>Kyaw Thu 50 Birthday Art Show to his close friends

>

ကျော်သူ ၅၀ နှစ်မြောက် မွေးနေ့ ကျင်းပ
မိုးယံမခ
ရန်ကုန်၊ နိုဝင်ဘာ၊ ၂ ၂၀၀၉
ရုပ်ရှင်သရုပ်ဆောင်၊ နာရေးကူညီမှုအသင်း ဦးစီးဆောင်ရွက်နေသူ၊ ၂၀၀၇ စက်တင်ဘာ သံဃာာ့အရေးအခင်းတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သူ ကျော်သူရဲ့ ၅၀ နှစ် မြောက် မွေးနေ့ကို နိုဝင်ဘာ၊ ၂ ရက် နံက်ပိုင်းက ရန်ကုန်မြို့ ၇ မိုင်၊ ပြည်သူ့လမ်းသွယ်၊ အမှတ် ၂၄ Fရှိ သူ၏နေအိမ်မှာ ကျင်းပခဲ့ပါတယ်။
မွေးနေ့ပွဲ ကို စာပေ အနုပညာအသိုင်းအ၀ိုင်းမှ မိတ်ဆွေများ ၁၅၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။ မွေးနေ့အခမ်းအနားမှာ သူကိုယ်တိုင်ရိုက်ကူးထားတဲ့ ဓာတ်ပုံများ၊ သူရေးဆွဲထားတဲ့ ပန်းချီကားများ ချိတ်ဆွဲပြီး ပြသထားပါတယ်။ ဓာတ်ပုံအများစုကတော့ ဘုရားကျောင်းကန် သဘာဝရှုခင်းများ၊ နာဂစ်မြင်ကွင်းများနဲ့ သံဃာတော်များရဲ့ ပုံရိပ်များ ဖြစ်ကြပါတယ်။
သူ့ပန်းချီကားတွေကတော့ ဖြတ်သန်းနေရဆဲ ခေတ်ကာလရဲ့ ရောင်ပြန်ဟပ်မှုတွေလို့ ဆိုရမှာပါ။ ထွက်ရပ်လမ်းဆိုတဲ့ ပန်းချီကားမှာ ခရောင်းလမ်းကို ဖြတ်သန်းနေရတဲ့ သံဃာတော်တစ်ပါးရဲ့ပုံကို နောက်ဖက်ကရေးဆွဲထား တဲ့ မြင်ကွင်းကို တွေ့ရမှာပါ။ အဲဒီပန်းချီကားရဲ့အောက်မှာ စုတ်ပြဲပြီး သွေးစွန်း နေတဲ့ သင်္ကန်းစပေါ်က ဆူးခက်တွေဟာလည်း ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ ကျဆုံးခဲ့ကြတဲ့ သံဃာတော်တွေကို အမှတ်ရစေပါတယ်။ ပန်းချီကားတိုင်းလိုလိုဟာ နာကျင်မှုတွေကနေ ပေါက်ကွဲလွင့်စင်လာတဲ့ အော်သံအပိုင်းအစတွေလို့ ဆိုနိုင်ပါတယ်။
မွေးနေ့ပွဲတက်ရောက်လာကြသူတွေကို ကိုကျော်သူနဲ့ မရွှေဇီးကွက်တို့ဇနီးမောင်နှံက မြန်မာ့ရိုးရာအစားအစာတွေဖြစ်တဲ့ မုန့်စိမ်းပေါင်း၊ ကောက်ညှင်းပေါင်း၊ အကြော်စုံနဲ့ ရေနွေးကြမ်း၊ ကော်ဖီတို့နဲ့ တနေကုန် ဧည့်ခံခဲ့ကြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts