင်းပါတယ်။ တယောက်တည်းဆိုရင် မော်တော်ဆိုင်ကယ်နဲ့သွားရင် ပိုမြန်ပါတယ်။ လမ်းတွေ ဘယ်လောက်ပိတ်ပိတ် မတုန်မလှုပ်ဖြစ်နေတဲ့ ကားတွေကြားထဲ ဆိုင်ကယ်သမားတွေက မြွေလိမ်မြွေကောက်မောင်းပြီး ထိပ်ဆုံးကပဲ ပြေးနေကြတယ်လေ။
ကျနော့်ရဲ့အကြိုက် ခရီးသွားနည်းတခုကတော့ မော်တော်ဘုတ်စီးတာပါ။ ကျနော်တည်းတဲ့ စူကွန်ဗစ်လမ်းသွယ် ၁ ရဲ့ အဆုံးမှာ ချောင်းကလေးတခုရှိပါတယ်။ အဲဒီချောင်းထဲမှာ ခရီးသည်တင် မော်တော်ဘုတ်တွေ အထက်အောက် ပြေးဆွဲပါတယ်။ လမ်းသွယ် ၁ က သင်္ဘောမှတ်တိုင်က Nana လို့ခေါ်တယ်။ အဲဒီကနေ ကျနော်တို့ အမြဲ ဈေးဝယ်သွားနေကျ Big C market ကို မော်တော်ခ ဘတ် ၁၀ ပဲကျပါတယ်။
ထိုင်းနိုင်ငံမှာ ကျနော်သဘောကျတာ တခုက ဆဲလ်ဖုန်းကို လွယ်ကူစွာ ဈေးပေါပေါနဲ့ ၀ယ်ယူသုံးစွဲနိုင်တာပါပဲ။ ဘယ်သူမဆို နိုင်ငံခြားဧည့်သည်တွေပါ ဆဲလ်ဖုန်းတလုံး ကောက်ဝယ်လို့ ရပါတယ်။ အမေရိကန်မှာလို စာချုပ်မလို၊ plan ရွေးစရာမလို၊ ခရက်ဒစ်သမိုင်း စစ်စရာမလိုပါဘူး။ ထိုင်းမှာတော့ ဘတ် ၁၀၀၀ (ဒေါ်လာ ၃၀) နဲ့ ဆဲလ်ဖုန်းတလုံး ဆင်းကဒ်အပါ ရော့အင့်ပေးပြီး ၀ယ်လိုက်ရုံပါပဲ။ လိုသလောက်မိနစ် ထပ်ဖြည့်ဖို့ 7 Eleven ဆိုင်တွေမှာ ဖုန်းကဒ်ကို လွယ်ကူစွာ ၀ယ်ယူနိုင်ပါတယ်။ ဆဲလ်ဖုန်းဆိုင် အမြောက်အများကို တနေရာတည်းမှာ စိတ်ကြိုက်ရွေးဝယ်ချင်တယ်ဆိုရင် MBK ရှော့ပင်းစင်တာရဲ့ ၃ ထပ်မှာ ရှိပါတယ်။