>Tin Aung Myint Oo vs. Than Shwe’s grandson

>

ဗိုလ်ချုပ်မှူးကြီး မြေးကြောင့် ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး စစ်ရာထူးမှ နှုတ်ထွက်ဟုဆို
မိုးမခအထောက်တော် အမှတ် ၀၀၂၊ ၂
နိုဝင်ဘာ ၁၂၊ ၂၀၀၉ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး

စစ်ခေါင်းဆောင် တဦး မကြာသေးမီက စစ်ဘက် ရာထူးမှ နှုတ်ထွက်လိုက်ခြင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့်နှင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ဖြစ်မည်ဟူသည့် ခန့်မှန်းချက်များ ထွက်ပေါ်နေကြောင်း ဧရာဝတီမဂ္ဂဇင်းတွင် ယနေ့ ရေးသားထားသည်။

နှုတ်ထွက်သွားသူမှာ အစိုးရအဖွဲ့ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး ဖြစ်ပြီး စစ်ထောက်ချုပ် ရာထူးမှ အနားယူလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပဋိပက္ခကြောင့် စစ်ဘက်ရာထူးမှ တိတ်တဆိတ် အနားယူလိုက်သော်လည်း အတွင်းရေးမှူး (၁) ဟူသည့် အစိုးရ အဖွဲ့ဝင် ရာထူးကို ဆက်လက် ယူထားသည်ဟု ဆိုသည်။

ပဋိပက္ခမှာ စက်တင်ဘာလဆန်းပိုင်းက အစပြုခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာလက ဗိုလ်ချုပ် တင်အောင်မြင့်ဦး၏သား ပိုင်ဆိုင်သည့် ရန်ကုန်မြို့တော်၊ ဗဟန်းမြို့နယ်ရှိ ကော်ဖီဆိုင် တဆိုင်သည် မှန်များ ရိုက်ခွဲ ဖျက်ဆီးခံခဲ့ရကြောင်း၊ ထိုသို့ ဖျက်ဆီးမိန့် ပေးခဲ့သူမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး ဖိုးလပြည့် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ဆိုင်သည် ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ ချင်းချောင်းနန်းတော် ရှေ့ရှိ ယဉ်ကျေးမှု ၀န်ကြီးဌာနပိုင် မြေတွင် တည်ရှိခဲ့ပြီး Seven Corners ကော်ဖီဆိုင် ဟု အမည်ရခဲ့သည်။

ဆိုင်ကို ဖျက်ဆီးစဉ် “နိုင်ငံတော် အတွင်းရေးမှူး တာဝန် ယူထားတဲ့သူတွေရဲ့ သားသမီးတွေက ဒီလို နိုင်ငံတော်ပိုင် မြေပေါ်မှာ စီးပွားရေး လုပ်စားရသလား” ဟုပါ ပြောဆိုရန် ဗိုလ်ချုပ်မှူးကြီး၏ မြေးဖြစ်သူက ညွှန်ကြားခဲ့သည်ဟု သိရသည်။

ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး နှုတ်ထွက်သဖြင့် လစ်လပ်သွားသော စစ်ထောက်ချုပ် နေရာသို့ ရောက်လာသူမှာ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ (ကာကွယ်ရေးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး) ဖြစ်သည်ဟု ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts