>Burmese Black Market Exchage Rate plunged

>

မြန်မာငွေ ဒေါ်လာလဲလှယ်ရာမှာ ကျပ်ငွေတန်ဖိုးတက်
မိုးမခ အထောက်တော် (ရန်ကုန်)
                                      နိုဝင်ဘာ ၆၊ ၂၀၀၉

၅ထောင်တန် ထုတ်မည်ဟု ကြေငြာချက် ထွက်ပေါ်ပြီးနောက်ပိုင်း မြန်မာကျပ်ငွေနဲ့ ဒေါ်လာလဲလှယ်နှုန်းသည် တဒေါ်လာလျင် ၁၀၆၀ မှ ၁၀၈၀ ကျပ်ဝန်းကျင် သီတင်းပတ်နှင့် ချီရှိနေရာမှ ယမန်နေ့က ငွေလဲနှုန်းတွင် အနိမ့်ဆုံး အဖြစ် တဒေါ်လာ ၁၀၂၀ ကျပ်အထိ ကျဆင်းသွားခဲ့သည်။ မည်သည့် အကြောင်းကြောင့် ယခုလို မြန်မာကျပ်ငွေ တန်ဖိုးတက်သွားခဲ့ရသည်ကို ရှင်းလင်းစွာ မသိရှိရသေးပေ။
          ယမန်နေ့က အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ၀န်ကြီးဖြစ်သူ ကတ်ထ ကမ်းဘဲလ် မြန်မာနိုင်ငံသို့ လာရောက်ခြင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံများနှင့် တွေ့ဆုံခြင်းတို့ ကြောင့် နိုင်ငံရေး အကောင်းမြင်မှုကြောင့် ဒေါ်လာလဲနှုန်းကို ဂယက်ရိုက်ခတ်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟုလည်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ကိုင်သူ တဦးက ဆိုသည်။
          နိုင်ငံခြားငွေ လဲလှယ်သူ တဦးကမူ စီးပွားရေး အလုပ်အကိုင်မကောင်းခြင်းသည် မြန်မာငွေတန်ဖိုးတက်ခြင်းအကြောင်း တရပ်ဖြစ်နိုင်သည်ဟု ကောက်ချက်ချသည်။
မြန်မာကျပ်ငွေ တန်ဖိုး တက်လာခြင်း တနည်းအားဖြင့် ဒေါ်လာနှင့်လဲလှယ်ရာတွင် ဒေါ်လာတန်ဖိုးကျခြင်းကို ဖြစ်ပေါ်စေနိုင်သည့် အချက်များတွင် နယ်စပ်ကုန်သွယ်ရေး၊ ပြည်တွင်း သွင်းကုန် စီးပွားရေးတို့တွင် နိုင်ငံခြားငွေ လိုအပ်မှု နည်းခြင်း၊ ကျောက်မျက် ရောင်းချရခြင်းကြောင့် ဒေါ်လာရောင်းအား များလာခြင်းနှင့် အခြား နိုင်ငံရေး အကြောင်းအချက်များကြောင့် ဖြစ်ပေါ်လေ့ရှိပြီး ယခုရက်ပိုင်း တန်ဖိုးတက်လာခြင်းမှာမူ မည်သည့် အကြောင်းအချက်ကြောင့် ဆိုသည်ကို ရှင်းလင်းစွာ မသိရသေးပေ။
          မြန်မာငွေတန်ဖိုးတက် သည့်အဖြစ်သည် သွင်းကုန်ပစ္စည်းများ ဈေးနှုန်းကျစေနိုင်သော်လည်း ပြည်ပပို့ကုန် လုပ်ကိုင်သူများအတွက်မူ ပို့ကုန်အပေါ် ပြန်လည်ရရှိသည့် တန်ဖိုး ကျဆင်းမည့် အတွက် နှစ်သက်ဖွယ် အခြေအနေမဟုတ်သည်ကို တွေ့ရသည်။
          မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင်ခွင့် ရှိသူ၊ အဖွဲ့အစည်း ကုမ္ပဏီ များအနေဖြင့် နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နှင့် မြန်မာ့စီးပွားရင်းနှီးမြှပ်နှံမှုဘဏ်(MICB) တို့မှ အပအခြား ဘဏ်များနှင့် လုပ်ကိုင်ခွင့်မရှိသော်လည်း ပြင်ပမှောင်ခိုဈေးကွက် တွင်တွင်ကျယ်စွာ ရောင်းဝယ်လုပ်ကိုင်လျက်ရှိသည် ကိုတွေ့ရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts